သူဇာပျို့
၂၈။ ယင်းသို့စဉ်ရှည်၊ ငိုမြည်များစွာ၊ သာသည်သံညင်း၊
ဖွဲ့နွဲ့ခြင်းနှင့်၊၊ ခင်းသည်လမ်းခွင်၊ ပန်းအပြင်ထက်၊ မရွှင်မပျော်၊
နင်းကြွသော်တည့်၊ ခြေတော်နုရွ၊ နူးညံ့လှ၍၊ မမျှတူပြီ၊ ရွှေသိင်္ဂီဝယ်၊
ကျောက်နီလောဟိ၊ စီချယ်ဘိသို့၊ မချိသွေးဥ၊ နီရီစုမျှ၊ တိမ်းလှုယိမ်းယိုင်၊
အနိုင်ထူထ၊ ပင်ပန်းလှ၍၊ လျလျညှိုးငယ်၊ ပျော့နွမ်းနယ်သည်၊ တသွယ်ရင်ဖြိုး၊
နုပြန်မိုး၍၊ ပြိုင်မျိုးမဆွယ်၊ သနားဘွယ်လျှင်၊ ကြာ့နှယ်ညွတ်ခွေ၊ သွားရလေသော်၊
ရပ်မြေဝေးစွာ၊ ရောက်သောခါဝယ်၊ မလ္လိကာရမ္ဘ၊ အမည်ရသည်၊ ကြိုင်ပျမွှေးထုံ၊
စံပယ်ချုံကို၊ ငါးစုံအင်္ဂါ၊ ကလျာထွန်းညိ၊ မြင်သည်ရှိသော်၊ မွေးမိမြတ်ဖျား၊
ဘဘုရားနှင့်ဒ၊ ဆွေဝါးပေါင်းရုံး၊ အားလုံးတကွ၊ လိုက်လှာကြလျှင်၊ တင်ပြမသွေ၊
မြင်ပါစေဟု၊ သံခြပျံ့ရွှန်း၊ ဓိဋ္ဌာန်မှန်းလျက်၊ ပွင့်လန်းစံပယ်၊ ချုံခြူးနွယ်ထက်၊
ရောင်သွယ်ဖြာစီ။ ဝဇီရာဝလယ၊ မည်ရထူးပြား၊ ပတ္တမြားလျှံတောက်၊ လက်ကောက်နှစ်ကွင်း၊
လျှပ်လျှပ်ဝင်းကို၊ ပြစ်ကင်းလွတ်ကွေ၊ တင်ခဲ့ပေ၏၊ မပြဝှန်ဆူ၊ သည်းအူလှပ်လှပ်၊ တန့်မည်မရပ်၊
မျက်ရည်မစဲ၊ မရွှဲရွှဲနှင့်၊ ဪလဲရှိုက်ရင့်၊ ငိုသည်နှင့်ပင်၊ ရှည်မြင့်ဝေးမြေ၊
သွားရလေသည်။ ။ မူးဝေချည့်ချည့် ပါးပါးတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment