အနက်ဆန့်ကျင်စကားလုံးများ(၁)

အနက်ဆန့်ကျင်စကားလုံးများ(၁)

''ဟော... သမီးရောက်လာပြန်ပြီလား။ မေးစရာမကုန်သေးဘူး ထင်တယ်''

''မေးစရာအသစ်ပေါ်လာလို့ပါဘဘ။ သမီးအမေဈေးကပြန်လာပြီး ပြောတဲ့စကားကို စဉ်းစားမိရင်း ဘဘကိုမေးစရာပေါ်လာတာပါ''

''ပြောစမ်းပါဦး သမီးရယ်၊ ဘာပါလိမ့်''

''အမေက ဈေးကပြန်လာပြီး ပြောတာပါ။ မနက်ကပါ။ 'ဟယ်... ခွေးတစ်ကောင် ကားတိုက်သွားတာ မသေမရှင်ကြီးဖြစ်နေတယ်'..တဲ့။ 'အဲဒါမြင်ပြီး စိတ်မကောင်းလိုက်တာ'တဲ့''

''အဲ..ဟုတ်ပြီ၊ ဒီတော့...''

''ဒီတော့ သမီးစဉ်းစားမိလို့ပါ။ 'မသေမရှင်'ဆိုတာ မဖြစ်နိုင်ဘူး...လို့။ မသေရင်ရှင်မှာပဲ၊ မရှင်ရင်သေမှာပဲ မဟုတ်လားဘဘရယ်။ မသေလည်း မသေ၊ မရှင်လည်း မရှင်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့''

''အေး...အေး၊ သမီးစဉ်းစားတာ ကျိုးကြောင်းဆီလျော်ပါတယ်။ အဲဒီလိုစကားတစ်ခု ရှိသေးတယ်။ 'ရှင်လျက်နဲ့ သေနေတာ'ဆိုတာလေ''

''သမီးဝတ္ထုတစ်ပုဒ်ထဲမှာ ဖတ်ဖူးပါတယ်ဘဘ။ ချစ်သူနဲ့ ကွဲသွားတဲ့ ဇာတ်လိုက်က 'ကျွန်တော့်ဘဝကတော့ ရှင်လျက်နဲ့သေနေပါပြီ'လို့ လွမ်းလွမ်း ဆွေးဆွေးပြောတာပါ''

''အေး...အဲဒီ 'မသေမရှင်'တို့ 'ရှင်လျက်နဲ့သေနေတယ်'တို့ဆိုတာ တွေက စကားအဖြစ်တင်စား ပြောကြတာတွေပါ။ တကယ်တော့ 'မသေ မရှင်'ဆိုတာ မသေသေးဘူးလေ။

ရှင်နေတုန်းပဲမဟုတ်လား။ သေဖို့များ နေလို့ 'မရှင်'လို့ပြောတာပေါ့။

'ရှင်လျက်နဲ့သေနေတယ်' ဆိုတာလည်း အသက်ရှင်နေပေမယ့် သေသွားတဲ့လူတစ်ယောက်လို မျှော်လင့်ချက်တွေ ဘာမှမရှိတော့ဘူးလို့ ပြောတာ ပေါ့ကွယ်''

''နားလည်ပါပြီဘဘ။ ဒီလိုဆိုရင် အဲဒီ 'ရှင်'နဲ့ 'သေ'က ဆန့်ကျင်ဘက် ပေါ့နော်''

''အေး..အဲဒီ 'ရှင်'နဲ့ 'သေ'လို အတွဲတွေကို အနက်ဆန့်ကျင်စကား လုံး (antonym) လို့ ခေါ်တယ်ကွဲ့''

''တခြားစကားလုံးတွေ ဘာတွေရှိပါသေးသလဲဘဘ''

''အေး... ရှင်တာနဲ့သေတာလိုပဲ ဖွင့်တာနဲ့ပိတ်တာ၊ အောင်တာနဲ့ ရှုံးတာ၊ ထိတာနဲ့လွဲတာ၊ ပြီးတော့ ယောက်ျားနဲ့မိန်းမ၊ လူပျိုနဲ့ အိမ်ထောင် သည်၊ အပျိုနဲ့အိမ်ထောင်သည်၊ အဲဒီလို စကားလုံးတွဲတွေဟာ အနက် အဓိပ္ပာယ်ချင်း ဆန့်ကျင်တဲ့စကားလုံးတွေပေါ့ကွယ်''

''ဟုတ်ကဲ့ပါ''

''ခုပြောခဲ့တဲ့စကားလုံးတွေက သမီးပြောတဲ့ 'သေ'နဲ့'ရှင်'လိုပဲ၊ တစ်ခု မှန်ရင်နောက်တစ်ခုက မှားတယ်၊ တစ်ခုမှားရင်နောက်တစ်ခုက မှန်တယ် မဟုတ်လား''

''ဟုတ်တာပေါ့ဘဘ၊ ဖွင့်တယ်ဆိုတာမှန်ရင် ပိတ်တယ်ဆိုတာ မှားတာပေါ့၊ ပိတ်တယ်ဆိုတာမှန်ရင် ဖွင့်တယ်ဆိုတာ မှားတာပေါ့နော်။ သူကယောက်ျားဟုတ်တယ်ဆိုရင် မိန်းမမဟုတ်ဘူး၊ မိန်းမဟုတ်တယ်ဆိုရင် ယောက်ျားမဟုတ်ဘူးပေါ့နော်''

''အေးပေါ့၊ ဖွင့်တယ်ဆိုရင်မပိတ်ဘူး၊ ပိတ်တယ်ဆိုရင်လည်း မဖွင့်ဘူး၊ ထိတယ် ဆိုရင်မလွဲဘူး၊ လွဲတယ်ဆိုရင် မထိဘူးလို့ အပြတ်ပြောနိုင်တာ ပေါ့''

''ဘဘ.. တချို့စကားလုံးတွေက အဲဒီလိုဆန့်ကျင်ဘက်အတွဲမရှိဘူး ထင်တယ်နော်''

''ဘယ်လိုစကားလုံးတွေလဲ သမီးရဲ့''

'' 'သိတယ်'တို့၊ 'စားတယ်''တို့လို စကားလုံးတွေလားလို့''
''ဟုတ်ပါတယ်။ 'ပိတ်'ရဲ့ ဆန့်ကျင်ဘက်ဟာ 'ဖွင့်'လို့ ပြောနိုင်ပေမယ့် 'သိ'ရဲ့ဆန့်ကျင်ဘက်စကားလုံး မရှိဘူးလေ။ စားရဲ့ ဆန့်ကျင်ဘက်စကား လုံးလည်းမရှိဘူး။ အဲဒီလို ဆန့်ကျင်ဘက်စကားလုံး သီးသန့်မရှိတဲ့ စကားလုံးမျိုးတွေရဲ့ ဆန့်ကျင်ဘက်ကိုပြောချင်ရင် ဘယ်လိုပြောရသလဲ သမီး''

''အင်း... သြော်- ရှေ့က'မ'ထည့်ပြီး 'မသိ' 'မစား'ဆိုတာမျိုး ပြောလို့ ရမယ်ထင်တယ် ဘဘ''

''ဟုတ်တာပေါ့။ သမီးကတော်လိုက်တာ။ 'ရှင်'တို့'သေ'တို့လို ဆန့်ကျင် ဘက် သီးသန့်မရှိရင်တော့ ရှေ့က 'မ'ထည့်ပြောလို့ရတယ်။ အင်း... ဆန့်ကျင်ဘက်အတွဲရှိတဲ့ စကားလုံးတွေကိုလည်း 'မသေ'၊ 'မရှင်'၊ 'မဖွင့်'၊ 'မပိတ်' ဆိုတာမျိုးပြောလို့ရတာပဲလေ''

''ဟုတ်ကဲ့ပါ''

''အဲဒီလို'မ'ထည့်ပြောတဲ့ ဆန့်ကျင်ဘက်စကားလုံးတွေမှာလည်း ခုန ပြောသလိုပဲ တစ်ခုမှန်ရင်နောက်တစ်ခုက မှားတယ်လို့ပြောနိုင်တာမို့ ပြတ်ပြတ်သားသားရှိတယ်လေ။ 'မြင်တယ်'ဆိုတာ မှန်တယ်ဆိုရင် 'မမြင်ဘူး' ဆိုတာ မှားတာပေါ့။ ဟုတ်တယ်မဟုတ်လားသမီး''

''ဟုတ်ပါတယ် ဘဘ''

''ကဲ... ခုပြောတာ 'သေ-ရှင်၊ ဖွင့်-ပိတ်' တို့လို နှစ်လုံးတွဲတွေနော်၊ နှစ်လုံးထက်ပိုတဲ့အတွဲတွေလည်း ရှိသေး တယ်ကွဲ့''

''ဘယ်လိုစကားလုံးတွေလဲ ဘဘ''

''ကဲ.... သမီးကိုမေးရဦးမယ်။ 'နီ'ဆိုတာအရောင်နာမည် မဟုတ် လား။ အဲဒီ 'နီ'ကို အသံတစ်သံတည်းရှိတဲ့ အရောင်နာမည်တွေ သမီးစဉ်းစား မိသလောက်ပြောကြည့်စမ်းပါ''

''ဟုတ်ကဲ့ပါ။ 'ဖြူ၊ ပြာ၊ ဝါ၊ စိမ်း၊ ညို၊ နက်၊ မည်း' ဒါပဲထင်တယ်နော် ဘဘ''

''ဟုတ်ပါတယ်။ အဲဒီစကားလုံးမျိုးတွေဟာလည်း အနက်ဆန့်ကျင် စကားလုံးတွေပဲလေ။ နောက်တိရစ္ဆာန် အမျိုးအစားတွေရော ပြောကြည့် ပါဦး''

''ခွေး၊ ကြောင်၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်၊ သမင်၊ ခြင်္သေ့...''
''တော်ပြီ...တော်ပြီ၊ အဲဒီစကားလုံးတွေလည်း အနက်ဆန့်ကျင် စကား လုံးတွေပဲလေ၊ အဲဒီလိုပဲ 'စိန်၊ မြ၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း' စသည် ဖြင့်ပေါ့၊ ကျောက်မျက်ကိုခေါ်တဲ့စကားလုံးတွေ၊ ဒီစကားလုံးအတွဲတွေ လည်းအနက်ဆန့်ကျင်တွေပါပဲ။ ဒီ့ပြင်လည်း အများကြီးရှိဦးမှာပါ''

''ဒါဆိုရင် ခုနပြောတဲ့ နှစ်လုံးတွဲတွေနဲ့သဘောချင်း အတူတူပဲလား ဘဘ''

''ဘဘ အဲဒါရှင်းပြမလို့။ နှစ်လုံးတွဲတွေနဲ့မတူတဲ့ သဘောကဘာလဲ ဆိုတာ ဘဘနဲ့သမီးနဲ့ အတူတူ စဉ်းစားကြည့်ရအောင်''

''ဟုတ်ကဲ့ပါ''

''ကဲ...အရောင်စကားလုံးတွေကို အရင်စဉ်းစားရအောင်၊ 'အဲ့ဒီအင်္ကျီက နီတယ်' ဆိုတာမှန်တယ်ဆိုရင် ဘယ်အရောင်က မှားတယ်ထင်သလဲသမီး''

''ဘဘ....နီတယ်ဆိုတာမှန်ရင် အနီမဟုတ်တဲ့ ကျန်တဲ့အရောင်တွေ အားလုံးမှားတာပေါ့၊ ဟုတ်တယ် မဟုတ်လား ဘဘ''

''အေး...ဟုတ်တာပေါ့။ 'နီတယ်'ဆိုတာမှန်ရင် ဝါတယ်၊ စိမ်းတယ်၊ ပြာတယ်၊ ညိုတယ်၊ နက်တယ်ဆိုတာတွေ အကုန်မှားတာပေါ့။ ဟုတ်တယ် နော်''

''ဟုတ်ပါတယ်ဘဘ''

''ကဲ...ဘဘ ဆက်မေးမယ်။ 'နီတယ်' ဆိုတာ မှားတယ်ဆိုရင်ရော၊ ဘယ်အရောင်မှန်တယ်ထင်သလဲ သမီး''

''ရှင်...နီတယ်ဆိုတာမှားတယ်ဆိုရင် ပြာတယ်ဆိုတာမှန်တယ်လို့ လည်းမပြောနိုင်ဘူး။ စိမ်းတယ်ဆိုတာ မှန်တယ်လို့လည်းမပြောနိုင်ဘူး။ အို....အနီမဟုတ်တဲ့ အခြားဘယ်အရောင်မှန်တယ်လို့မှ မပြောနိုင်တော့ဘူး ထင်ပါရဲ့နော်''

''ဟုတ်တယ်။ နှစ်လုံးတွဲတွေနဲ့ နှစ်လုံးထက်ပိုတဲ့ အတွဲတွေကွာတဲ့ အချက်ဟာ အဲဒါပဲသမီးရဲ့၊ 'သေ-ရှင်၊ ဖွင့်-ပိတ်' လို နှစ်လုံးတွဲတွေမှာ တစ်ခုမှန်ရင် တစ်ခုမှားတယ်။ တစ်ခုမှားရင် တစ်ခုမှန်တယ်လို့ ပြောနိုင် ပေမယ့် နှစ်လုံးထက်ပိုတဲ့အတွဲတွေမှာတော့ အဲဒီလိုမဟုတ်ဘူး။ တစ်ခု မှန်ရင် ကျန်တာတွေအားလုံး မှားတယ်လို့ ပြောနိုင်ပေမယ့် တစ်ခုမှားရင် ကျန်တာတွေထဲက ဘယ်ဟာမှန်တယ်လို့မပြောနိုင်တော့ဘူးလေ။ 'နီတယ်' ဆိုတာမှန်ရင် ဝါတယ်၊ ပြာတယ်၊ စိမ်းတယ်စတဲ့အရောင်အားလုံးမှားပေ မယ့် မနီဘူးဆိုရင် ဘာရောင်လဲလို့ မပြောနိုင်ဘူးဟုတ်လား''

''အဲဒီလိုပဲ၊ 'ခွေး'ဆိုတာ မှန်တယ်ဆိုရင် နွား၊ ကျွဲ၊ မြင်း၊ ဆင်စတဲ့ အခြားတိရစ္ဆာန်တွေ အကုန်မှားတယ်လို့ ပြောနိုင်ပေမယ့် 'ခွေးမဟုတ်ဘူး'လို့ဆိုရုံနဲ့ ဘယ်အကောင်ဖြစ်မယ်ဆိုတာ မပြောနိုင်ဘူးမဟုတ်လား၊ နွား လည်းဖြစ်နိုင်တာပဲ၊ တခြားဘာအကောင်မဆိုဖြစ်နိုင်တာပဲလေ''

''စိတ်ဝင်စားဖို့ကောင်းတယ်နော် ဘဘ''

''အင်း...ဘဘတို့၊ သမီးတို့က စိတ်ဝင်စားပေမယ့် တချို့တွေက 'အဲဒါတွေက တို့နေ့တိုင်းပြောဆိုနေတဲ့ စကားလုံးတွေပဲ၊ ဘာများထူးဆန်း လို့လဲ' လို့ သဘောထားတာမျိုးလည်း ရှိတယ်ကွဲ့''

''ဟုတ်တယ်နော်ဘဘ။ သမီးသူငယ်ချင်းတချို့ကလည်း အဲဒီလို ပြောကြတယ်။ နေ့တိုင်းပြောနေတဲ့စကားလုံး တွေ တို့သိပြီသားတွေပဲ။ ဘာ များထူးဆန်းလို့လဲတဲ့''

''အေး...အဲဒီလိုပြောကြပေမယ့် ခုဘဘတို့၊ သမီးတို့ ဆွေးနွေးကြ သလို စကားလုံးတွေရဲ့အကြောင်းကို စနစ်တကျစူးစမ်းလေ့လာပြီး ပြောတာမျိုးနဲ့တော့ မတူဘူးပေါ့ကွယ်။ ဒီစကားလုံးတွေကို လူတိုင်း ပြောဆိုနေကြတာမို့ ဆန်းတော့မဆန်းဘူးပေါ့။ ဒါပေမယ့် ဒီစကား လုံးတွေအကြောင်းကို ပညာရပ်တစ်ခုအဖြစ် စူးစမ်းလေ့လာတာကတော့ အသိပညာကိစ္စမို့ အလေးထားရတာပေါ့ကွယ်''

''ဟုတ်ကဲ့ပါ ဘဘ''

''ဘဘ ဥပမာတစ်ခုပေးမယ်။ ဈေးထဲက ကြက်တစ်ကောင်ဝယ်လာ ရင် အဲဒီကြက်ကို အိမ်ရှင်မတစ်ယောက်က ဘယ်လိုမြင်မလဲ။ ဟင်းချက် စားဖို့ ဟင်းလျာအဖြစ်မြင်ပြီး ခုတ်ထစ်ချက်ပြုတ်မှာပေါ့။ ဒါပေမယ့် အဲဒီ ကြက်ကို သတ္တဗေဒပညာရှင်တစ်ယောက်မြင်ရင်တော့ တိရစ္ဆာန် တစ်ကောင်အဖြစ် ဖွဲ့စည်းတည်ဆောက်ထားတဲ့ အင်္ဂါအစိတ်အပိုင်း တွေအဖြစ် သူ့ပညာရပ်ရှုထောင့် က ကြည့်မှာပေါ့ကွယ်။ အဲဒီလိုပါပဲ၊ ဘဘ တို့နေ့တိုင်းပြော နေတဲ့ စကားတွေကိုလည်း စကားအဖြစ်ပဲမြင်ရင်တော့ ဘာမှ မထူးဆန်းဘူးပေါ့။ စကားတွေကို စနစ်တကျ လေ့လာတဲ့ပညာရပ် ရှုထောင့်ကလေ့လာရင်တော့ ခုဘဘတို့ သမီးတို့ပြောကြသလို ဘာသာ စကားနဲ့ပတ်သက် ပြီး အသိအမြင်တိုးပွားစရာ၊ ပညာရစရာတွေ တွေ့လာ မှာ ပေါ့ကွယ်။ ကဲ-နားကြဦးစို့''

''ကျေးဇူးတင်ပါတယ် ဘဘ''

မောင်ခင်မင်(ဓနုဖြူ )

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း