အနက်ဆန့်ကျင် စကားလုံးများ (၃)

အနက်ဆန့်ကျင် စကားလုံးများ (၃)

''ဘဘ အနက်ဆန့်ကျင် စကားလုံးတွေက နောက်ထပ်ဘယ်လိုဟာမျိုး ရှိပါသေးသလဲ''

''နောက်တစ်မျိုးကတော့'တက်တာ'နဲ့'ဆင်းတာ'တို့၊ 'သွားတာ'နဲ့'လာတာ'တို့၊ 'ရှေ့'နဲ့'နောက်'တို့၊ 'ဆရာ'နဲ့'တပည့်'တို့ အဲဒီလိုအပြန်အလှန်သဘော ဆန့်ကျင်နေတဲ့ စကားလုံးမျိုးတွေပေါ့ကွယ်''

''ရှင်းပြပါဦး ဘဘ''

''အင်း...'တက်'နဲ့'ဆင်း'လို အတွဲမျိုးကို ဦးတည်ရာချင်း ဆန့်ကျင် ဘက်လို့ ခေါ်ရမှာပေါ့။ သမီးက အိမ်အောက်ထပ်ကနေ အပေါ်ထပ်ကို သွားတာမျိုး၊ ရွှေတိဂုံစေတီတော်ရဲ့ မုခ်လှေကားရင်းကနေ ကုန်းတော်ပေါ်ကို သွားတာမျိုး၊ အနိမ့်က အမြင့်ဆီကို ဦးတည်သွားရင် တက်တယ်လို့ သုံးတယ် မဟုတ်လား''

''ဟုတ်ပါတယ် ဘဘ''

''ကဲ...အဲဒီလမ်းအတိုင်း အမြင့်ကနေ အနိမ့်ဆီကိုဦးတည်သွားရင် ဘယ်လို သုံးသလဲ''

''ဆင်းတယ်လို့ သုံးပါတယ် ဘဘ''

''ဒီတော့'တက်'နဲ့'ဆင်း'ဟာ ဦးတည်ရှေးရှုတဲ့ဘက်ချင်း အပြန်အလှန် ဆန့်ကျင်နေတယ်မဟုတ်လား''

''ဟုတ်ပါတယ် ဘဘ''

''အဲဒီလိုပဲ၊ 'သွား' နဲ့'လာ'၊ 'တွန်း' နဲ့'ဆွဲ'၊ 'ပေး'နဲ့ 'ယူ'၊ 'ရောင်း'နဲ့'ဝယ်'ဆိုတဲ့အတွဲတွေဟာလည်း အပြန်အလှန်ဆက်သွယ်နေတဲ့ ဆန့်ကျင်ဘက် စကားလုံးတွေပဲပေါ့ကွယ်။

အဲဒီအတွဲတွေထဲမှာ'သွား'နဲ့'လာ'က တော်တော် အသုံးတွင်ကျယ်တယ်။ စိတ်ဝင်စားစရာလည်းကောင်းတယ်''

''ရှင်းပြပါ ဘဘ''

''ဘဘတို့တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ ပြောသူရယ် နာသူရယ်၊ နာသူဆိုတာ ပြောသူကတိုက်ရိုက်ပြောတာကို နားထောင်ရတဲ့ သူပေါ့၊ ပြီးတော့ပြောသူ လည်းမဟုတ် နာသူလည်းမဟုတ်တဲ့ တခြားသူရယ် ဆိုပြီး သုံးမျိုးရှိတယ် မဟုတ်လား''

''ဟုတ်ပါတယ် ဘဘ''

''ပြောသူနဲ့နာသူက 'ခင်ဗျား'နဲ့ 'ကျွန်တော်'၊ 'နင်'နဲ့'ငါ'၊ 'ရှင်'နဲ့ 'ကျွန်မ'ဆိုတဲ့စကားတွေသုံးပြီး တိုက်ရိုက်ပြောလေ့ရှိတယ်။ တခြားသူအကြောင်း ပြောရင်တော့ 'သူ' လို့ ရည်ညွှန်းတယ်မဟုတ်လား''
''ဟုတ်ပါတယ် ဘဘ''

''ပြောသူနဲ့နာသူ အပြန်အလှန်ဦးတည်ပြောရင်'လာ'လို့ ပြောတယ်။ တခြားသူကို ဦးတည်ပြောရင်'သွား'လို့ပြောတယ်ကွဲ့''
''သမီး သိပ်နားမလည်ပါဘူး ဘဘ''

''ဒီလိုလေ၊ ဥပမာသမီးက မန္တလေးမှာနေတဲ့ သမီးသူငယ်ချင်းဆီကို ခရီးထွက်မယ်ဆိုပါတော့။ ဘယ်လိုပြောမလဲ။ နင့်ဆီငါသွားမယ်လို့ ပြော မလား''
''နင့်ဆီငါလာမယ်လို့ပြောမှာပေါ့ ဘဘရဲ့''

''အေး...သူကသမီးဆီဦးတည်ရင်လည်း နင့်ဆီငါလာမယ်လို့ပဲပြော မှာပဲလေ။ အဲ...သမီးတို့နှစ်ယောက်က မြစ်ကြီးနားမှာနေတဲ့တခြားသူငယ် ချင်းဆီဦးတည်ပြီး ခရီးထွက်မယ်ဆိုရင်ကော၊ သမီးတို့ချင်းဘယ်လိုပြောမလဲ''

''မြစ်ကြီးနားက လှလှဆီငါတို့သွားမယ်လို့ပြောမှာပေါ့ဘဘ''

''ဒါကြောင့် ပြောသူနဲ့နာသူအပြန်အလှန်သုံးရင် 'လာ'လို့သုံးပြီး တခြား သူဆီကို ဦးတည်ရင် 'သွား'လို့ သုံးတယ်လို့ ဘဘပြောတာပါ''

''ဟုတ်ကဲ့ပါ''

''အဲ မြစ်ကြီးနားက သူငယ်ချင်းက သမီးတို့ဆီဦးတည်ရင်လည်း 'လာ'လို့ပဲသုံး မှာပဲလေ။ 'နင်တို့ဆီငါလာမယ်'လို့ပြောမှာပေါ့''

''ဟုတ်ကဲ့ပါ''

''ပြောသူရှိတဲ့နေရာကို ဦးတည်ရင် 'လာ'၊ ပြောသူရှိမနေတဲ့တခြားနေရာကို ဦးတည်ရင် 'သွား'လို့သုံးတာလည်းအသုံးတွင်တယ်ကွဲ့''
''သာဓက ကလေးနဲ့ရှင်းပြပါဦး ဘဘရယ်''

''ကဲ...သမီးကိုမေးမယ်။ သမီးသူငယ်ချင်းမူမူအကြောင်းပြောတယ်ဆိုပါတော့။ 'မူမူဒီနေ့ကျောင်းမသွားဘူး' လို့ပြောတာနဲ့ 'မူမူဒီနေ့ကျောင်း မလာဘူး'လို့ပြောတာ ဘယ်လိုကွာသလဲကွယ်။ စဉ်းစားပြီးပြောကြည့်ပါ''

''ဟုတ်ကဲ့။ 'မူမူဒီနေ့ကျောင်းမသွားဘူး' လို့ပြောရင်ပြောတဲ့သမီးက ကျောင်းမှာ ရှိမနေဘူး။ ကျောင်းကတခြားနေရာမှာရှိနေလို့ 'မသွားဘူး' လို့ ပြောတာပါ''

''ဟုတ်ပြီ''

''အင်း...'မူမူဒီနေ့ကျောင်းမလာဘူး'လို့ပြောရင်တော့ ပြောတဲ့သမီး က ကျောင်းမှာရှိနေလို့ သမီးရှိနေတဲ့နေရာကို မလာဘူးလို့ပြောတာ ထင်ပါ တယ် ဘဘ''

''ဟုတ်ပါတယ်။ သမီးက စဉ်းစားတတ်ပါတယ်။ ဒီအသုံးတွေကပြောရ လွယ်သလောက် ရှင်းပြရတာ သိပ်သိမ်မွေ့တယ်ကွဲ့''

''မှတ်ထားပါ့မယ်ဘဘ''

''အဲဒီတော့ ပြောတဲ့သူဘက်ကို ဦးတည်ရင် 'လာ' လို့သုံးပြီး တခြားဘက် ကို ဦးတည်ရင် 'သွား'လို့သုံးတယ်ဆိုတာ တခြားသာဓကတွေနဲ့တွဲပြီးစဉ်းစား ကြည့်ပေါ့ကွယ်''

''ဟုတ်ကဲ့ပါ''

''ပြီးတော့ 'သွား'နဲ့ 'လာ'ကို ကြိယာတစ်ခုခုနဲ့တွဲပြီး ကြိယာထောက်အဖြစ် လည်း သုံးသေးတယ်ကွဲ့။ အဲဒီလိုသုံးရင်လည်း ဆန့်ကျင်ဘက်သဘောနဲ့ သုံးတာတွေ့ရတယ်''

''ဘယ်လိုပါလဲ ဘဘ''

''ဥပမာကွယ်။ 'နီးလာပြီ' နဲ့ 'ဝေးသွားပြီ'၊ 'အိပ်ရာကနိုးလာပြီ' နဲ့ 'အိပ်ပျော် သွားပြီ' ဆိုတာမျိုးတွေပေါ့။ သမီးဆက်စဉ်းစားနိုင်အောင်ပြောတာပါ။ 'သွား'နဲ့'လာ' အကြောင်း ဒီလောက်နဲ့ပဲရပ်ရအောင်''

''ဟုတ်ကဲ့ပါ''

'' ပြီးတော့... ဦးတည်ရာချင်းအပြန်အလှန်ဆန့်ကျင်တာမျိုးရှိလို့ တည်နေရာချင်း အပြန်အလှန်ဆန့်ကျင်တဲ့ စကားလုံးအတွဲတွေလည်း ရှိတယ်ကွဲ့။ ခုန ဘဘပြောတဲ့ 'ရှေ့' နဲ့ 'နောက်' လို အတွဲမျိုးပေါ့''

''ဒီလိုဆိုရင် 'အပေါ်' နဲ့ 'အောက်' လည်း အဲဒီအတွဲမျိုးပေါ့နော်''

''ဟုတ်တာပေါ့။ 'အထက်'နဲ့ 'အောက်' လို့လည်း သုံးတယ်။ ပြီးတော့ 'အတွင်း' နဲ့ 'အပြင်' ၊ 'အထဲ' နဲ့ 'အပြင်' လို့လည်း သုံးနိုင်တယ်မဟုတ်လား''

'' 'ဘယ်' နဲ့ 'ညာ' ရော ဘဘ''

'' အေး စာသုံးစကားနဲ့ ဆိုရင်တော့ 'လက်ဝဲ' နဲ့ 'လက်ယာ' ပေါ့၊ 'ဝဲ' နဲ့ 'ယာ' လို့လည်း အတိုကောက်သုံးတာပေါ့။ 'တောင်' နဲ့ 'မြောက်'၊ 'အရှေ့' နဲ့ 'အနောက်' ဆိုတဲ့ အရပ်မျက်နှာတွေလည်း ပါတာပေါ့ကွယ်''

''ဟုတ်ကဲ့ပါ''

'' အဲဒီလိုပဲ။ ဆွေမျိုးတော်စပ်ပုံအရဖြစ်ဖြစ်၊ လုပ်ငန်းအရဖြစ်ဖြစ် အပြန်အလှန်ဆန့်ကျင်တဲ့ စကားလုံးအတွဲလည်း ရှိသေးသကွဲ့''

''ခုနဘဘပြောတဲ့ 'ဆရာ' နဲ့ 'တပည့်' ဆိုတာမျိုးလားဘဘ''

'' ဟုတ်တယ်။ 'ဆရာ' နဲ့ 'တပည့်' ၊ 'ခေါင်းဆောင်' နဲ့ 'နောက်လိုက်'၊ 'အလုပ်ရှင်' နဲ့ 'အလုပ်သမား' ဆိုတဲ့ အတွဲမျိုးတွေ၊ ပြီးတော့ တော်စပ်ပုံအရ သုံးတဲ့ 'ယောက်ျား' နဲ့ 'မိန်းမ'၊ 'လင်'နဲ့ 'မယား'၊ ဒါမှမဟုတ် 'ခင်ပွန်း'နဲ့ 'ဇနီး'ပေါ့။ ပြီးတော့ 'အဖေ' နဲ့ 'အမေ'၊ 'သား' နဲ့ 'သမီး' ၊ 'မောင်'နဲ့ 'နှမ' ဆိုတဲ့ ဆက်သွယ်မှုမျိုးတွေ၊ အဲဒီလိုပဲ 'အမေ'နဲ့ 'သား'၊ 'အဖေ' နဲ့ 'သား'၊ 'အဖေ'နဲ့ 'သမီး'၊ 'အမေ' နဲ့ 'သမီး'၊ 'ယောက္ခမ' နဲ့ 'သမက်'၊ 'ယောက္ခမ'နဲ့ 'ချွေးမ'၊ 'တူ'နဲ့ 'ဦးလေး'၊ 'တူမ' နဲ့ 'အဒေါ်'.. အို... ပြောရင် ဆက်သွယ်မှု တွေ အမျိုးမျိုးရှိမှာပေါ့ကွယ်''

''ဟုတ်တယ်နော်ဘဘ၊ အများကြီးရှိမှာပဲနော်''
မောင်ခင်မင်(ဓနုဖြူ )

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း