သူဇာပျို့
သူဇာပျို့
၅၁။ မင်္ဂလာဆောင်ပြီး၊ ထွန်းညီးရောင်ထင်၊ နေထွက်လျှင်တည့်၊
နတ်ရှင်မင်းကျော်၊ ခမည်းတော်နှင့်၊ ရှုဖျော်လေးမြတ်၊ ရှစ်သောင်းနတ်ကား၊
ရံပတ်များစွာ၊ နောက်တော်ပါလျက်၊ သိင်္ဂါဘုံကျော်၊ ရွှေနန်းတော်သို့၊
တင့်လျော်မကွေ၊ ဝင်ကြလေ၏၊ ဘုန်းနေရောင်လင်း၊ အိမ်ရှေ့မင်းနှင့်၊ ဖြူဝင်းနုဝါ၊
မင်းသူဇာလည်း၊ ရတနာစီခတ်၊ ဝေါတုလွတ်နှင့်၊ သထွတ်စံရာ၊ အိမ်တော်သာသို့၊ မကွာတကွ၊
ဝင်လေကြ၏၊ ရာဇိန္ဒရာဇာ၊ အချာစိုးရ၊ ပြည်သူဘလည်း၊ သုစိတ္တရာဇာ၊ ဂါမဏိရွာစိုး၊
မူဆိုးတို့အား၊ လျောက်လျားသမှု၊ ပေးဘွယ်ဆုကို၊ စေ့ငုစီမံ၊ ကိုယ်တော်ရံပြီး၊
ဘုန်းလျှံရှိန်ပြင်း၊ အိမ်ရှေ့မင်းမှာ၊ နာမမည်မှတ်၊ ရည်ရှိမတ်ကို၊ ပြဿာဒ်ဘုံကျော်၊
ဗြဲတိုက်တော်သို့၊ ခေါ်စေရောက်ပြီး၊ မတ်ကြီးတွင်းဝန်၊ မိန့်တော်ပြန်သော်၊
ကျေပွန်လျောက်ပတ်၊ အိမ်ရှေ့မတ်လည်း၊ ရှိညွတ်ထိပ်ပြင်၊ သံတော်တင်၍၊ အလျင်ထွက်ပြီး၊
မိမိသခင်၊ အိမ်ရှေ့ရှင်အား၊ လျှောက်ကြားလေ၏၊ ထွတ်ထားပွင့်လျာ၊ ဥပရာကား၊
မေတ္တာချမ်းမြ၊ သုစိတ္တအား၊ သိင်္ဂရောင်ချော၊ ရွှေဝေါလျှံတောက်၊ အထောက်ကြံဆစ်၊
ဖြူစစ်ညီးညီး၊ ထီးလည်းနှစ်ဆူ၊ သလူမိုးရွက်၊ ကျိုင်းလေးချက်နှင့်၊
ဝင်ထွက်သွားတိုင်း၊ တင့်နှိုင်းလှတောင်း၊ ထီးဆောင်းစိမ့်မည်၊ စည်ခုနှစ်လုံး၊
ဘိုးကျုံးများစွာ၊ ရွှေပါ ဝတ်စား၊ ပေးသနားသည်။ ။ ဆပွါးမြတ်လေး ကြည်စွာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment