ဓမ္မစေတီမင်း၏ ခေါင်းလောင်းကို ရှာတွေ့ပြီ


ဓမ္မစေတီမင်း၏ ခေါင်းလောင်းကို ရှာတွေ့ပြီ

ဓမ္မစေတီမင်း၏ ခေါင်းလောင်းကို ရှာတွေ့ပြီဟု ခိုင်လုံသော သတင်းရပ်ကွက်မှ သိရသည်။ တွေ့ရှိသူမှာ သာမန်အရပ်သားတစ်ဦး ဖြစ်ကြောင်းနှင့် ၎င်းအရပ်သားမှ ဦးဆောင်ဆယ်ယူကြောင်းကို ကျွန်တော်တို့၏ နယ်လှည့်သတင်းထောက်မှ ပေးပို့သည့် သတင်းအရ သိရသည်။

ထိုအရပ်သားမှာ ၎င်း၏အမည်ကို ထုတ်ဖော်ရန်ငြင်းဆိုသော်လည်း မုံရွာသားတစ်ဦးဖြစ်ကြောင်းနှင့် နာမည်မှာ ထအဝ(H.A.W) ဖြစ်ကြောင်း သတင်းထောက်၏ အစွမ်းဖြင့် သိရခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ထိုအရပ်သားသည် တစ်နိုင်ငံလုံး ဝှီးချဲကျင်းပနေသည့် နေ့ထူးတစ်ခုတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရောက်ရှိနေကာ သီလယူ၍ ပြန်ကာနီး ဆယ်နာရီခွဲကျော်ခန့်တွင် အများနည်းတူ အထိမ်းအမှတ်အပြုအမူ တစ်ခုအား လိုက်နာပြုခဲ့သော်လည်း နေရာအနေအထားအရ ဖေ့စ်ဘွတ်တင်ရန် ဆယ်ဖီဆွဲခွင့် မရခဲ့ချေ။ အများနည်းတူ လေးစားလိုက်နာခဲ့သော ၎င်းအား ဓာတ်ပုံဖြင့် မှတ်တမ်းတင်ပေးမည့်သူမရှိ၍ အများနည်းတူ ကင်မရာအားကြည့်၍ ပြုံးခွင့်မရခြင်းတို့ကြောင့် စိတ်နှလုံးထိခိုက်ခဲ့ရသည်ဟု ဆိုသည်။
ထို့ကြောင့် မုံရွာမြို့ရှိ ချင်းတွင်းမြစ်ကမ်းဘေးသို့ သွားခဲ့သည်။ ကျောက်ဆောင်ဆိပ်ရောက်သောအခါ ဗိုက်ဆာဆာရှိသည်နှင့် အကြော်ဝယ်စားရန် အင်္ကျီအိပ်ကပ်ထဲမှ ပိုက်ဆံကိုထုတ်လိုက်သည်ဟု ကျွန်တော်တို့၏ သတင်းထောက်အား ပြောပြပါသည်။ ၎င်း၏အိတ်ထဲတွင် စုစုပေါင်း နှစ်ဆယ်တန်နှစ်ရွက်နှင့် ဆယ်တန်တစ်ရွက်သာ ရှိကြောင်းလည်း ပြောပါသည်။ မြစ်ကမ်းမှ လေပြင်းလွန်းသဖြင့် နှစ်ဆယ်တန် တစ်ရွက်မှာ မြစ်ကမ်းစပ်သို့ ကျသွားသည်ဟု ဆိုပါသည်။ မြစ်ကမ်းဘေး ညောင်ပင်ကြီး၏ ပင်ခြေတွင် ရေမမြုပ်သေးသည့် နှစ်ဆယ်တန်ကို ၎င်းက ဒိုက်ဗင်ထိုး၍ ဆင်းဆယ်လိုက်ပါသည်။ ရေတက်နေချိန်ဖြစ်၍ နှစ်ဆယ်တန်ကို မဆယ်မိသော်လည်း ညောင်မြစ်ကြားရှိ တစ်စုံတစ်ခုကို စမ်းမိလိုက်သည်ဟု ဆိုသည်။ ထိုအရာကိုယူ၍ ကမ်းပေါ်သို့တက်လာသည့်အခါတွင်မှ သိလိုက်ရသည်မှာ ခေါင်းလောင်းတစ်လုံးဖြစ်နေ ကြောင်း သိလိုက်ရသည်ဟု ပြောပြပါသည်။
ခေါင်းလောင်းရှိရွံ့နွံများကို ဖယ်လိုက်သည့်အခါ (Correction Pen) ဖြင့်ရေးထားသည့် ဓမ္မစေတီမင်း၏ ခေါင်းလောင်းဟူသောစာကို တွေ့ရသည်ဟု သိရပါသည်။ ခေါင်းလောင်း၏ ပုံသဏ္ဍာန်မှာ တစ်ဖက်ပိတ်ဖြစ်၍ ကျန်တစ်ဖက်မှာ အပွင့်ဖြစ်ကာ ပိတ်နေသည့်ဘက်ထက် ပိုကျယ်ကြောင်း သိရသည်။ အရွယ်အစားမှာ ဘုရားစေတီများတွင်ရှိသည့် ဆည်းလည်းမျှရှိကြောင်းကိုလည်း ထပ်ဆင့်သိရသည်။ ကျွန်ုပ်တို့၏ သတင်းထောက်နှင့်တွေ့ဆုံချိန်တွင် ထိုခေါင်းလောင်းမှာ ဘုရားစေတီတစ်ဆူဆူတွင် ဆည်းလည်းအဖြစ် လှူဒါန်းပြီးဖြစ်သည်ဟု တွေ့ရှိသူ သာမန်အရပ်သား ထအဝ(H.A.W) မှ ပြောပါသည်။ သက်သေ အထောက်အထားပြခိုင်းရာ ၎င်း၏ဖုန်းဖြင့် ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားသည်ဟု သိရသည်။ သတင်းထောက်မှ ထိုဓာတ်ပုံအားပြသရန်တိုက်တွန်းရာ ၎င်းမှ ယောင်မှား၍ ဖုန်းကို (Format) ချမိသွားသည်ဟု ဆိုပါသည်။ ခေတ်မှီနည်းပညာများဖြင့် ပြန်ရှာလျှင်ရနိုင်ပါသေးသည်ဟု သတင်းထောက်မှ ပြောရာ ဆင်းမ်ကဒ်နှင့် မင်မိုရီကဒ်အား အိပ်မက်အရ မြစ်ထဲပစ်ချလိုက်ကြောင်း၊ ဖုန်းကိုမူ အင်တာနက်ခ မတတ်နိုင်တော့သဖြင့် မည်သူမှန်း မမှတ်မိတော့သော လူတစ်ယောက်အား ရောင်းစားလိုက်ကြောင်း သိရပါသည်။
ခေါင်းလောင်း၏ အရွယ်အစားနှင့် ပုံပန်းမှာ စာပေတွင်မှတ်တမ်းတင်ထားသည်နှင့် လွဲနေကြောင်း ကျွန်ုပ်တို့၏ သတင်းထောက်မှ ထောက်ပြပြောဆိုရာ နှစ်ပေါင်းများစွာ ရေအောက်တွင်ရှိနေခြင်းကြောင့် ကြေးညှိများစားသွားခြင်းဖြစ်ကြောင်း၊ ခေါင်းလောင်းမှာ အေးလွန်း၍ သေးသွားခြင်းလည်း ဖြစ်နိုင်ကြောင်း ခေါင်းလောင်းတွေ့ရှိသူ ထအဝ(H.A.W) မှ ပြောသည်။ ထိုသို့ပြောပြသူ ထအဝ(H.A.W) အား ဓာတ်ပုံဖြင့် မှတ်တမ်းတင်မည်ပြုစဉ် ၎င်းမှ ဖေ့စ်ဘွတ်တွင် ဆယ်ဖီပုံများတင်လိုသော်လည်း ဂျာနယ်ထက်တွင် မပါလိုကြောင်းနှင့် ဓာတ်ပုံရိုက်မည်ဆိုလျှင် ပိတ်ဖြူ(၇)ထပ်ကာပြီး ပေတစ်ရာအကွာမှရိုက်မည်ဆိုလျှင် ခွင့်ပြုနိုင်ကြောင်းပြောသဖြင့် ထအဝ(H.A.W) ၏ ဓာတ်ပုံအား မဖော်ပြပေးနိုင်သည်ကို ခွင့်လွှတ်ပါရန် ကျွန်ုပ်တို့၏ သတင်းထောက်နှင့် ဘာညာသာရကာဂျာနယ်မှ တောင်းပန်ကြောင်း ပြောကြားလိုက်ပါသည်။

ရှဥ့်ညိုလေး
(၁၉.၇.၂၀၁၆ ည ၈း၀၀ နာရီ)

(PS; ဤသတင်းကို ကြားသိရသူမှန်သမျှမှ မယုံကြသော်လည်း ချင်းတွင်းမြစ်တွင် ခေါင်းလောင်းဆယ်ရန် ပြင်ဆင်နေကြသူများမှ အကြွင်းမဲ့ယုံကြောင်း သိရပါသည်။ ယခုအခါတွင် ဓမ္မစေတီမင်း၏ ခေါင်းလောင်းကို လေ့လာနိုင်ရန်အတွက် ဘုရားစေတီများသို့ ဂါထာရွတ်၍ ခေါင်းလောင်းဆယ်မည့် ပညာရှင်များ စေလွှတ်ထားကြောင်း သိရပါသည်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း