သူဇာပျို့
၁၈။ သို့လျှောက်သောခါ၊ မင်းသူဇာမှာ၊ သက်သာစိတ်က၊ စိုးစဉ်းရ၍၊ ဆိုသည်ရွံဆိုး၊ မောင်မူဆိုး...၊ ကျင့်ရိုးတံထွာ၊ မောင်တို့မှာကား၊ ရောင်းရာစားဘို့၊ နှစ်လို့စုံမက်၊ သာငှက်ကိုသာ၊ ဘွေရှာကြမြဲ၊ မလွဲစင်စစ်၊ သဘောဖြစ်လျက်၊ မနှစ်သက်ရာ၊ ဘွေရှာဆန်းပြား၊ တို့သွေးသားကို၊ စားလည်းမကောင်း၊ ရောင်းလည်းမစွံ၊ ဝေးလံပါးနီး၊ ယှဉ်မှီးမကွာ၊ စေပါမရ၊ ဘယ်မှအကျိုး၊ ရှိနိုးမဲ့လစ်၊ တို့အဖြစ်က၊ မချစ်ကြည်လင့်၊ လူနှင့်တကွ၊ ပေါင်းနေရသော်၊ ကာလမရှည်၊ သေတော့မည်ကို၊ ကြံစည်ဆင်ခြင်၊ ဘယ်ကျိုးမြင်၍၊ သို့စင်လုံ့လ၊ ဘမ်းချင်ရဟု၊ ကြိုင်ပျပန်းတူ၊ မိန့်တော်မူသော်၊ ကြည်ဖြူထဲသံ၊ မူဆိုးကြံ၍၊ လွတ်စံတင့်ထွတ်၊ သည်နတ်မြတ်ကို၊ ချစ်မှတ်အိမ်နေ၊ ငါပြုချေသော်၊ မရေရာပင်၊ သည်နတ်ရှင်လည်း၊ ရက်ဖြင့်မကြာ၊ သေပေရာ၏၊ ငါလည်းခြကျိုး၊ နူမျိုးထူးလည်၊ နူရည်စက်စက်၊ နူမျိုးထွက်၍၊ နေ့ရက်မကြာ၊ သေရရာဟု၊ လိမ္မာတွေးဆ၊ ယူမိကလျှင်၊ ရာဂတပ်ငြိ၊ မရှိသော့ထွေ၊ပျောက်ကင်းလေ၏၊ ရိုသေမေတ္တာ၊ စေတနာသည်။ ။ ကြင်နာဖြစ်ထွေ တဆန်းတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment