သူဇာပျို့
၂၀။ ထိုဧကရာဇ်၊ မင်းစစ်ပီစွာ၊ လူ့ထိပ်ချာကား၊ မဟာဥပရာဇာ၊
သာသည်မည်တော်၊ ကြားကျော်ဝေးနီး၊ လွှံ့ဝှဲချီးသည်၊ သားကြီးရတနာ၊ ပွင့်လောင်းလျာကို၊
ရိုက်ရာရှေ့ရည်၊ စိုးစိမ့်သည်ဟု၊ ချစ်ကြည်ဆပွား၊ အိမ်ရှေ့ထား၍၊ မွန်ကြားထွတ်တိုင်၊
ဘုန်းနံကြိုင်သည်၊ လှိုင်သည့်ထိပ်ချာ၊ ဥပရာကား၊ အံ့ရာထူးပြား၊ အပါးပါးပင်၊
ယောက်ျားမိန်းမ၊ ဟူသမျှတို့၊ များလှပေါင်းရုံး၊ စိတ်နှလုံးကို၊ ယူကျုံးဖျော်ဖြည့်၊
ဆောင်ဘိ၏သို့၊ ကြည့်၍မျက်တောင်၊ မညောင်းအောင်သည်၊ ထွန်းရောင်အဆင်း၊
နှင့်တယ်ခြင်းနှင့်၊ ပျံ့ရွှင်းလှိုင်ပျော်၊ အသံတော်လည်း၊ နာပျော်ဘွယ်သာ၊ သာယာပြေပြစ်၊
ကျစ်လျစ်ခြင်းက၊ စသည်ကျေးဇူး၊ အထူးဂုဏ်အင်၊ မြော်မြင်ပညာ၊ ဘုန်းအာဏာနှင့်၊
ပြစ်ဆာမြူရစ်၊ ကင်းသည်ဖြစ်၍၊ မှောင်လှစ်ပယ်ထွန်း၊ နေလဝန်းသို့၊ ထက်ဝန်းနှံ့မျှ၊
ကျော်ပေါက်ပြ၏၊ ကာလမီးခိုး၊ ယဉ်မျိုးစစ်သူ၊ စိတ်တော်မူကား၊ ရိပ်ဖြူဆောင်းချင်း၊
အမင်းမင်း၏၊ ရင်တွင်းသည်းချာ၊ များလှစွာပင်၊ ကညာနုရွ၊ လှသည်ယဉ်ပျောင်း၊
မိုးပေတောင်းကို၊ မကောငါးသည်သာ၊ ဘုန်းဝါပွင့်လူ၊ ထပ်တော်မူ၍၊ ပြိုင်တူမဲ့နိုး၊
မိုးထက်မိုးရာ၊ နတ်ကိုသာလျှင်၊ ဘွေရှာရစေ၊ နင်ကြိုးလေဟု၊ ဘုန်းနေထွန်းညိ၊
ဗျာဒိတ်ရှိ၍၊ သီရိထွန်းပ၊ မင်းရှင်လှကို၊ လုံလကြီးစွာ၊ ဘမ်းဝံ့ပါသည်။ ။ ကိုယ်တာကိုယ်ခင်း မဟုတ်လျှင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment