ကပ်စီးနဲတဲ့ ရှဉ့်တစ်ကောင်

ကပ်စီးနဲတဲ့ ရှဉ့်တစ်ကောင်

        ကျွန်တော် (၂၀၀၈)နောက်ပိုင်း စာအုပ်ငှားဖတ်ခဲပါတယ်။ စာအုပ်ဝယ်စုဖြစ်သွားလို့ပါ။ ငှားဖတ်လည်း အချိန်အကြာကြီး ငှားထားတာပါ။
ဟိုတယ်မှာ လုပ်တုန်းက စာအုပ်ပိုဝယ်ဖြစ်ပါတယ်။ လစာက မဒီစံကို အပ်တယ်။ (Service Money) ရရင် စာအုပ်ဝယ်၊ ဘဝကြီးက သာယာလိုက်တာ။ ဒီကာလမှာကျတော့ စာအုပ်တွေကို စိတ်ရှိတိုင်း မဝယ်နိုင်တော့ဘူး။ ဝယ်ချင်တဲ့စာအုပ် ငါးအုပ်ရှိရင် ငါးကိုစိတ်ထဲမှတ်၊ လက်တစ်ချောင်းထောင် လုပ်ရတော့တာ။
အခုနောက်ပိုင်းတော့ ဆရာ ထိန်လှိုင်ဦး(မုံရွာ)နဲ့ ဆရာ နေမင်းသန်း(မုံရွာ) တို့ဆီကပဲ ငှါးဖတ်ဖြစ်ပါတယ်။ ငှါးရင်လည်း တစ်ရာသီစာလောက်တော့ ကြာပါတယ်။ ကိုယ်ကလည်း ဆရာဖတ်ပြီးမှ ပေးပါ၊ ကျွန်တော် အေးဆေး ဖတ်ချင်လို့ပါလို့ စကားခံတာလည်း ပါတာပေါ့။
ငှါးဖတ်တဲ့စာအုပ်တွေအတွက် ကျွန်တော် အာမခံနိုင်တာက မပြဲ၊ မစုတ်၊ မပျောက်ဆုံး စေရဘူး၊ လက်ဆင့်မကမ်းဘူး။ ငှါးထားတဲ့စာအုပ် ပြန်ပေးတဲ့အခါကျရင် ကျွန်တော်က စာအုပ်ကို ပြန်ဖုံးပေးလိုက်တယ်၊ စာမှတ်တဲ့ ငွေရောင်ကြိုးလေးနဲ့ သေချာလုပ်ပေးလိုက်တာ။ တချို့စာအုပ်တွေဆို ကိုယ်မချုပ်တတ်လို့ ကတ္တူစာအုပ်ဖုံးကို သားရေအတုနဲ့ချုပ်ပေးတဲ့ဆီ အပ်ပေးတယ်။ (ချွင်းချက်အနေနဲ့ ကိုအောင်စိုးရဲ့စာအုပ် ရှားလော့ဟုမ်း၏ မှတ်တမ်းများ စာအုပ်ကို သားရေတုနဲ့ချုပ်ပေးပြီး ကျွန်တော် ဆက်သိမ်းထားပါတယ်။ သူ့ဆီမှာ စာအုပ်ပုံးနဲ့သိမ်းတာဆိုပေမယ့် စာအုပ်က ကျွန်တော်တို့ကလေးတုန်းကထုတ်ထားတာမို့ ဟောင်းလွန်းနေလို့ပါ။ သူ့ကိုခွင့်တောင်းပြီး သိမ်းထားတာ အခုထိ ရှိပါသေးတယ်။)
တချို့စာအုပ်တွေကျ ပိုင်ရှင်က စိတ်ကြိုက်ယူဖတ်ပါဆိုပေမယ့် သိမ်းထားမှ ဖြစ်မယ့်စာအုပ်၊ ဝယ်လို့ရတဲ့စာအုပ်ဆိုရင် ကျွန်တော် ဝယ်ဖတ်ပါတယ်။ သူ့စာအုပ်ကိုတော့ မဖတ်ဖြစ်ပေမယ့် စာအုပ်ဖုံးပြီးတာနဲ့ ရက်ပိုင်းအတွင်းပဲ ပြန်ပေးလိုက်တာမျိုးလည်း ရှိပါတယ်။
တချို့သူငယ်ချင်းတွေက သူတို့သိမ်းထားတဲ့ ရှားပါးစာအုပ်လေးတွေ ပေးငှါးတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်တော့်အတွက် မလိုသေးရင် ကိုယ်ချင်းစာစိတ်နဲ့ မငှါးဖတ်ပါဘူး။ လိုအပ်လာရင် ငှါးလို့ရနိုင်တဲ့သူစာရင်းမှာတော့ စာရင်းတို့ထားရတာပေါ့။ တချို့က pdf file နဲ့စာအုပ်တွေ ဖတ်တယ်၊ စာအုပ်အတွက် အကုန်မခံတော့ဘူး။ ကျွန်တော်ကတော့ စာအုပ်ကိုင်ဖတ်ရတာကို အရသာတွေ့သူမို့ စာအုပ်တွေကို စုနေတုန်းပါပဲ။ တချို့တချို့ စာအုပ်တွေကတော့ မိတ်ဆွေရဲ့ မိတ်ဆွေက ထုတ်တာမို့လို့ အားနာတာနဲ့ အားပေးရတဲ့ စာအုပ်တွေပါ။ (ရသစာအုပ်လည်း မဟုတ်၊ ဗဟုသုတအတွက်လည်း ထင်သလောက်မပါ။ အွန်လိုင်းပေါ်ကစာတိုလိုလို၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလိုလို၊ နိုင်ငံရေးလိုလို၊ ဓမ္မစာပေလိုလို၊ ဘာလိုလို ညာလိုလို။) စာအုပ်စင် နေရာကြပ်လာတဲ့အခါ မျက်စိထဲ အဲဒီလို စာအုပ်တွေကို မျက်စပစ်မိတယ်။ သူများကို ပေးပစ်ဖို့ကလည်း ကိုယ်မလိုချင်လို့ ပေးတာဖြစ်၊ ရပ်ကွက်စာကြည့်တိုက်လှူရအောင်ကလည်း စိတ်ကမလုံ။ ကျွန်တော့်မှာ ခွကျလို့။
သူများစာအုပ်တွေ တစ်ရာသီစာ ငှါးဖတ်တတ်ပေမယ့် ကျွန်တော့် စာကြည့်ခန်းထဲမှာ ဘယ်လိုရေးထားသလဲဆိုရင် " They all are not to be Borrow " လို့ ရေးထားသဗျ။ ကျွန်တော် မကောင်းပုံများ ပြောပါတယ်။
ရှဉ့်ညိုလေး
(၂၄.၁၀.၂၀၂၂)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း