သူဇာပျို့
၃၁။ ဆည်းတားထူထ၊ သတိရသော်၊ ဒေဝဓီတာ၊ ထွတ်တောင်ညာကား၊
သည်းစွာဟစ်ငို၊ ဆံကိုနုတ်ငင်၊ ရင်ကိုခုခု၊ ခတ်ထုနာကျင်၊ ကြမ်းတွင်လူး၍၊
မောမောခွေ့၏၊ နောက်ရှေ့တွင်းပြင်၊ ရွှေစင်တောင်လုံး၊ ပတ်ကုံးမှောက်လှန်၊
ကမ္ဘာပြန်သို့၊ သည်းထန်ပြင်းပြ၊ ကြေကွဲကြမှ၊ မင်းလှသူဇာ၊ ကျန်ရစ်ရာသို့၊ ဟေမာဂီရိ၊
ဓိပတိက၊ မွေးမိတကွ၊ အစ်မခြောက်ပါး၊ နတ်များခြွေရွေ၊ ကုန်လေဘနန်း၊ ဘူးပန်းကြီးစွာ၊
ခြေငင်ကာချည်း၊ ဖြင်ပည်းညိတ်ညိတ်၊ ကောင်းကင်ပိတ်မျှ၊ လိုက်လေကြ၍၊ ချမ်းမြသာကျယ်၊
ရေကန်ဝယ်နှိုက်၊ နုနယ်ဆင်းဝါ၊ မင်းသူဇာ၏၊ မွေးရာမည်မျှ၊ မမြင်ရသော်၊
များလှသင်္ချာ၊ နတ်တကာတို့၊ မြေမှာတည့်ချည်း၊ လူးကြလည်း၍၊ သည်းမျှငိုယို၊
ထိန့်ထိန့်ပြို၏၊ ရင်ကိုတီးလျက်၊ တို့ထိပ်ရွက်သည်၊ တို့သက်ပမာ၊ တို့ထိပ်ချာကို၊
မိစ္ဆာမူထား၊ မူဆိုးသားသည်၊ ယူသွားချေပြီ၊ သည်ဆီသွားသည်၊ ဖြစ်တော့မည်ဟု၊ မဆည်မတား၊
လျင်တလျားလျှင်၊ ထက်ဖျားကောင်းကင်၊ မြေပြင်နွံမျှ၊ လိုက်လေကြသော်၊ အတုလဒေဝီ၊
မဟေသီကား၊ ဘယ်ဆီညာတိမ်း၊ ယိုင်တဃိမ်းလျှင်၊ မသိမ်းဆံခွေ၊ ဖားရားဝေနှင့်၊
စေ့ရေသံညင်း၊ ဘွဲ့ငိုချင်းသည်။ ။ လွမ်းတင်းထွေထွေ ပြားပြားတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment