နေရာလွဲ၊ အဓိပ္ပာယ်လွဲ

နေရာလွဲ၊ အဓိပ္ပာယ်လွဲ

''ဟေ...ဒါဆိုရင် ဂုဏ်ပြု လက်ဆောင်တွေ အားလုံးငါ့ကိုပေးမှာပေါ့။ ပေး..ပေး... ငါအကုန်လုံးယူမယ်''

အခမ်းအနားမှူး မိန်းကလေးကို တာဝန်ရှိပုဂ္ဂိုလ်က အထက်ပါအတိုင်း ခပ်ကျယ်ကျယ်ကလေး ပြောလိုက်သည်။ မိန်းကလေးမှာ မျက်နှာသေကလေးနှင့် ရပ်နေရှာသည်။ တာဝန်ရှိပုဂ္ဂိုလ်၏ စကားကို ကြားလိုက်သော ရှေ့နားက ပရိသတ်ကလည်း စူးစမ်းသည့် အဓိပ္ပာယ်ဖြင့် ကြည့်နေကြသည်။ တာဝန်ရှိ ပုဂ္ဂိုလ်က ပရိသတ်ဘက်လှည့်ပြီး ရှင်းပြပါသည်။

'' ခုန ဒီမိန်းကလေး ကြေညာလိုက်တာ အားလုံးကြားကြမှာပါ။ သူက ''ဘဘဝန်ကြီးအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးပါရန် ရိုသေလေးစားစွာ ပန်ကြားပါတယ်ရှင်'' ဆိုတော့ ကျွန်တော့်ကို ဂုဏ်ပြုလက်ဆောင်တွေ ချီးမြှင့်မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။ ဒါကြောင့် ပေး..ပေး ငါအကုန် ယူမယ်လို့ သူ့ကိုပြောလိုက်တာပါ''

သည်တော့မှ တာဝန်ရှိပုဂ္ဂိုလ် ဆိုလိုသည့် အဓိပ္ပာယ်ကို ပရိသတ်က သိသွားပြီး ပြုံးလိုက်ကြပါသည်။ ကျွန်တော်လည်း ထိုအခမ်းအနား တက်သည့်အတွက် ထိုပရိသတ်ထဲမှာပါပါသည်။

ဆုတို့ ဂုဏ်ပြု လက်ဆောင်တို့ ချီးမြှင့်ရန် သက်ဆိုင်ရာပုဂ္ဂိုလ်များကို ဖိတ်ခေါ်ရာတွင် အခမ်းအနားမှူးများ ဤသို့ဤနှယ် အလွဲလွဲအမှားမှား ကြေညာပေါင်း များလှပါပြီ။ ''ဘဘဝန်ကြီးက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးပါရန်'' ဟု ကြေညာမှသာ ဘဘဝန်ကြီးသည် လက်ဆောင် ချီးမြှင့်ရမည့်သူ ဖြစ်ပါလိမ့်မည်။ ယခု ထိုမိန်းကလေး ကြေညာသလို 'ဘဘဝန်ကြီးအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးပါရန်' ဟု ကြေညာလိုက်သော အခါတွင်ကား ဘဘဝန်ကြီးမှာ လက်ဆောင် ချီးမြှင့်ရမည့်သူ မဟုတ်တော့ဘဲ လက်ဆောင် ချီးမြှင့်ခံရမည့်သူ ဖြစ်သွားပါတော့သည်။ ထိုအမှားကို တာဝန်ရှိပုဂ္ဂိုလ်က သတိပြုမိသည့်အတွက် အထက်ပါအတိုင်း အခမ်းအနားမှူးကို ပြောလိုက်ခြင်း ဖြစ်ပါသည်။

''ဒီလောက်တောင် 'အား'ဆိုတဲ့ စကားလုံးကို သုံးချင်ရင်လည်း 'ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးပါရန် ဘဘဝန်ကြီးအား ရိုသေလေးစားစွာ ပန်ကြားပါတယ်ရှင့်' လို့ ဆိုင်ရာ စကားချင်းကပ်ပြီး ပြောသင့်တာပေါ့ဗျာ'' ဟု ပုဂ္ဂိုလ်တစ်ယောက်က မှတ်ချက် ချသည်ကိုလည်း ကြားလိုက်ရပါသည်။

အခမ်းအနားအပြီးမှာ နေ့လယ်စာစားရင်း ထိုအကြောင်းကို စကားဆက်ကြသည်။ တာဝန်ရှိ ပုဂ္ဂိုလ်မှာ ဤသို့သော ကြေညာပုံအလွဲတွေကို မကြာခဏ နားထောင်ခဲ့ရပုံရပါသည်။ ထိုအကြောင်းကို စကားဆက်သည်။

''ခုပြောတာမျိုးက တော်သေးတယ်။ တစ်ခါက ပန္နက်တင်ပွဲတစ်ခုမှာ အခမ်းအနားမှူးက ပန္နက်တင်မယ့် ဝန်ကြီးကို ဘယ်လို ဖိတ်ခေါ်သလဲ ဆိုတော့ ''ဝန်ကြီးအား တူဖြင့် ကိုးချက်ထု၍ ပန္နက်တင်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်''တဲ့ဗျာ၊ အဲဒီဝန်ကြီးတော့ တူနဲ့သာ ကိုးချက် အထုခံရရင် မလွယ်ဘူးဗျို့''

အားလုံးက ရယ်ကြပါသည်။ ''အင်း.. ဒီအမှားတွေက ဘယ်လောက်ပြင် ပေးပေး မှားနေတုန်းပါပဲ။ ဦးပုည ရေးသလို အမှားထောက်ပြတဲ့ သူတွေသာ 'ဟောရင်းသာ ပျံတော်မူရမည်' ဆိုတာမျိုး ဖြစ်နေပြီ'' ဟူ၍ ဆရာမကြီး တစ်ယောက်က ခပ်ညည်းညည်းကလေး ပြောနေပါသည်။

နောက်သုံးလေးရက် အကြာတွင် ကျွန်တော့် ဆရာအိမ်မှာ ထိုအကြောင်း ပြောမိကြသည်။ ဆရာက တက္ကသိုလ်မှာ ကျွန်တော့်ကို မြန်မာစာ သင်ပေးသောဆရာ ဖြစ်သည်။ ယခု အသက်ရှစ်ဆယ် ကျော်ပါပြီ။ မြန်မာစာနှင့် ပတ်သက်သည့် ဆောင်းပါးများ စာတမ်းများ အများအပြား ရေးသားခဲ့သူ ဖြစ်သည်။ ကျွန်တော် ပြောပြသည်ကို နားထောင်ပြီး ဆရာက သက်ပြင်းချသည်။ ပြီးတော့ ပြောသည်။

''အေး... အဲဒီအမှားတွေအကြောင်းကို တို့ဆရာကြီးတွေလည်း ရေးခဲ့ပေါင်းများပြီ။ ဆရာလည်း ရေးခဲ့တာပဲ။ မင်းလည်း ရေးနေတာပဲ။ ဒါပေမယ့်ကွာ ဝါကျထဲက ပုဒ်အထားအသို လွဲတာတို့ အသုံး လွဲတာတို့ကို စာနယ်ဇင်းတွေမှာ တွေ့နေရတုန်းပဲလေ''

''ဟုတ်ပါတယ် ဆရာ။ အသံလွှင့် မီဒီယာတွေမှာလည်း အဲဒီလိုအမှားတွေ မကြာခဏ ကြားနေရပါတယ်''ဟု ကျွန်တော်က ပြောလိုက်ပါသည်။

''မင်းမှတ်မိမယ် ထင်တယ်။ မင်းတို့ ငါတို့ရဲ့ ဆရာပါမောက္ခက တက္ကသိုလ်ဝင်တန်း မြန်မာစာမေးခွန်းမှာ အဲဒီလို ပုဒ်အထားမှားတဲ့ ဝါကျတွေကို အမှန်ပြင်ခိုင်းတဲ့ မေးခွန်း ထည့်မေးလေ့ ရှိတယ်လေ''

''မှတ်မိပါတယ် ဆရာ''

''အဲဒီမေးခွန်းမှာ အမှားမှန်း သိသာတဲ့ အထားအသိုမျိုးတွေကို တမင်လုပ်ပြီး မေးတတ်တယ်လေ။ ကျောင်းသားက အမှားမှန်း အလွယ်တကူ သိအောင် လုပ်ထားတာပါ။ ဒီတော့ အလွယ်တကူ အမှန်ပြင်ခိုင်းတာပေါ့''

''ဟုတ်ပါတယ်ဆရာ။ ကျွန်တော် မှတ်မိတာက 'မျက်မှန်နှင့် ကြောင်ကလေးကို ပွေ့ထားသော မိန်းကလေးသည်' ဆိုတဲ့ပုဒ်ပါ။ ကျောင်းသားက 'မျက်မှန်နှင့် ကြောင်ကလေး' ဆိုတာ အဓိပ္ပာယ်အရ မှားနေမှန်း အလွယ်တကူ သိနိုင်တာမို့ 'ကြောင်ကလေးကို ပွေ့ထားသော မျက်မှန်နှင့် မိန်းကလေးသည်'လို့ အလွယ်တကူ ပြင်နိုင်တာပေါ့ ဆရာ''

''တစ်ခါတစ်ခါ ကျတော့လည်း တွဲသုံးလေ့မရှိတဲ့ ပုဒ်ချင်း တမင်ကပ်ထားပြီး မှားမှန်း သိသာအောင် လုပ်တာမျိုး ရှိတယ်ကွဲ့။ 'ဓားပြများသည် ရက်စက်စွာ ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်များကို ရိုက်နှက်ကြသည်' ဆိုတာမျိုးပေါ့''

''ဟုတ်ပါတယ် ဆရာ။ ဖတ်တဲ့သူက ဒီဝါကျကို ဖတ်လိုက်တာနဲ့ 'ရက်စက်စွာ ကားပေါ်တွင် လိုက်ပါလာသော' ဆိုတာ စကား ထောင့်နေမှန်း ချက်ချင်း သိနိုင်တာပေါ့။ 'ရက်စက်စွာ'နဲ့ 'လိုက်ပါ' နဲ့ တွဲလေ့မှ မရှိဘဲ။ ဒီတော့ 'ရက် စက်စွာ' ကို 'ရိုက်နှက်ကြသည်' ရဲ့ အနားကို ကပ်မှမှန်မယ် ဆိုတာ သဘော ပေါက်တာပေါ့ ဆရာ''

''မင်းသိတဲ့အတိုင်း တို့မြန်မာ ဝါကျတွေက ကြိယာပုဒ်ကိုသာ ဝါကျအသုံးမှာ ပုံသေထားတာ မဟုတ်လား။ တခြားပုဒ်တွေကတော့ နေရာအလဲ အပြောင်းလုပ်လို့ ရတာပဲလေ။ အလေးပေးချင်တဲ့ ပုဒ်ကို အရင်ဆုံး ပြောတာ တို့လိုမျိုးပေါ့။ အဲဒီပုဒ်တွေကို အဓိပ္ပာယ်အရ ဘယ်ပုဒ်နဲ့ ဘယ်ပုဒ် ကပ်ထားမှာလဲဆိုတာ စဉ်းစားပြီး ပြောရင်ရေးရင် အဓိပ္ပာယ် မရှုပ်ဘူးပေါ့ကွာ''

''မှန်ပါတယ်ဆရာ''

'' အဲ... အဓိပ္ပာယ်အရ အဲဒီလို မကွဲပြားတဲ့ အထားအသိုတွေ ကျတော့ အဓိပ္ပာယ်နှစ်ခွ ထွက်တာတို့၊ အဓိပ္ပာယ်ရှုပ်တာတို့ ဖြစ်သွားနိုင်တာပေါ့ကွာ''

''ဟုတ်ပါတယ် ဆရာ။ အဲဒီလိုသာဓကတွေနဲ့ ကျွန်တော့် တပည့်ကလေးတွေကို ရှင်းပြရပါတယ်။ ဥပမာ 'ဆယ်ကျော်သက် အရွယ် ဗိုလ်မှူးကြီး၏ သမီး' လို့ရေးရင် အဓိပ္ပာယ်အရ 'ဆယ်ကျော်သက်အရွယ်' ဟာ 'ဗိုလ်မှူးကြီး'နဲ့ မဆိုင်ဘူး 'သမီး' နဲ့ပဲ ဆိုင်တယ်ဆိုတာ ချက်ချင်း သိနိုင်တာမို့၊ 'ဗိုလ်မှူးကြီး၏ ဆယ်ကျော်သက်အရွယ် သမီး' လို့ဆိုလိုကြောင်း သဘော ပေါက်နိုင်တယ်။ ဆိုင်ရာပုဒ်ချင်း ကပ်မထားပေမယ့် အဓိပ္ပာယ် ရှုပ်မသွားဘူး။ ဒါပေမယ့် ''နိုင်ငံခြားသို့ သွားသော ဗိုလ်မှူးကြီး၏ သမီး'' ဆိုရင်တော့ နိုင်ငံခြား သွားတာ ဗိုလ်မှူးကြီးလည်း ဖြစ်နိုင်တာပဲ၊ သမီးလည်း ဖြစ်နိုင်တာပဲ။ အဓိပ္ပာယ်အရ မသဲကွဲဘူး။ အဲဒီလို အခါမျိုးကျရင် ဘယ်သူ နိုင်ငံခြားသွားတယ် ဆိုတာ ကွဲပြားအောင် ဝါကျပုံစံကို ပြင်ရေးသင့်ရင် ရေးရမယ်။ 'ဤမိန်းကလေးသည် နိုင်ငံခြားသို့ သွားနေသော ဗိုလ်မှူးကြီးသမီး ဖြစ်သည်' ဆိုတာမျိုး၊ ဒါမှမဟုတ် 'ဗိုလ်မှူးကြီး၏ သမီး နိုင်ငံခြား သွားနေသည် ဆိုတာမျိုး၊ ကွဲပြားအောင် ရေးသင့်တဲ့အကြောင်း ကျွန်တော်သူတို့ကို ရှင်းပြပါတယ် ဆရာ''

''ကောင်းတယ်၊ ကောင်းတယ်။ မင်းရှင်းပြပုံမျိုး ငါလည်း သဘောကျပါတယ်။ ဟိုတစ်ခါ သတင်းစာထဲမှာ ဓာတ်ပုံအောက်မှာ ထိုးတဲ့ စာတန်းလိုတော့ မဖြစ်စေနဲ့ပေါ့ကွာ''

''ဘယ်လိုစာတန်းပါလဲ ဆရာ''

''မင်းသတိ မထားလိုက်မိဘူး ထင်တယ်။ ဓာတ်ပုံအောက်က စာတန်းက 'ခြောက်ဘာသာ ဂုဏ်ထူးရှင် မောင်မောင်ဆွေ အဘ ဦးအေးမောင် ဆုယူနေစဉ်'တဲ့။ ဒီတော့ မောင်မောင်ဆွေက ဆုပေးပွဲ မတက်နိုင်လို့ သူ့အဖေ ဦးအေးမောင်က ကိုယ်စား ဆုယူတယ်ထင်တာပေါ့။ ဓာတ်ပုံ ကြည့်လိုက်တော့မှ ဆူယူတာ လူငယ်ကလေး ဖြစ်နေတယ်လေ။ ဒီတော့မှ 'အဘဦးအေးမောင်'က ဆုယူတာ မဟုတ်ဘူး၊ မောင်မောင်ဆွေရဲ့ အဖေဖြစ်ကြောင်း ထည့်ထားတာသာ ဖြစ်မယ်ဆိုတာ သဘောပေါက်သွားတယ်''

''ခုခေတ် စာနယ်ဇင်းတွေမှာ အဲဒီလို သက်ဆိုင်ရာ လူနာမည်နောက်က အဘဘယ်သူ ဆိုပြီး အဖေနာမည်ကြီး ကန့်လန့်ကန့်လန့် ပါနေတာ အကျင့်ပါနေပြီ ဆရာ။ ထုံးစံကြီးလို ဖြစ်နေတယ်။ မြန်မာစာ ရေးထုံးနဲ့လည်း မညီဘူး။ သတင်းထဲ ထည့်ရေးချင်ရင် 'ဦးအေးမောင်၏ သားမောင်မောင်ဆွေ' လို့ ရေးသင့်တယ် မဟုတ်လားဆရာ။ အဖေနာမည်လည်း နေရာတိုင်းပါဖို့မှ မလိုဘဲဟာ။ ခုတော့ အဲဒီအဖေ နာမည်တွေ နေရာလွဲပြီး ပါပါနေတာ ပြဿနာတစ်ခုပါပဲ ဆရာရယ်''

''ဆရာတော့ မရေးနိုင်တော့ပါဘူးကွယ်။ မင်းတို့ ရေးနိုင်သေးတဲ့ သူတွေပဲ ဆက်ရေးကြပေတော့''

မောင်ခင်မင်(ဓနုဖြူ)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း