စိုရုံလေးပဲ



 စိုရုံလေးပဲ

          အဲသည်နေ့က ရွာနေသောမိုးသည် ဘယ်တော့မှ မစဲတော့မည့်ပုံနှင့် ဖြစ်သည်။ ရွာနေပုံကလည်း ဘယ်တုန်းကမှ မရွာဘူးသေးသော အညာသားပုံစံနှင့်မိုး ဖြစ်သည်။ တကယ့်ကို အုန်းအုန်းဒိုင်းဒိုင်းနှင့် ရွာနေခြင်း ဖြစ်သည်။ ထိုနေ့သည်…။
          ***                                           ***                                           ***
         ထိုနေ့သည် မိုးလေဝသနှင့် ဇလဗေဒဌာနမှ မိုးရွာမည်၊ ရွာရန်ရာနှုန်း ရှစ်ဆယ်ရှိသည်၊ နေရာကွက်၍ မိုးကြီးနိုင်သည် စသည်ဖြင့် ကြိုတင်ကြေငြာထားသည့် နေ့လည်းဖြစ်နိုင်သည်။ သို့မဟုတ် ကြေငြာချင်မှလည်း ကြေငြာထားပေလိမ့်မည်။ သို့သော် အမှန်တကယ်မိုးရွာခဲ့သောနေ့လည်း ဖြစ်သည်။
          သူမယုံကြည်သည့် သတင်းများတွင် မိုးလေဝသ သတင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ သူကြားနေကြ သတင်းရပ်ဝန်းများထက်တော့ အနည်းငယ်ယုံကြည်ဖွယ်ကောင်းသည်။ နောက်ပြီး ဒီသတင်းက ပွင့်လင်းမြင်သာသည်။ ရွာရန်ရာနှုန်းရှစ်ဆယ် ဆိုသော်လည်း ရွာချင်လျှင်ရွာမည်။ မရွာလျှင်လည်း ရသည်။
          ထိုသတင်းမှားအတွက် မည်သူတစ်ဦးတစ်ယောက်မျှ မိုးလေဝသရုံးရှေ့သွားကာ စီတန်းဆန္ဒပြခြင်း မရှိသည်က သက်သေဖြစ်သည်။ သူသည် ဂျာနယ်လစ်တစ်ယောက် ဖြစ်သည်။ သူကြားသိ တွေ့မြင်နေရသည့် တစ်ရာ ရာခိုင်နှုန်းသေချာသည့် သတင်းများသည် ရှစ်ဆယ်ရာခိုင်နှုန်းသေချာသည်ဆိုသော မိုးလေဝသ သတင်းလောက်ပင် မှန်ကန်မှုမရှိသည်ကို တွေ့နေရသည်။ အချိုးချကြည့်ရလျှင် နှစ်ဆယ်ရာခိုင်နှုန်းမျှပင် မမှန်သည်က အထင်အရှားဖြစ်သည်။ သတင်းဦး၊ သတင်းထူးဖြစ်ဖို့အတွက် သူ ကင်မရာတကားကားနှင့် နေရာအနှံ့ ခြေဆန့်သည်။ ရုတ်ရုတ်သဲသဲဖြစ်နေသော နေရာများ၊ ကြိတ်ကြိတ်နှင့် တိုးတိုးတိတ်တိတ် လှုပ်ရှားနေသော နေရာများသို့ ရောက်ဖြစ်သည်။
          “ ဒါက ဒီလိုရှိတယ်ဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံးက …”
          ဆယ်တန်းတွင် ဓမ္မဓိဌာန်မေးခွန်းများကို တစ်ခုမကျန် မှန်အောင်ဖြေခဲ့ဖူးသည်ဆိုသော ဓမ္မဓိဌာန် ဆရာကြီးများ၏ သုံးသပ်ချက်များ။
          “ ကျုပ်တို့က ကိုယ်တိုင်လှုပ်ရှားနေတာဗျ၊ ကျုပ်တို့လောက် ခင်ဗျားသိအုံးမလား …”
          ပြောင်ပြောင်တင်းတင်း ပြောလာသည့် လက်တွေ့သမားတစ်ယောက်၏ ခံယူသိမြင်မှုများ။ (ထိုသူက တကယ့်ကို ပြောင်ပြောင်တင်းတင်း ပြောခြင်းဖြစ်သည်။ အထက်တန်းကျောင်းတွင် တစ်တန်းထဲတက်ခဲ့ဖူး၍ ထိုသူ့အကြောင်းကိုတော့ သူအတော်အတန်သိသည်။ တကယ့်လက်တွေ့သမားဖြစ်သည်။ တစ်ရက် သိပံလက်တွေ့ခန်းထဲတွင် မည်သည့်ဆေးရည်နှင့် မည်သည့်ဓာတ်ကို ပေါင်းစပ်ကာ လက်တွေ့စမ်းသပ်လိုက် သည်မသိ။ ဝုန်းဆိုသော အသံကျယ်ကြီးကြားပြီးသည့်နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ ရောက်သွားချိန်တွင် ကျောင်းဓာတ်ခွဲခန်းထဲရှိ သူ့ထံတွင် မျက်တောင်မွေးမရှိ၊ မျက်ခုံးမွေးမရှိ၊ ဦးစွန်းဖုတ်ပင် မရှိတော့ချေ။ ထိုစဉ်ကတည်းက ပြန်မပေါက်တော့သည့် အမွေးအမျှင်များကြောင့် သူ့မျက်နှာသည် ပြောင်တင်းတင်းဖြစ်သွားသည်။ ယခုချိန်ထိတိုင် ပြောင်ဆဲ၊ တင်းဆဲ ဖြစ်သည်။)
          “ ကလေးတောင် သိတယ်ဗျ၊ တစ်နဲ့တစ်ပေါင်းရင် … နှစ်နဲ့တစ်ပေါင်းရင် ရလာမယ့်အဖြေတွေကို အားလုံးက သိကြပြီးသား၊ ခုကိစ္စက ဒီလောက်ကိန်းသေနေတာ ရလဒ်တွေက ဘာလဲ၊ ဘယ်ကိုဦးတည်နေ တာလဲ၊ အရှင်းကြီးဗျ…”
          ဖြစ်စဉ်တစ်ခုကို အတိအကျတွက်ချက်ပြတတ်ကြသည့် ဂဏန်းကျေသည့် သင်္ချာသမားကြီးများ၏ တွက်ချက်သုံးသပ်ကြပုံများ။ ပုံသေနည်းအမျိုးမျိုးနှင့် တွက်ချက်ကြသည့်အတွက် အဖြေတွေကလည်း အမျိုးမျိုးပင်ဖြစ်သည်။ ထိုအဖြေအမျိုးမျိုးမှာပင် အဖြေမှန်မဟုတ်သည့် ရလဒ်တွေချည်း ဖြစ်နေသည်က ထူးဆန်းသည်။ ပုံသေနည်းတစ်မျိုးတည်းနှင့် အဖြေတစ်မျိုးတည်းဖြစ်ခဲ့လျှင်တောင် ဒါဟာ အမှန်မဟုတ်ဘူး ဆိုတာကို သူတို့လက်ခံလာအောင် မည်သည့်တန်ခိုးရှင်မျှ ရှင်းပြနိုင်လိမ့်မည်မဟုတ် ဆိုသည်ကတော့ သေချာသည်။ ဘဝမှာတစ်နဲ့တစ်ပေါင်းပြီး နှစ်မဖြစ်တာတွေ၊ နှစ်နဲ့တစ်ပေါင်းပြီး သုံးဖြစ်မလာသည့် ကိစ္စရပ်တော်တော်များများကို သူတို့မသိကြ။ သူတို့သိသည်က သူတို့အသုံးပြုထားသည့် စံ၊ ပေတံလျော့ကျ မသွားရေးဖြစ်သည်။ သိခဲ့ဖူးသည့် ရလဒ်အဖြေလေးများကို အသေဆုပ်ကိုင်ထားကြခြင်းဖြင့် သူတို့၏ မျက်လုံးတွေကို စုံမှိတ်ထားခဲ့ကြသည်။ ဂဏန်းကျေသည့် ထိုသင်္ချာဆရာကြီးများအတွက် ရင်လေးသည်။ ထို့ကြောင့် ရင်ပေါ့စေရန်အတွက် ထိုဆရာကြီးများအကြောင်း သူမစဉ်းစားတော့။
          “ ကျုပ်တို့ဘဝက လယ်ပဲဗျ၊ လယ်မရှိတဲ့ လယ်သမား ဘာသွားလုပ်စားရမလဲ၊ ဈေးဆိုင်ကဆန် အိုးထဲရောက်ဖို့ လွယ်များမှတ်နေလား …”
          လယ်သမားအယောင်ဆောင် ထန်းတက်စားသည့် ထန်းသမား၏ အမြင်မရှင်းဘဲ ရင်ရှင်းချင်သဖြင့် ခုန်ပေါက်ထွက်လာသော ထန်းခိုးဝေ့ဝေ့ စကားသံများ။ အမြင့်တက်မှ ဝေးဝေးမြင်ရသည်ဆိုသည့် သီအိုရီ အလွဲကြီးကို မည်သူကများ ထွင်ခဲ့ပါလိမ့်ဟု သူမကြာခဏ စဉ်းစားမိသည်။ သာမန်လူသားတစ်ယောက် အတွက် မူ (ပြင်ပအကူအညီမပါဘဲနှင့်) လူသားစက္ခုဖြင့် မြင်နိုင်စွမ်းရှိသမျှ မြင်ပေလိမ့်မည်။ သို့သော် အမြင်အာရုံ ဝေဝါးနေသည့် လူတစ်ယောက်အတွက်မူ အမြင့်တက်လိုက်မှ ဘာမျှ မမြင်ရတော့ခြင်းမျိုးလည်း ဖြစ်သွားနိုင် သည်။ အရေးကြီးသည်မှာ အမြင်ရှင်းရေးဖြစ်သည်။ အမြင်ရှင်းမှ ရင်ရှင်းစရာကိစ္စတွေကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသို့ သူယုံကြည်ယူဆသည့် အတွေးအမြင်လေးများကို ဂျာနယ်ထက်မှာ အက္ခရာ စဉ်သည်။ ကျေနပ်စရာပင် ဖြစ်သည်။
          ကျေနပ်စရာမကောင်းသည်က ဘဝကို ဓမ္မဓိဌာန်ကျကျ ဖြတ်သန်းနေသည်ဆိုသော ဓမ္မဓိဌာန် ဆရာကြီးများ၏ သုံးသပ်ချက်များ၊ ကိုယ်တွေ့ဗျဆိုသည့် လက်တွေ့သမားများပြောပြသည့် အကြောင်းအရာများ၊ အရာရာကို အတိအကျ တွက်ချက်ပြတတ်သည့် အတွက်အချက်သမားများ၏ အယူအဆများ၊ အလွှာအသီးသီး လူတန်းစားအသီးသီးထံမှ ထင်မြင်ယူဆချက်များ အားလုံးကို ပေါင်းစပ်ကာ ဘွဲ့တစ်ခုရထားသည့် (ကိုရင်ဝတ်တုန်းက ဘွဲ့ကိုထည့်ပြီး ရေတွက်မထားပါ။ ငယ်စဉ်က ကိုရင်ခဏခဏဝတ်၍ သူ့တွင် ဘွဲ့များစွာ ရှိသည်။ မှတ်ပင် မမှတ်မိတော့။ လောကီဘွဲ့ကတော့ ဘီအက်စ်စီ တစ်ခုသာဖြစ်သည်။) သူ၏ ဦးနှောက်ဖြင့် ဖြစ်နိုင်ချေအရှိဆုံးသော ကောက်ချက်ကို ချကာ ဂျာနယ်ထက်တွင် စာစီသည်။ ထိုကောက်ချက်မှာ မိုးလေဝသ သတင်းလောက်ပင် မှန်ကန်ဖူးခြင်း မရှိသောအခါ ဂျာနယ်လစ်အဖြစ်မှ ဝတ္ထုတိုလိုင်းသို့ပြောင်းရန် ကြိုးစားသည်။ ထို့နောက် ခြောက်လတွင် တစ်ပုဒ်ခန့်ပါသော ဝတ္ထုတိုဆရာဘဝကို လုံးဝခံယူလိုက်တော့သည်။ ဝမ်းရေး အတွက်မူ ပူစရာ မလိုခဲ့။ မိဘလုပ်စာကို မသိကျိုးကျွံပြုကာ မျက်နှာပြောင်ပြောင်နှင့် အခန့်သား ထိုင်စားနေသည့် လူပျိုကြီးဖြစ်နေသောကြောင့် ဖြစ်သည်။
          မှန်ပါသည်။ သူ့ရွေးချယ်မှု မှန်ကန်သွားသည်ကို သိသည်။ ယနေ့လည်း အိမ်မှာနေမည်ဟူသော သူ့ဆုံးဖြတ်ချက် မှန်သွားပြန်သည်။ အပြင်ဘက်တွင် မိုးတွေက သည်းသည်းမည်းမည်းကို ရွာနေဆဲဖြစ်သည်။ လျှပ်စီးတွေက တဝင်းဝင်းတလက်လက်နှင့် ပြိုးပြိုးပြက်ပြက် ရှိလှသည်။ မနက်ခင်းတုန်းက မိုးရွာမည့် အရိပ်အယောင်ပင် မရှိ။ နေသာမည့် နေ့တစ်နေ့၏ အရိပ်အယောင်သာ ပြခဲ့သည်။
          ဝတ္ထုတစ်ပုဒ်ပြီးအောင် ရေးမည်ဟူသော ဆုံးဖြတ်ချက်နှင့် မနက်(၉)နာရီတွင် အိပ်ယာမှထသည်။ အမေနှင့်အဖေက ညီမလတ်ရှိရာမြို့သို့ ဘုရားဖူးသွားနေသဖြင့် ထိုအချိန်ထိတိုင် သူအိပ်ခွင့်ရခြင်းဖြစ်သည်။ မျက်နှာသစ်၊ သွားတိုက်၊ ကော်ဖီသောက်ပြီးနောက် စာရေးစားပွဲမှာ ထိုင်သည်။ ညဦးပိုင်းက အာရုံကွန့်မြူးထား သည့် ဇာတ်လမ်းလေးသည် အိပ်ယာထက်တွင် အိပ်မက်နှင့်အတူ ကျန်ရစ်ခဲ့သည်။ ထိုင်းမှိုင်းလေးလံသည့် သူ့ဦးခေါင်းထဲမှ မည်သည့် စာသားမျှ ထုတ်၍မရတော့။ တစ်ခုခုလုပ်ဦးမှဆိုသောအသိနှင့် အိမ်ရှိအုတ်ရေကန်ကို ရေဆေးသည်။ အုန်းဆံဖတ်နှင့်တိုက်သည်။ စွဲနေသည့် ရေညှိတချို့ကို သံဘရပ်ရှ်ဖြင့် ချွတ်သည်။ ရေကန်ဆေးပြီးနောက် စိုနေသည့်ခြေထောက်နှင့် နံစော်နေသည့် ရေညှိနံ့တို့ကြောင့် ခေါင်းက ထိုးကိုက်လာ သည်။ ရေတင်ရန် မော်တာဖွင့်လိုက်တော့ လျှပ်စစ်မီးက ဘယ်အချိန်ကတည်းက ပျက်သွားသည်မသိ။ ရေမချိုးရသဖြင့် အဝတ်ဟောင်းတစ်ခုနှင့် ကိုယ်လက်သုတ်သင်လိုက်သည်။
          စာရေးမရသဖြင့် စာအုပ်စင်တွင်ရှိသည့် စာအုပ်များဘက် လှည့်လိုက်သည်။ မဖတ်ချင်ဘူးဆိုသော အဖြေကို ဦးနှောက်က အချက်ပြသည်။ အင်ဗာတာအားကိုးဖြင့် တီဗွီဖွင့်ကြည့်သည်။ အို ထူးဆန်းလှချည်လား။ လိုင်းပေါင်း တစ်ရာကျော်သည့် (Skynet) စကိုင်းနက်တွင် သူစိတ်ဝင်တစားကြည့်ရမည့် တစ်လိုင်းမျှမရှိ။ အကြံကုန်သဖြင့် အိပ်ယာထဲတွင်ခွေကာ ရောက်တတ်ရာရာ တွေးနေလိုက်သည်။ ထိုအချိန်ထိ မိုးရွာမည့် အရိပ်အယောင်ကို မတွေ့ရသည်မှာ သေချာသည်။ သားဖြစ်သူ သူ့အပေါ်တွင် မိဘတို့၏ နောက်ဆုံးကျင့်ဝတ် ကျန်နေသေးကြောင်း စဉ်းစားပြီးနောက် မကြာမီ အိပ်ပျော်သွားသည်ကလည်း သေချာသည်။
          သူအိပ်ယာနိုးလာရသည်မှာ စိမ့်ကနဲအေးစိမ့်သွားသည့် မိုးသက်လေကြောင့်ဖြစ်သည်။ ထို့နောက် ဗြောင်းဗြောင်းဗြောင်းဗြောင်းနှင့် သွပ်မိုးပေါ်သို့ မိုးစက်များစွာကျလာခဲ့သည်။ ပြောင်းလဲသွားသည့် ဝန်းကျင်ကို ငေးနေပြီး မကြာမီပင် အိပ်ယာထက်သို့ ပက်မိုးအဖြစ်နှင့် မိုးစက်များစွာ ခုန်ဆင်းလာသည်။ ပြတင်းတံခါးကို ပိတ်လိုက်ပြီး အိမ်ရှေ့ခန်းသို့ ထွက်ခဲ့လိုက်သည်။
          နောက်ဖေးတွင်လှန်းထားသော ရေကန်ဆေးစဉ်ဝတ်ထားသည့် ဘောင်းဘီတိုကြီးမှတပါး ခြံဝန်းထဲတွင် သိမ်းရုတ်စရာ အဝတ်မရှိသည်ကို သူသိသည်။ တစ်ထပ်တိုက်ခေါင်မိုးပေါ်သို့ အရှိန်ပြင်းပြင်းကျနေသည့် မိုးသံများကြားမှဖောက်၍ အိမ်ရှေ့လမ်းမရှိ ဘောလုံးပွဲမှ အသံတို့က တိုးထွက်လာသည်။ မိုးရေချိုးလျှင် ကောင်းမလားဟု စဉ်းစားမိသည်။ တစ်ဝင်းလုံးကွန်ကရစ်ခင်းထား၍ ရေမတင်သော်လည်း ရေတံလျောက်မှ သွယ်တန်းထားသည့်ပိုက်တွင် မိုးရေတို့က အရှိန်ဖြင့် ပန်းထွက်စီးဆင်းနေသည်။ သူတို့အိမ်တွင် ထိုနေရာမျိုး သုံးနေရာရှိသည်။ ကားဂိုထောင်ထောင့်တွင်တစ်ခု၊ အနောက်တောင်ထောင့်တွင်တစ်ခု၊ အရှေ့တောင်ထောင့် တွင် တစ်ခု ဖြစ်သည်။ ထိုနေရာတွင် မိုးရေခံထားသည့် အုတ်ကန်တစ်ခုရှိသည်။
          ပက်လက်ကုလားထိုင်တွင် ပျင်းတိပျင်းတွဲထိုင်ရင်း မိုးရေချိုးသင့် မချိုးသင့် စဉ်းစားနေမိသည်။ မိုးရေမချိုးတောင် မိုးနှင့် ပတ်သက်သည့် ဝတ္ထုတစ်ပုဒ်လောက် ရေးလိုက်ရလျှင်ကော။ ငယ်တုန်းက မိုးရေထဲမှာ ဖြစ်ခဲ့သည့် အဖြစ်အပျက် တစ်ခုခုကို အက်ဆေးဖြစ်ဖြစ် ရေးလိုက်ရလျှင် ကောင်းမည်ထင်သည်။
          ရုတ်တရက် မြည်ဟီးသွားသည့် မိုးခြိမ်းသံကြောင့် အတွေးလွန်နေသဖြင့် လန့်သလိုဖြစ်သွားသည်။ မိုးရွာထဲမှာ … ။ မိုးခြိမ်းသံကြောင့် စာရေးဆရာမ ဖြစ်သါားသည့် အသိတစ်ယောက်ကို ဖြတ်ခနဲ သတိရလိုက်မိသည်။ သူ့ချစ်သူကောင်လေးက သွေးကင်ဆာနှင့် ဆုံးသွားသည်။ ထိုကောင်လေးနှင့် စတင်ဆုံစည်းခဲ့သည်က မိုးသည်းသောနေ့ သိပ်မကြီးလှသည့် သစ်ပင်တစ်ပင်အောက်တွင် ဖြစ်သည်။ မိုးခြိမ်းသံကြောင့် အကြောက်လွန်သွားသည့် မိန်းကလေးတစ်ယောက် … ။ ထို့နောက် … ထို့နောက်မှာတော့… ။
          ကောင်လေးသေဆုံးပြီးနောက် ချစ်သူကို လွမ်းမောအောက်မေ့စိတ်၊ တမ်းတစိတ်ဖြင့် မိုးရွာထဲမှာ ဆိုသော အကြောင်းအရာလေးတစ်ခု မဂ္ဂဇင်းစာမျက်နှာထက်သို့ တက်လာသည်။ စာပေစကားနှင့် ပြောလျှင် ထိုစာမူလေးဖြင့် စာပေလောကထဲ ရောက်လာသူလေးဖြစ်သည်။ ဝတ္ထုတိုဆရာမအဖြစ် ထင်ရှားလာချိန်တွင် စာပေနယ်မှ ဆရာတစ်ယောက်နှင့်ပင် ဖူးစာဆုံသည်။ ထိုဆရာက ပို၍ပြတ်သည်။ ဆရာမ ရေးသည်က ဝတ္ထုတို၊ ထိုဆရာရေးသည်က တစ်မျက်နှာဝတ္ထု။ မွေးလာမည့် ကလောင်သားလေးများက မည်မျှ တိုသည့် ပြတ်သည့် စာတွေရေးမည်မသိ။ သူပေါက်တတ်ကရတွေးရင်း ပက်လက်ကုလားထိုင်ထက်တွင် ပျင်းကြောဆန့်လိုက်သည်။ ရုတ်တရက်လက်သွားသည့် လျှပ်စီးအပြက်တွင် ဧည့်ခန်းမှာ ချိတ်ထားသည့် မိဘနှစ်ပါးတွဲရိုက်ထားသည့် ဓာတ်ပုံကို မြင်လိုက်သည်။ ငွေရောင်ဘောင်ကွပ်ထားသည့် ဓာတ်ပုံထဲမှ အမေက သူ့ကိုပြုံးကြည့်နေသည်။ အဖေက သူ့ကို ပြူးကြည့်နေသည်ဟု ထင်လိုက်သည်။
          " ကောင်းကွာ၊ သိပ်ကောင်း၊ မင်းမွေးထားရတာ ဒီအရွယ်ထိ ငါဘယ်နှစ်ခါများ ဂုဏ်ယူခဲ့ရဖူးလဲ၊ ရေနံဆို ရေနံ၊ ရွှေတွင်းဆို ရွှေတွင်း၊ ခု လက်ထဲမယ် ကင်မရာတစ်လက်ရောက်လာပြန်ပြီ။ ဟိုတဖြတ်ဖြတ်၊ ဒ်ီလက်လက်နဲ့။ မျောက်လက် ဝရဇိန်ရောက်နေသလိုပဲ။ မလုပ်ဘူးတာလဲ မရှိဘူး။ ဘယ်နေရာ ချွန်သလဲဆိုတော့ လဲ ဘယ်နေရာမှ မချွန်ဘူး။ ဘာလုပ်လုပ် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ မင်းတိုင်းကျေလုပ်တာကိုး။ စိက်လိုက် မတ်တတ်ကို မရှိဘူး။ ဗမာပြည်မှာ ထမင်းငတ်သေတဲ့ မသာတော့ မရှိဘူး။ ထမင်းဝတဲ့ လူတန်းစားထဲမှာ မင်းမပါတာတော့ သေချာတယ်။ တပြည်လုံးရွာနေတဲ့မိုးတောင် မင်းလိုကောင်အတွက် ဟင်း … "
          မိုးခြိမ်းသံနှင့်အတူ သူ ရုတ်တရက် ဖြတ်ခနဲပင် ပက်လက်ကုလားထိုင်မှ ထလိုက်သည်။ ထို့နောက် ကပျာကသီအဝတ်လဲကာ မိုးရွာထဲသို့ ပြေးထွက်လိုက်သည်။ အေးစက်သည့်အထိအတွေ့နှင့်အတူ မျက်နှာထက်သို့ မိုးစက်တွေ ခုန်ဆင်းလာသည်။ ချမ်းစိမ့်သွားသဖြင့် အနည်းငယ်တုန်သွားသည်။ မိုးစက်များက သူ့ထံသို့ ဖြေးလေးစွာ၊ ကျဲပါးစွာ။ ကောင်းကင်းကို မော့ကြည့်လိုက်တော့ သူအံ့အားသင့်သွားသည်။ မိုးတိတ်ပြီ။ မိုးတိတ်သွားပြီ။ ရေတံလျှောက်နှင့် ဆက်ထားသည့် ပိုက်အောက်သို့ တိုးဝင်လိုက်သည်။ ပိုက်မှ မိုးရေစက်တို့က ကြွက်မြီးတန်းနေပြီ။ အသံတိတ်ကျိန်ဆဲလိုက်ပြီး နောက်ဘက်မိုးရေခံထားသည့် အုတ်ကန်ဆီသို့ အပြေးအလွှားသွားသည်။
          " ဟင် … "
          အုတ်ကန်အောက်ခြေတွင် ပိတ်မထားဖြစ်သည့် အပေါက်လေးကိုကြည့်ရင်း သူတက်တစ်ချက် ပြင်းပြင်းခေါက်သည်။ မိုးရေမချိုးရလည်း ရတဲ့ရေချိုးမှာပေါ့ဆိုသောအတွေးနှင့် အိမ်ရှေ့လက်ထွက်လာလိုက် သည်။ စိုရုံလေးမျှသာရှိသည့် ရေစက်တို့ကို ဒေါသနှင့် သပ်ပစ်လိုက်သည်။ ခန္ဓာကိုယ်ပေါ်ပင် နှံ့အောင်မစိုလိုက်ရ သည့် မိုးရေစက်တို့ကြောင့် ပူရှိန်းရှိန်းစေးကပ်ကပ်နှင့် နေရခက်လှသည်။ သုတ်သုတ်လှမ်းနေသည့် သူ့ခြေလှမ်း တို့က အိမ်ရှေ့ရေကန် မရောက်မီပင် တုန့်ရပ်သွားကြသည်။ မနက်ခင်းတုန်းက ဆေးထားသည့်ရေကန်တွင် မီးပျက်နေ၍ ရေမဖြည့်ရသေးသည်ကို အမှတ်ရလိုက်မိစဉ် အဖေ့စကားသံတို့က ဝေ့ဝေ့ဝဲဝဲ။ တပြည်လုံးရွာနေတဲ့ မိုးတောင် မင်းလိုကောင်အတွက် … ။ သူကောင်းကင်ကို မော့်ကြည့်လိုက်ရင်း … ။
          " တောက် … "
          မိုးရွာပြီးနောက် ထွက်ပြူလာသည့် နေခြည်နုနုအောက်တွင် ခေါင်းငိုက်စိုက်ချကာ မတ်တပ်ရပ် လျက်ရှိသည့် လူတစ်ယောက်ကို ထိုအိမ်ရှေ့ဖြတ်သွားသူများ သတိပြုမိမည်ဆိုက တွေ့နိုင်မည်ဖြစ်သည်။ ထိုသူသည် … ။
***                                           ***                                           ***
အဲဒီနေ့က ရွာနေသောမိုးသည် ဘယ်တော့မှ မစဲတော့မည့်ပုံနှင့်ဖြစ်သည်။ တကယ့်ကို သည်းသည်းထန်ထန်နှင့် မိုးလုံးကျွတ်မျှ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။ ထိုမိုးသည် သူ့အတွက်တော့ … ။ ဟုတ်သည်။ သူ့အတွက်တော့ ထိုမိုးသည် … ။
***                                           ***                                           ***
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/
(၂၂.၂.၂၀၁၄ နေ့လည် ၂နာရီ ၂၂ မိနစ်ပြီး)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း