အိမ်ပြန်ရမယ့်အချိန်လည်း နီးလာပြီ
အိမ်ပြန်ရမယ့်အချိန်လည်း နီးလာပြီ
ကမ္ဘာကြီးမှာ ငါ ဗဟိုပြုမှုစစ်စစ်ရှားပါးနေတယ်။ ငါ့အတွက်ဆိုပြီး မှန်ကန်တဲ့ရွေးချယ်မှု၊ ပေးဆပ်မှုတွေ မလုပ်နိုင်ကြသေးဘူး။ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့အိမ်၊ ငါ့လမ်း၊ ငါ့ရပ်ကွက်၊ ငါ့မြို့၊ ငါ့ရွာ၊ ငါ့နိုင်ငံ၊ ငါ့လူမျိုး စတာတွေအတွက်ပဲ လုပ်ဖြစ်နေကြတာ များတယ်။
ပိုက်ဆံရှာတယ်ဆိုပါတော့။ ငါ့မိသားစုအတွက် ဆိုပေမယ့် ကိုယ့်အတွက်ဝေစုက ခပ်သေးသေးရယ်။ အဲဒါကြောင့် ပညာဉာဏ်ရှိတဲ့ အမျိုးသမီးတွေက သူတို့အိမ်ထောင်ဦးစီးကို ပြောတယ်။ စားရတာ ကျွန်မတို့တတွေ၊ ခံရရင် ရှင်တစ်ဦးတည်း၊ မဟုတ်တာတွေ မလုပ်ပါနဲ့ဆိုပြီး မှာတတ်ကြပါတယ်။ တချို့တွေကတော့ စိန်နားကပ်ကြီး ပန်ချင်သေး၊ စိန်လက်စွပ်ကြီး ဝတ်ချင်သေး ဆိုတဲ့ အမျိုးသမီးတွေလည်း ရှိပါသေးတယ်။ သူတို့တွေအတွက် ရိုးရိုးသားသား မရှာဖွေနိုင်တဲ့အခါ မရိုးမသားအဖြစ်တွေကို လက်ခံလိုက်ရတဲ့ အိမ်ထောင်ဦးစီးတွေ များပါတယ်။ ထားပါ ကျွန်တော်ပြောချင်တာက ငါဗဟိုပြုမှုစစ်စစ်။ ရပ်ကွက်ထဲမှာ ကတ္တရာလမ်းခင်းတယ်။ သူ့အိမ်ရှေ့မှာ လမ်းပိုကောင်းအောင် ကျောက်တုံးတွေကို ညပိုင်းမှာ ရွေ့စီတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ်။ သူကတော့ ငါ့အတွက်၊ ငါ့အိမ်ရှေ့ဆိုပြီး အခွင့်အရေးပိုယူလိုက်တာပါ။ လမ်းပြီးသွားတော့ သွားသမျှလူတိုင်း၊ ဖြတ်သမျှလူတိုင်းက သူ့အိမ်ရှေ့ကလမ်းကို ဖြတ်သွားရတာပါပဲ။ သူ့အတွက် စစ်စစ်မဟုတ်ပါဘူး။ သူရလိုက်တာက လောဘကြီးလိုက်တာ၊ ကျောလိုက်တာဆိုတဲ့ အများအမြင်ပါ။ ရပ်ကွက်ထဲမှာ ဆယ်အိမ်ခေါင်းလေး ရှိတယ်။ ရေနှုတ်မြောင်းကို သူ့အိမ်ရှေ့မှာ မြေဖို့ ပိတ်ထားတယ်။ အဲဒီလို လုပ်ထားတာ သူ့အတွက်လို့ သူထင်နေတယ်။ တကယ်တော့ မိုးရွာရင် သူပိတ်ထားလည်း ရေဆိုတာ မြင့်ရာက နိမ့်ရာစီးတာ မဟုတ်လား။ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ အလုပ်ကို လုပ်ထားတယ်ဆိုတာ ဖြတ်သွားတဲ့၊ မြင်တဲ့သူတိုင်း သိတယ်။ နောက်ပြီး ရပ်ကွက်ထဲမှာ အသက်(၈၀)ကျော် အဖွားကြီးရှိတယ်။ သူကတော့ မြေခိုးတာပါ။ ပေ(၄၀/၆၀)မြေကွက်မှာ အမွေရထားတဲ့ ကလေးတွေဆီက ပေ(၄၀)လောက် သူဝယ်ထားတာပါ။ သူက အဲဒီဝင်းမှာ သစ်တွေထားပါတယ်။ သူက သစ်စက်ထောင်ထားတာပါ။ ကျန်တဲ့ပေ(၂၀)ဝင်းရှင်က သူ့ကို မရောင်းပါဘူး။ တခြားအမွေရတဲ့ ကလေးတွေက ရောင်းသွားကြပါပြီ။ သူ့ဝင်းထဲကနေ သစ်သားနံရံကို မှီပြီး သစ်တွေစီ၊ ပစ်ချတော့ သစ်သားဝင်းထရံပျက်ပါတယ်။ ကျန်တဲ့ကလေးတွေက အုတ်တံတိုင်းခတ်တော့ ရပ်ကွက်လူကြီးတွေပြောပြီးခတ်ရပါတယ်။ အိမ်ဝင်းဂရန် အမည်ပြောင်းတော့ ဝင်းအကျယ်ထပ်တိုင်းကြည့်တယ်။ (၁၉)ပေပဲရှိတော့တယ်။ အုတ်တံတိုင်းခတ်တုန်းက ပန်းရံဆရာတွေကို ပိုက်ဆံပေးပြီး မြေခိုးလိုက်တယ်ဆိုတာ ပြန်သိလိုက်ရပါတယ်။ တကယ်တော့ အဲဒီဝင်းမှာ အဖွားကြီး မနေပါဘူး။ သူ့ရဲ့ တခြားတိုက်မှာနေတာပါ။ သူလည်း အသက်(၈၀)ကျော်ပြီဆိုတော့ ဒီဝင်းထဲမှာလည်း နေနိုင်တော့မှာ မဟုတ်ပါဘူး။ သူမတရားယူထားလိုက်တဲ့မြေတစ်ပေကို သူရတယ်လို့ ထင်နေတာပါ။ တကယ်တော့ တခြားသူ(သူ့မြေး)တွေ ရသွားတာပါ။ ဗုဒ္ဓဘာသာပီပီ သေပြီးနောက် မြေတစ်ပေအတွက် အကြွေးပြန်ဆပ်ရမယ့် သူ့အဖြစ်ကို တွေးပြီး စိတ်မကောင်းမိဘူး။ တချို့တွေက အသက်သာကြီးသွားကြတယ်။ ကိုယ့်အတွက်၊ သူ့အတွက် ခွဲခြားမသွားနိုင်ကြဘူး။ ကျွန်တော်လည်း လူငယ်မဟုတ်တော့၊ လူရွယ် အရွယ်ကိုရောက်လာပြီ မဟုတ်လား။ ကျန်နေသေးတဲ့ ဘဝသက်တမ်းမှာ အများအတွက် ဆောင်ရွက်ရင်း ကိုယ့်အတွက်ဆိုပြီးလည်း စုဆောင်းနိုင်ဖို့လိုပါတယ်။ ကျွန်တော် ကောင်းမှုကုသိုလ်လေးတွေ ပိုလုပ်ဖို့ လိုလာပြီ မဟုတ်လား။ အိမ်ပြန်ရမယ့်အချိန်လည်း နီးလာပြီလေ...။
ရှဥ့်ညိုလေး
(၁၁.၂.၂၀၁၈ နံနက် ၁၁း၄၁ မိနစ်)

Comments
Post a Comment