မခွဲမခွာ



အသက်(၄၀)နားနီးတဲ့အထိ မိဘနဲ့ မခွဲမခွာနေရတာ ကံကောင်းခြင်းတစ်ရပ်ပါ။ ကိုယ့်မိဘက ကိုယ့်ကိုချစ်တာလည်း ကြွားချင်စရာကောင်းပါတယ်။ မိဘနဲ့ ခွဲနေရတာကို ငယ်ကတည်းက မနှစ်သက်လို့ နွေကျောင်းပိတ်ရက် ပြင်ဦးလွင် တစ်လလောက်သွားနေရတဲ့အခါ ရောက်စမှာ ပျော်ပြီး လေးရက်လောက်နေရင် အိမ်ကိုလွမ်းပါတယ်။
တစ်ပတ်ကျော်လာတော့ စိတ်ဆင်းရဲလာရော။ အဲဒါနဲ့ ဘုရားမှာ ဆွမ်းတော်ကပ်ရင် မိဘနဲ့ မခွဲမခွာနေရပါလို၏လို့ ဆုတောင်းခဲ့ဖူးတယ်။ ကျွန်တော့်အသက်က အဲဒီအချိန်တုန်းက (၇)နှစ်လောက်ပါ။ အဲဒီဆုတောင်းပြည့်ခဲ့တော့ ကျွန်တော့်မှာ ခုချိန်ထိကို မခွဲမခွာ နေခွင့်ရပါတယ်။ ကျွန်တော့်မေမေက ကျွန်တော့်ကို ချစ်ပါတယ်။ ကြီးလာတော့ ဖေဖေက ပိုချစ်ပါတယ်။ နောက်ပြီး ဖေဖေက ဟင်းချက်ဝါသနာပါတယ်။ ကျွန်တော်လည်း ဝါသနာပါတယ်။ ကွဲပြားတာက ဓာတ်ပုံရိုက်တာ၊ လူမှုကွန်ယက်သုံးတာ ဖေဖေက မကြိုက်ဘူး။ ကျွန်တော်ကတော့ အခွင့်ရရင် ရသလို ရိုက်တယ်၊ တင်တယ်။ ဒီနေ့ ဖေဖေကမေးတယ်။ သား ငနီတူ သုပ်ကလေး စားမလားတဲ့၊ ဖေဖေ သုပ်ကျွေးမယ်တဲ့။ သူစားချင်လို့နေမှာဆိုပြီး ဟုတ်ကဲ့ စားမှာပေါ့လို့ ပြောတော့ ဒီနေ့ညစာမှာ ငနီတူသုပ်လေး ပါလာတယ်။ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်တော်ရယ် မိသားစုသုံးယောက် ဝိုင်းဖွဲ့လို့ပေါ့။ တကယ်က ကျွန်တော် ငနီတူကို မကြိုက်ဘူး။ စားရတာ ဂျပ်စက္ကူခြောက် ဆီစမ်း စားရသလိုပဲ အောက်သိုးသိုးနဲ့။ နောက် မကြိုက်တဲ့ငါးရှိသေးတယ်။ အာပြဲခြောက်။ စိတ်ထဲ ပုပ်စော်နံသလိုလိုနဲ့။ ဖေဖေက ကင်ပွန်းချဉ်လည်း ကြိုက်တယ်။ ကျွန်တော်ကတော့ မကြိုက်ဘူး။ ချဉ်ရေသောက်လိုက်ရရင် ကြေးဇွန်းအရသာကြီးလိုပဲ။ ဖေဖေချက်တဲ့ ကျန်တဲ့ဟင်းတွေကြိုက်ပေမယ့် အဲဒီသုံးမျိုးကတော့ ဘယ်သူချက်ချက်၊ ဘယ်တော့မှ မကြိုက်ဘူး။ ဖေဖေလုပ်ပေးတဲ့ ပုဇွန်စိမ်းသုပ်ဆို ကြိုက်တယ်၊ မေမေက ငံပြာရည်ဖျော်တဲ့နေရာမှာ အိတ်စပတ်၊ မဒီစံကတော့ ငပိရည်ဖျော်တဲ့နေရာ...။ ဘာပဲဖြစ်ဖြစ် ဒီနေ့ညစာထဲမှာ ငနီတူသုပ်ကလေးကို အံကြိတ်ဝါးခဲ့ရပါတယ်လို့...။

ရှဥ့်ညိုလေး
(၂၂.၇.၂၀၁၈) ည ၈း၀၄ မိနစ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း