သူဇာပျို့
၄၉။ မနနမည်ခေါ်၊ အမတ်ကျော်လည်း၊ သံတော်ဦးတင်၊ ၍အလျင်ပင်၊ သွားဝင်ရောက်သော်၊ ဗြဲတိုက်တော်ဝယ်၊ ထင်ပေါ်ဆောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ တွင်းဝန်များကို၊ ပြန်ကြားဆင့်ထောက်၊ တွင်းဝန်လျှောက်က၊ ရွှေမှောက်ထွတ်တင်၊ ဘဝရှင်ကား၊ သာရွှင်အားရ၊ ဝမ်းမြောက်လှ၍၊ နန်းမဘုရား၊ ရှစ်သောင်းဖျားကို၊ ကြိုင်ရှားပျံ့ကြူ၊ မိန့်တော်မူ၏၊ သက်တူတမျှ၊ ချစ်ညီကြသည်၊ နန်းမရာနှင်း၊ ခင်မမင်းသည်၊ လျင်ပြင်းလာတည့်၊ မြင်ပါလှည့်လော့၊ တူရှည့်ချစ်ချင်း၊ ခင်မမင်း၏၊ ရင်တွင်းသည်းချာ၊ သားနန်းလျာကား၊ စကြာရွှေတည်၊ လေးကျွန်းလည်၍၊ စိုးမည်ဧကန်၊ ပွင့်လောင်းမှန်၏၊ ဝင်းဝှန်ဖြောင့်မတ်၊ ရွှေတောင်ထွတ်ဝယ်၊ စံနတ်ကညာ၊ ရတနာကို၊ ဆက်လှာနတ်များ၊ သဘောအားဖြင့်၊ မခြားတာထောက်၊ ရွှေမြို့မြောက်ဝယ်၊ ကျော်ချောက်ဖြီးစည်၊ ခုရှိသည်ကို၊ ချစ်ကြည်သက်နှင်း၊ ခင်မ မင်းမှာ၊ သတင်းလေသံ့၊ မပျံ့ပါလား၊ ခုပင်သွား၍၊ ထိမ်းမြားမင်္ဂလာ၊ ဆောင်မည့်ရာကို၊ မကြာအလျင်၊ စီရင်ပါတော့၊ မပေါ့လျော့ဟု၊ သာပျော့ဖြည်းဖြ၊ မိန့်ပြီးမှလျှင်၊ လောက်လှဂုဏ်ဉာဏ်၊ အတွင်းဝန်အား၊ ထံပါးတော်လျက်၊ ငါခုထွက်၍၊ နန်းဆက်ခန့်ရွယ်၊ မောင်နှင့်မယ်ကို၊ ကြီးကျယ်လှစွာ၊ မင်္ဂလာ ထိမ်းမြား၊ စုလျားပတ်မည်၊ မိန့်နှုတ်ရည်သည်။ ။ မရှည်မလျား လွယ်ကာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment