ကျွန်တော်နှင့် ဒါရိုက်တာယင်

         
          သင်္ကြန်ပြီးနောက် နှစ်ရက်မြောက်သောနေ့သည် ကျွန်တော့်အတွက်တော့ သာမန် သမားရိုးကျနေ့ တစ်နေ့သာဖြစ် သည်။ သမားရိုးကျနေ့ကိုသမားရိုးကျဆန်စွာ ကျွန်တော်ဖြတ်သန်းလိုက်သည်။
          ညဆယ်နာရီထိုးကာနီးအချိန်မှာတော့ ညစာရင်းစစ်မှူးအဖြစ် တာဝန်ထမ်းဆောင်ရာပုဂ္ဂလိကဟိုတယ်တစ်ခု၏ ဂိတ်ဝကိုဖြတ်ကာဝင်လာခဲ့လိုက်သည်။ နေ့ခင်းပိုင်းတွင် နေပူပြင်းခဲ့သော်လည်းယခုအချိန်မှာတော့ လေအေးများတိုက်နေ၍ နေသာထိုင်သာရှိသည်။ အင်းတစ်ဝက်ကိုမြေဖို့ကာဆောက်ထားသည့် ဟိုတယ်ကြီးဖြစ်သည်။ ထို့ကြောင့် အင်းရေပြင်ကို ဖြတ်ကာ တိုက်ခတ်လာ သည့် လေတို့သည် ပို၍ အေးမြနေသယောင် ထင်ရသည်။
            မာကျူရီမီးများလင်းနေသည့် ဟိုတယ်ဝင်းအတွင်းရှိကွန်ကရစ်ခင်းလမ်းမတလျောက် တည်ငြိမ်အေးဆေးစွာ(ဆိုလို သည်ကအလုပ်ဝင်စအချိန်များလိုတက်ကြွပေါ့ပါးလွန်းသည့် ခြေလှမ်းများမဟုတ်၊ ဂျူတီဝင်ရမည်ကို ငြီးငွေ့ကာလျှောက် လာသည့် လေးတွဲ့ပျင်းရိသည့် ခြေလှမ်းများမဟုတ်)လျှောက်ခဲ့လိုက်သည်။ ဌာနရောက်သည့်အခါမှာတော့ ညစာရင်းစစ်မှူး၏ တာဝန်တို့ စတင်လည်ပတ်ပြီဖြစ်သည်။ ညနေခင်းတာဝန်ကျသူတို့ အချိန်မစေ့သေးသဖြင့် မပြန်ရသေး မီပင် တယ်လီဖုန်းက မြည်လာသည်။
          “ ဟုတ်ကဲ့ဗျ… အခန်းချန်ထားတာရှိပါတယ်၊ ရောက်ပြီလားခင်ဗျ…”
          ဟော်တယ်ဝင်းပေါက်မှ ဝေ့လာသည့် ကားမီးရောင်ကြောင့် ဖုန်းဆက်နေသည့် ဧည့်သည်ရောက်လာပြီဖြစ်ကြောင်းသိလိုက်ရသည်။
          “ မင်္ဂလာပါ… အညာသားလေးနာမည်နဲ့ ရီဇတ်လုပ်ထားတာထင်တယ်…”
လော့ဘီထဲသို့ဝင်လာသည့် ဧည့်သည်နှစ်ယောက်ကို နှုတ်ဆက်ရင်းမေးလိုက်တော့ ၎င်းတို့ကအပြုံးနှင့် ခေါင်းညိတ်သည်။ စုစုပေါင်းတည်းမည့်သူ (၆)ယောက်၏ မှတ်ပုံတင်များကိုတောင်းနေစဉ် ၎င်းတို့နှစ်ဦးကောင်တာရှေ့ရပ်နေရာမှ ဘေးဘက်သို့ဖယ်ပေးလိုက်သည်ကိုတွေ့လိုက်ရသည်။ ရုတ်တရက်မို့ မမြင်ရ၍ ကောင်တာအတွင်းမှ ရှေ့သို့အားစိုက် ငုံ့ကြည့်လိုက်သည်။ ရီဆက်ရှင်ကောင်တာသည် အရပ်ငါးပေလေးလက်မရှိသည့် ကျွန်တော့်ရင်ခေါင်းလောက်ဖြစ်သည်။ အောက်တစ်ဆင့်တွင် ကွန်ပျူတာများ၊ စာအုပ်များတင်ရန် နောက်တစ်ဆင့်ရှိသည်။ ကလေးပါလာလျှင် ကွယ်နေသည်ကများသည်။ ဧည်သည်၏ ကလေးတစ်ဦးဦးဖြစ်မည်။ ဟိုတယ်သို့ရောက်လာသည့် ဧည့်သည်ကိုဗွီအိုင်ပီဟုယူဆမည်ဆိုပါက ၎င်းဧည့်သည်၏ ကလေးသည် ဗွီဗွီအိုင်ပီ ဖြစ်သည်။ ထို့ကြောင့် အရေးတယူနှုတ်ဆက်ရန်အတွက် ရှေ့သို့ငုံ့ကြည့်လိုက်ခြင်းဖြစ်သည်။
          “ အမငိ…”
          ရုတ်တရက်ဖြစ်၍ ကျွန်တော်လန့်သွားသည်။ မကျွမ်းကျင်သည့် အာလူသင်သမားမှ အတုံးလိုက်၊ အတစ်လိုက် အခွံခွာထားသည့်ရုပ်မျိုးကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ရုပ်ရှင်ထဲတွင် သရုပ်ဆောင်နေကျ လူပုကလေးနှင့် မည်သူကပိုချောသည်ကို ကျွန်တော်ဝေခွဲမရ ဖြစ်သွားသည်။ အရပ်ကတော့ အကယ်ဒမီဗေလုဝထက် ပုမည်ဟုယူဆရသည်။
          “ ဒီမှာခြောက်ယောက်လုံးအတွက် မှတ်ပုံတင် မပေးနိုင်ဘူး၊ ငါ့ကတ်တစ်ခုပေးမယ်၊ ဒါဆိုရင် ဖြစ်လား…”
          သူကရီဆက်ရှင်သို့အရင်ရောက်လာသည့်သူ (သူ့တပည့်ဟုယူဆရသည့်သူ) လွယ်အိတ်ထဲမှ ကတ်တစ်ခုကိုထုတ်ကာမမှီမကမ်းပေးသည်။ ဟောင်းနွမ်းနေသည့် ကတ်တစ်ခုဖြစ်သည်။ ကျွန်တော် ဂရုတစိုက်ယူ၍ ဖတ်လိုက်သည်။ ယဉ်လှသူ၊ ယဉ်မြဖြူ အလှပြုပြင်ရေး။ ဟိုက်…။
          “ အစ်ကိုကြီးဒါကတော့…”
သူလည်းကတ်မှားပြီးပေးလိုက်မိသည်ကိုသိသွားသည်။ နောက်တစ်ကတ် ထပ်ပေးသည်။ ဖတ်ကြည့်သည် ယပ်တောင်လုပ်ငန်းကတ်။ နောက်ဆုံးတစ်ကတ်ကိုတော့ သူသေချာဖတ်ပြီးပေးသည်။ ကတ်ကစာတချို့က ပျက်နေသည်။ သို့သော် ဖတ်၍တော့ရသေးသည်။ မြန်နိုင်ငံရှင်အစည်းအရုံးဆိုပါလား။ သိလိုက်ပြီ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက။ သူ့ရုပ်ကိုသေချာထပ်ကြည့်သည်။ မင်းသားများလား။ မဖြစ်နိုင်။ အရံဟာသသရုပ်ဆောင်ထဲကလား။ ဟိုတယ်သို့ မကြာခဏလာဖူးသူလား။ အမြန်ဆုံးစဉ်းစားကြည့်သည်။ တစ်ခါမှ မတည်းဖူးတာသေချာသည်။ ဧည့်သည်ထံမှ မှတ်ပုံတင်ကတ်တစ်ခုခုပါမှ လက်ခံရန် ညွှန်ကြားထားသော်လည်းအဖွဲ့လိုက်ဆိုလျှင် မပါသည့် တစ်ယောက်၊ နှစ်ယောက်ကို ဖြည့်ခိုင်းပြီးလက်ခံရန် ဟိုတယ်အုပ်ချုပ်သူများမှ မှာကြားထားသည်။ ကတ်တစ်ကတ်နှင့် လူခြောက်ယောက်အတွက်တော့ မဖြစ်နိုင်ဟုဆုံးဖြတ်ကာ…
          “ အစ်ကိုကြီးနောက်ထပ် ကတ်လေးတွေ…”
          “ ဟိတ်ကောင် ငါ့ကတ်နဲ့တင် မရဘူးလား၊ ငါ့ကိုဘာကောင်မှတ်နေလဲ…”
          “ ဘာကောင်လဲ…အဲလေဘာလဲဟင်…”
          ကျွန်တော်လည်းကိုယ်တစ်ခါမျှ မမြင်ဖူး၊ မကြားဖူးသည့် ဆယ်လီကိုရှေ့တွင်အရှင်လတ်လတ်တွေ့နေရသည့်တိုင်အားမနာနိုင်ဘဲမေးလိုက်မိသည်။
          “ ဒါရိုက်တာကွ…ဒါရိုက်တာ၊ ငါ့နာမည် ဒါရိုက်တာရင်…”
ဂျူတီအချိန်မစေ့သေးသဖြင့် မပြန်ရသေးသည့် ရွှေအိထံမှ ခွိခနဲရယ်သံကို ကြားလိုက်ရသည်။ ထိုသူကရွှေအိကိုမျက်စောင်းထိုး၍ ကြည့်လိုက်သည်။
“ ကျွန်တော်တို့ ကွန်ပျူတာထဲကိုစာရင်းသွင်းပြီးတာနဲ့ ပြန်ပေးမှာပါ၊ မကြာပါဘူးခင်ဗျ၊ ဧည့်စာရင်းတိုင်တော့ အချက်အလက်လေးတွေ ပြည့်စုံစေချင်လို့ပါ …”
“ ဟိတ်ကောင် မင်းငါ့ကိုဘာမှတ်နေလို့တုန်း၊ အကုန်လုံးအတွက် မပေးဘူးကွာ၊ ငါက
ဒါရိုက်တာကွ၊ နယ်လှည့်ရိုက်လာတဲ့ကောင်၊ နာမည် မသိရင် မှတ်ထားလိုက်ဦး၊ ဒါရိုက်တာယင်၊ ယပက်လက်ရေး ငါ့သတ်ယင်…”
ထိုအခါမှ ဒါရိုက်တာရင် အဖြစ်နားကြားလွဲနေသည့် ကျွန်တော်တို့ ဒါရိုက်တာယင်မှန်းသိကြရတော့သည်။ ရွှေအိမှ ကြားဝင်ပေးသည်။
“ မဟုတ်ပါဘူးရှင် သမီးတို့က…”
“ နောက်တစ်ကဒ် ထပ်ပေးတာကိုမရဘူးလား၊ မရရင် အုံနာဆီကိုဖုန်းဆက်တယ်ကွာ၊ ဖုန်းဆက်လိုက်ရမလား၊ ဖုန်းဆက်လိုက်ရမလား…”
ဒါရိုက်တာယင်ကားဒေါသတကြီးဖြင့် ရေရွတ်ရင်းသူတပည့် လွယ်အိတ်ထဲမှ ဖုန်းဆိုသောအရာကိုထုတ်လိုက်သည်။ ကျောက်သင်ပုန်းကွဲကြီးထွက်လာသည်။ ဗေဒင်ဆရာဇာတ်ဝင်ခန်းရိုက်မလို့ထင်ပါရဲ့။ ခုခေတ်ဗေဒင်ဆရာတွေ ကျောက်သင်ပုန်းမသုံးတော့တာသူမသိဘူး။ မူလတန်းကလေးတွေတောင် ဗလာစာအုပ်နဲ့ ဖြစ်နေပြီဟာကို။ ကိစ္စတော့မရှိ။ ဒါရိုက်တာသီဟတင်စိုးတောင် ဂျပန်ကိုတော်လှန်တုန်းမဟုတ်လား။
ဒါရိုက်တာယင်ကထွက်လာသည့် ကျောက်သင်ပုန်းပဲ့ကြီးကိုဒေါသတကြီး ပြန်ထည့်သည်။ နောက်ဖုန်းပြားကြီးကိုထုတ်
 ကာ  လော်ဘီထဲတွင် တောင်မြောက်လျှောက်ရင်းဖုန်းဆက်နေသည်။ အဆိုတော်တစ်ဦးထံသို့ အခြားအကြောင်းအရာတစ်ခုကိုဆက်နေကြောင်းခပ်တိုးတိုးပြောနေသည့်တိုင် ကြားလိုက်မိသည်။
ကျွန်တော် သူ့တပည့်ဟုယူဆရသူ နှစ်ဦးအားဟိုတယ်စည်မျဉ်းတချို့နှင့် ဆားဗစ်အကြောင်းကိုရှင်းပြတော့ သူတို့ကအားနာနေကြသည်။ နောက်ပြီးရှက်လည်းရှက်နေကြသည်။ အညာမှာနေကြသည့် အညာသားအချင်းချင်းလည်း ဖြစ်နေသည်။ အချင်းချင်းရှေ့မှာပင် ဒါရိုက်တာကြီးထံမှ…
“ မင်းဝင်မပြောနဲ့၊ မင်းအဆင့်က ဘာတုန်း၊ မင်းဘာကောင်တုန်း၊ ငါဘာကောင်တုန်း…”
စသည့် စကားလုံးတို့ ထိထားသူများမဟုတ်လား။ ခဏအကြာတွင် လော်ဘီထဲတောင်မြောက်လျှောက်နေရာမှ ဒါရိုက်တာယင် ကောင်တာရှေ့သို့ ရောက်လာပြန်သည်။ ထုံးစံအတိုင်းကောင်တာရှေ့သို့ အားစိုက်ကြည့်ရပြန်သည်။
“ ဘယ်လိုလဲဟေ့ကောင်၊ ရမှာလား… မရဘူးလား…”
ရုပ်ရှင်ရိုက်နေသည့် ဒါရိုက်တာကြီးမို့လားမသိ။ စကားပြောဟန်ကလူသာမန် စကားပြောဟန်မျိုးမဟုတ်။ ကိုယ်လုံးလှုပ်နေပုံကြည့်၍ ခြေနန့်နေကြောင်းသိလိုက်ရသည်။ ပုံစံက ပြဇာတ်ထဲတွင် ပစ္စတိုကိုင်ရင်းခြေနန့်နေသည့် ခပ်ပေါပေါ လူဆိုးပုံမျိုးဖြစ်သည်။ ဝန်ထမ်းနှင့် ဧည့်သည်ဖြစ်နေသည်မဟုတ်လား။ ထို့ကြောင့် …
“ ကျွန်တော် ပြောတာက ….”
“ မပြောနဲ့၊ မပြောပါနဲ့၊ ရှည်ရှည်ဝေးဝေးမပြောပါနဲ့၊ ဆိုတော့ကာငါသိချင်တာက …”
အား ကျွန်တော်သိလိုက်ပြီ။ ဒါကကောလိပ်ဂျင်နေဝင်းအိုက်တင်။ စကားပြောရင်းမှ သူက ကျွန်တော့်ရင်ထိုးကိုလှမ်းကြည့်သည်။ မီးရောင်ကြောင့် အလင်းပြန်နေသည့်အပြင်၊ ခပ်နိမ်နိမ့်မှ လှမ်းကြည့်ရသည် ဖြစ်သောကြောင့် မျက်မှောင်ကုတ်သွားသည်။ ကျွန်တော့် နာမည်ကိုမိတ်ဆက်လိုက်သည်။
“ ဝေဖြိုးဆင့်ပါ …”
“ မပြောနဲ့၊ မင်းအသက် ဘယ်လောက်ရှိသလဲငါမသိဘူး…”
“ သုံးဆယ့်ငါး …”
“ မပြောနဲ့ဆိုကွာ၊ ဒီတော့ ငါ့ကတ်နဲ့တင် မင်းလက်မခံနိုင်ဘူးပေါ့…”
ထို့နောက် တစ်ဆက်ထဲဆက်ပြောသည်။
“ ငါ မင်းရဲ့အကြည့်ကိုလုံးဝမကြိုက်ဘူးဟေ့ရောင်…”
ကျွန်တော်လည်းယောင်တောင်တောင်ဖြင့်…
“ ဘာဖြစ်လို့လဲဗျ…”
“ အဲဒီအထက်စီးနင်းအကြည့်ကို၊ ပြင်လိုက်စမ်းဘာ…”
ခက်ကပြီ။ သူကကိုယ့်ထက်အရပ်ပုလို့ အောက်ငုံ့ကြည့်ရတာကိုသူကမကျေနပ်ခြင်း ဖြစ်သည်။
“ မင်းနဲ့ ငါ အပြင်ထွက်ပြီးတစ်ယောက်ချင်းစကားပြောမယ် ဟေ့ရောင်၊ ဘယ်လိုလဲထွက်ခဲ့မှာလား …”
ကျွန်တော် အပြုံးဖြင့် ခေါင်းယမ်းပြလိုက်သည်။ ဒါရိုက်တာယင်မှ မမှီမကမ်းဖြင့် သူ့ဖုန်းပြားကြီးကိုကောင်တာပေါ်သို့ ခြေဖျားထောက်ကာတင်လိုက်သည်။ ထို့နောက် ဖုန်းကင်မရာဖြင့် ကျွန်တော့်ကိုရိုက်ရန် ကြိုးစားနေသည်။ တစ်ဆက်တည်းသူ၏ စကားသံတို့ကချိုမြလာသည်။ ကောင်တာပေါ်သို့ ကုတ်ကပ်တွယ်တက်ကာသူ၏ မျက်နှာကြီးကိုထိုးပေးသည်။
“ မင်းမကျေနပ်ရင် ထိုးလိုက်ပါ၊ ထိုးလိုက်စမ်းပါ၊ မင်းထိုးလိုက်ဖို့ ငါ့မျက်နှာကိုပေးထားတာ၊ ထိုးလိုက်စမ်းကိုယ့်လူ…”
ကျွန်တော် အံ့အားသင့်သွားသည်။ ဒါကရာဇာနေဝင်းစတိုင်လ်။ ဒါရိုက်တာဆိုတော့လည်းမင်းသား၊ မင်းသမီးတွေ၏ အမူအရာအားလုံးပိုင်နေတာနေမှာဟုတွေးလိုက်မိသေးသည်။
“ မန်နေဂျာခေါ်ပေးစမ်း…ဒီကောင့်ကိုတိုင်ရမယ်…”
ရွှေအိကတာဝန်ကျ မန်နေဂျာထံသို့ ဖုန်းဆက်ခေါ်သည်။ ကျွန်တော် ကောင်တာရှေ့ရှိသူ့ကိုငုံ့ကြည့်လိုက်ရင်း…
“  ခေါ်ခိုင်းထားတဲ့ မန်နေဂျာလည်းလာနေပါပြီ၊ စိတ်ရင်းအတိုင်းပြောနေတာဆိုရင်တော့ ဖွင့်ထားတဲ့ ရီကောဒင်းခလုတ်ကိုပိတ်ပေးပါ…”
ဒါရိုက်တာယင်ကမျက်လုံးကလေးစင်းပြီးတဟင်းဟင်းဖြင့် နတ်ပူးနေသည့် နတ်ကတော်ပုံစံလုပ်ပြသည်။ ထိုစဉ် လော့ဘီမှန်တံခါးရှေ့သို့ မားမားကြီးရပ်နေသည့် လူရိပ်တစ်ရိပ်ထင်လာသည်။ မှန်တံခါးကိုဆွဲဖွင့်ကာဝင်လာသည်ကရှေးခေတ်လက်ကျန် ဂျပန်ဆာမူရိုင်းတစ်ဦး။ ထူးခြားချက်မှာအမျိုးသမီးဖြစ်နေသည်။ သူကတစ်လှမ်းချင်းဝင်လာသည်နှင့် ကောင်တာရှေ့တွင် အော်ဟစ်ရမ်းကားနေသည့် ဒါရိုက်တာယင်ကကောင်တာဘေးရှိမန်နေဂျာကောင်တာကိုနောက်ကျောဖြင့် ကပ်မှီလိုက်သည်။ ဒူးတဆတ်ဆတ်တုန်နေသလို နှုတ်ခမ်းတွေလည်းတုန်နေသည်ကို မြင်နေရသည်။ ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် မျက်နှာတွင်သီးထနေသည့် ချွေးလုံးကြီးများကိုကြည့်၍ စနိုးတာဝါကမ်းမည်ဟုစိတ်ကူးမိသော်လည်းမကမ်းမိတော့။
ဝင်လာသည့် သူကိုကြည့်ပြီး ကျွန်တော် ပျော်သွားသည်။ မကြီးစန်း။ ကျွန်တော်၏ မကြီးစန်း။ ယနေ့ညမန်နေဂျာအဖြစ် တာဝန်ကျသည့် မကြီးစန်း။ မကြီးစန်းကားတစ်လှမ်းချင်းဝင်လာသည်။ ဒါရိုက်တာယင်ကားနောက်ဆုတ်စရာမရှိတော့၍ ကောင်တာကိုကျောဖြင့်ကပ်ကာနောက်ဆုံးခံစစ်အဖြစ် စောင့်နေသည်။ ငါးပေလောက်အကွာတွင်ရောက်မှ မကြီးစန်းထံမှ အပြုံးတစ်ပွင့် ပွင့်သည်။
“ အဲ…”
ဒါရိုက်တာယင်ထံမှ သက်ပြင်းနှင့်အတူထွက်လာသံဖြစ်သည်။ မန်နေဂျာဖြစ်မှန်းသေချာသွားပြီဆိုမှ ဒါရိုက်တာယင်ထံတွင် ဝင့်ဝါမောက်ကြွားသည့် ဟန်ပန်တို့ ပြန်ရောက်လာသည်။ သို့သော် လက်ကလေးနှစ်ဖက်ကိုနောက်ပစ်ထားသည်။ ဆရာမရှေ့ရောက်နေသည့် ကျောင်းပြေးတစ်ယောက် ပုံမျိုးဖြစ်သည်။ ကျွန်တော့် မကြီးစန်းသည် လူမြင်လိုက်သည်နှင့် ဤသို့ဤပုံစွမ်းဆောင်နိုင်သူဖြစ်သည်။
“ မင်္ဂလာပါရှင်… ကျွန်မဘာများကူညီပေးရမလဲရှင့်…”
ထိုအသံလေး ကြားလိုက်စဉ်ခဏဒါရိုက်တာယင်၏မျက်နှာပေါ်မှာ ဖြတ်ပြေးသွားသည့် အရိပ်တို့ကိုကြည့်၍ စစ်ကြီးပြီးသွားပြီဆိုသည်ကို ကျွန်တော် အတပ်သိလိုက်သည်။
“ ကျွန်တော်က ကျွန်တော့်ကတ်လေးတစ်ခုနဲ့ တည်းလို့ရမလားလို့ သူ့ကိုမေးတယ်ခင်ည၊ ခုလိုလက်လေးနောက်ပစ်ပြီးတော့ မေးတာခည…အဲဒါ သူကရဘူးတဲ့။ အဲဒါလေးပြောချင်လို့ပါ။ သွားလက်အူးမယ်နော်၊ နောက်မှ လာခဲ့မယ် …”
ထို့နောက် ကျွန်တော့်ဘက်သို့လှည့်ကာ…
“ ဟေ့ကောင် မင်းမျက်နှာကိုမှန်ထဲသေချာကြည့်ထား၊ တစ်နေ့ ရုပ်ရှင်မင်းသားလုပ်တဲ့ အချိန် ငါနဲ့တွေ့မယ်၊ စောင့်နေမယ်ကွ…စောင့်နေမယ်…၊ ခုလောလောဆယ်တော့ မင့်ဗွီဒီယိုဖိုင်ကိုအွန်လိုင်းတင်လိုက်ဦးမယ်…”
ကျွန်တော့်အား ခြိမ်းခြောက်၍ တစ်ပြုံတစ်မကြီး ပြန်ထွက်သွားသည်။ မသွားခင် မကြီးစန်းအား နှုတ်ဆက်သွားသည်။
“ သွားလက်အူးမယ်နော်…တာ့တာ…”
တစ်ချိန် သူပြန်ရောက်လာခဲ့ချိန်တွင် ကျွန်တော် ဒီနေရာတွင် ရှိနေပါဦးမည်လား။ မသေချာချေ။ အကယ်၍များရောက်လာခဲ့ပြီဆိုပါက ဖြစ်ခဲ့သမျှကိုမေ့ကာဗွီအိုင်ပီတစ်ဦးပမာ ကျွန်တော်ကြိုဆိုနိုင်ပါမည်လား။ မရေရာချေ။ သူပြန်လာသောနေ့သည် ယနေ့လိုသမားရိုးကျနေမျိုးမဟုတ်ခဲ့ဘူးဆိုပါလျှင်၊ သို့မဟုတ် သစ်ရွက်လေးများလေထဲတွင်ဝေ့ဝဲနေသည်ကိုကချစ်စရာ၊ ကြည်နူးစရာကောင်းလှသည်ဟု ကျွန်တော် ခံစားမိသောနေ့မျိုးဖြစ်လျှင်မူ ကြိုနိုင်လိမ့်မည် ထင်ပါသည်။
သူကတော့ ကျွန်တော့်ရုပ်ကို ကြည့်ကာစောင့်နေမည်ဟုပြောသွားသည်။ ငါးပေလေးလက်မဟူသောအရပ်သည် မင်းသားလုပ်မည့်သူတစ်ဦးအတွက် ပုလွန်းသည်။ သို့သော် ဟိုတယ်သို့ အဆိုတော် စည်သူလွင် လာစဉ်ကမသိမသာသူ့နားသွားရပ်ကာအရပ်တိုင်းဖူးသည်။ အရပ်ကတော့ အတူတူပဲ ဖြစ်သည်။ မှန်ကြည့်တိုင်း ကျွန်တော့်ရုပ်ကိုသတိထားကြည့်မိပါသည်။ဒါရိုက်တာယင် မြှောက်ပြောသွားတာမဟုတ်ကြောင်း ကျွန်တော်သိသည်။ တစ်ခါတစ်ရံညည့်နက်သန်းခေါင် အမူးလွန်ကာကောင်တာရှေ့သို့ရောက်လာသည့် အမူးသမားများသည်ပင် ကျွန်တော့်ကိုမြင်လိုက်သည်နှင့် အမူးပြေသွားတတ်သည် မဟုတ်လား။
“အစ်…အစ်ကိုကြီးအခန်းရသေးလား…”
အခန်းတည်းဖို့အတွက် လိုအပ်သည့် မှတ်ပုံတင်ကိုလည်းပေးသွားသည်။ အခန်းခကျသင့်ငွေကိုလည်းမည်မျှပင် ခေါင်းမထောင်နိုင်အောင် မူးနေပါစေအပြည့်အဝပေးသွားတတ်သည်။ ကောင်တာမှ မထွက်ခွာမီ
“ သွားလက်အူးမယ် အစ်ကိုကြီး…အဟီးဟီး…”
ဆိုကာ နှုတ်ဆက်သွားသည်များလည်းရှိသေးသည်။ တစ်ချိန်ချိန်တွင် ဒါရိုက်တာယင်နှင့် ဆုံကာရုပ်ရှင်ရိုက်ဖြစ်မည်ဆိုလျှင် လူကြမ်းမင်းသားအဖြစ် သရုပ်ဆောင်ထားသည့် ကျွန်တော့်ပုံရိပ်ကိုသင်တို့ကံကောင်းလျှင် တွေ့မြင်နိုင်ပါသေးသည် မဟုတ်လား။ ကျွန်တော့်ဘက်မှ ခင်ဗျားတို့ကိုပြောစရာစကားတစ်ခွန်းရှိသည် ဆိုပါလျှင် ထိုစကားသည် …
“ မကြာမီ … မျှော်…”


 ချစ်ခြင်းများဖြင့်

သင့်ရဲ့

ရှဥ့်ညိုလေး
*****                                        *****                                        *****
(PS: ဤဇာတ်လမ်းလေးသည် စိတ်ကူးယဉ် ဇာတ်လမ်းလေးလည်း ဖြစ်နိုင်သည်။ သို့မဟုတ် အဖြစ်မှန် ဇာတ်လမ်းလေးလည်း ဖြစ်ချင်ဖြစ်မည်။ ထိုအရာသည် စာဖတ်သူ၏ ခံစားချက်အပေါ်တွင် မူတည်ပါသည်။ စာဖတ်သူ သင်က လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိနေသူ မဟုတ်လား။ ကျွန်တော့်ဘက်မှ ရိုးသားစွာ ၀န်ခံစရာတစ်ခု ရှိနေပါသည်။ အဖြစ်အပျက်နှင့် အကြောင်းအရာသည် မှန်ကန်ချင်မှ မှန်ကန်မည် ဖြစ်သော်လည်း ဤဇာတ်လမ်းထဲမှ ကျွန်တော်၏နာမည်မှာ အစစ်အမှန်ပင် ဖြစ်ပါကြောင်း....)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း