ချည်နှောင်တတ်တဲ့အရာတွေ
လက်ဆောင်ဟာ ချည်နှောင်တတ်ပါသလား။
ခံစားမိတာတော့ ချည်နှောင်တတ်တယ် ဆိုတာပဲ။ တစ်စုံတစ်ခုကို လက်ဆောင်အဖြစ် ရလိုက်ရင်
ဝမ်းသာပါတယ်။ ကိုယ့်အပေါ် အလေးထားလို့၊ ခင်မင်လို့ ပေးတယ်ဆိုပြီးပေါ့။
ကျွန်တော်ပြောလိုတာက မိသားစုဝင် မဟုတ်တဲ့ သူငယ်ချင်း မိတ်ဆွေကပေးတာမျိုးကိုပါ။
တကယ်တော့ လက်ဆောင်ပေးသူတွေက ဘာမှ မမျှော်လင့်ကြပါဘူး။ ကိုယ်တွေကလည်း
မျှော်လင့်စရာကောင်းလောက်အောင် ဘာရာထူး၊ ဘာငွေကြေး၊ ဘာလုပ်ပိုင်ခွင့်မှ မရှိတာပဲ။
ဒါဆို ကျွန်တော် လက်ဆောင်တစ်ခုခုကို လက်ခံရမှာ ဝန်သင့်နေရတာလဲ။
ရိုးရိုးသားသားဝန်ခံရရင် ကြောက်နေတာလဲ။ တုန့်ပြန်မှု၊ နောက် သိမ်ငယ်မှု ထင်တာပဲ။
သူတို့တွေ လိုအပ်နေချိန်မှာ မတုန့်ပြန်နိုင်မှာကိုပဲ။ နောက်ပြီး
ကိုယ့်စိတ်သိမ်ငယ်သွားမယ့် အဖြစ်မျိုး မကြုံချင်တာလဲ ဖြစ်မယ်။ ဆရာမ
ယဉ်ယဉ်နု(မန္တလေး)ရဲ့ သိက္ခာကို ဖတ်ဖူးကြမယ်ထင်တယ်။ အဲလို အဖြစ်မျိုး အဖြစ်မခံနိုင်တာလဲ
ပါတယ်။ ကိုယ်မပျော်ဘဲ ငြင်းဆန်ရခက်တဲ့ အခြေအနေမျိုးတွေလေ။ ကိုယ်မတတ်နိုင်လို့
သူများဆီက ပစ္စည်းတစ်ခု လိုချင်ကြည့်ပါလား။ သိမ်ငယ်စိတ်၊ အငုံ့စိတ်က စ-ပြီ။
ဒါမျိုးလေး ရရင် ကောင်းမှာ၊ ကောက်ရရင် ကောင်းမှာ၊ လက်ဆောင်ရရင် ကောင်းမှာ။
အဲဒီလိုမျိုး တွေးကြည့်မိချိန် ကိုယ့်စိတ်ကိုယ် ဖမ်းကြည့်။ ကြည်ညိုစရာ မရှိဘူး။
ခပ်ညံ့ညံ့၊ ခပ်ပေါ့ပေါ့၊ အရည်အချင်းမရှိတဲ့ အချောင်သမားတစ်ကောင်ပဲဆိုတာ
တွေ့လိမ့်မယ်။ (တချို့တွေကျ စိတ်မထိမ်းနိုင်ကြဘဲ ဒါလေး ငါ့ပေးပါလား ဆိုပြီး
မပေးမှန်း သိပေမယ့် ရလဲအမြတ်ဆိုပြီး တောင်းတဲ့သူတွေရှိတယ်။) ငယ်တုန်းက မောင်နှမ
ဝမ်းကွဲတွေ စုပြီး အိမ်စာလုပ်နေတုန်း ကိုယ့်ဘောလ်ပင်က မှင်ကုန်သွားတယ်။ လောလောဆယ်
မဝယ်နိုင်သေးတာ သေချာတယ်။ ဝမ်းကွဲမောင်နှမတွေကို ဘောလ်ပင်တစ်ချောင်းလောက်ပေးဖို့
ကိုယ်တောင်းမိတယ်။ သူတို့ကလည်း ပေးပါတယ်။ ဒါပေမယ့် ခုချိန်ထိ အဲဒီဖီလင်ကို
မှတ်မိနေသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့
ကျောင်းသားငယ်လေးစိတ်ထဲမှာ ခယဝယနိုင်တယ်ဆိုတဲ့ ခံစားချက်ပဲ။ အောက်ကျနောက်ကျ
တောင်းရတာ မဟုတ်ပါဘူး။ စိတ်ထဲမှာ အောက်ကျတယ် ဆိုတဲ့ ခံစားမိသွားတာလေးပါ။
သူတပါးပစ္စည်းကို လိုချင်စိတ်မဝင်ဖို့ အမြဲသတိထားဖြစ်သွားတယ်။ မပြည့်စုံတော့ လက်ဆောင်ရရင်ကောင်းမှာဆိုတဲ့
အတွေးမျိုးတော့ တွေးမိသေးတယ်။ ခုအချိန်မှာတော့ လက်ဆောင်ရမှာကို ဝန်သင့်လာတယ်။
မတောင့်တတော့ဘူး။ လက်ဆောင်နောက်ကွယ်က လိုက်လျောရမှုတွေ ရှိလာမှာကို
ကြိုရှောင်ချင်တဲ့ သဘောမျိုးပါပဲ။ ဖြစ်နိုင်ရင် ကိုယ်ကပဲ ပေးချင်လာတယ်။
ကိုယ့်စိတ်နဲ့နှိုင်းပြီး ကိုယ့်ကိုယ်ကျေးဇူးတင် အားနာနေမှာမျိုးကိုလည်း
မလိုလားဘူး။ တတ်နိုင်တာလေးတွေကို မသိမသာပဲ ကူညီတာမျိုးပေါ့။ ညီမအငယ်ဆုံးလေး
ဆောင်းညလယ်မှာ ဆေးရုံကြီး မီးဖွားတော့ အသက်နှစ်ဆယ်စွန်းစွန်း စုံတွဲလေး
ငွေကြေးအခက်အခဲဖြစ်နေတာကို တွေ့နေရတယ်။ အဲဒီအချိန်မှာ ကိုယ်တွေက မကြပ်တည်းပေမယ့်
မပြည့်စုံသူပါ။ မနက်(၂)နာရီကြီးမှာ ကောင်လေးက သူအလုပ်ရှင်ဆီသွားပြီး
ငွေသွားချေးရမှာ။ ရစရာကလည်း ဒီတစ်ခုထဲရှိတာ။ သွားရမှာကလည်း အဝေးကြီး။ ကောင်မလေးက
ဗိုက်နာလှပြီ။ ခွဲမွေးရမယ်ဆိုတာ ပြောထားပြီးသား။ ခွဲမွေးရင် ဘယ်လောက်သွင်းရမှာလဲ
မေးလိုက်တယ်။ တစ်သောင်းကျော်လေးပါပဲ။ (အဲဒီတုန်းက အဲဒီပမာဏက ကျွန်တော့်အတွက်
ခက်ခဲပါတယ်)။ ကျွန်တော် ကူညီလိုက်ပါတယ်။ အဲဒီကောင်လေးနာမည်လဲ မမှတ်မိပါဘူး။ သူလည်း
ကျေးဇူးတွေတင်လို့ သူ့ဇနီး ခွဲခန်းသွင်းနိုင်ဖို့ ဆရာမတွေဆီ အပြေးအလွှားသွားလို့။
ပြောချင်တာက သူကျွန်တော့်ကို မှတ်မိရင် အားတွေနာနေရဦးမှာ။ ခုကျ အဖြစ်အပျက်ကို
မှတ်မိသေးရင်တောင် သူအနေခက် အားနာစရာ မလိုဘူးလေ။ အခုအရွယ်မှာ စာတွေသာ မမှတ်မိရင်
ရှိမယ်။ ဟိုးတုန်းက အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို မှတ်မိနေတော့ ကိုယ့်မှာ
အနေရတွေကို ခက်ရော။ တချို့ကိစ္စတွေကျ လိုလိုလားလားကို ကိုယ်တိုင်က အချည်နှောင်ခံတာ။
တချို့ကိစ္စကျတော့လည်း အချည်နှောင်မခံချင်ပေမယ့် ...။ ဘာပဲပြောပြော ပျော်ပါတယ်
ကျွန်တော့်မှာ ခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိနေတာကိုပေါ့...။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၂၆.၅.၂ဝ၁၇ နေ့လည် ၁နာရီ ၂၉ မိနစ်)
https://shintnyolay.blogspot.com
(PS:တစ်နေ့တော့ ကျွန်တော်ရဖူးတဲ့
လက်ဆောင်လေးတွေအကြောင်း တင်ပေးပါဦးမယ်။ ကိုထိန်ဆီက သင်္ကြန်ရေပက်တဲ့ ငွေဖလားလေး(
ခုတော့ ဘုရားစင်မှာ သောက်တော်ရေခွက်ပေါ့)၊ သူ့လေဒီဆီက စာအုပ်လက်ဆောင်နဲ့ ခွေ(တကယ်က
ကိုယ်ကပေးရမှာ၊ ရလာတော့ မျက်နှာပူပူနဲ့ လက်ခံထားလိုက်တယ်)၊ သူငယ်ချင်း မိတ်ဆွေတွေရဲ့
စာအုပ်လက်ဆောင်တွေ (ကိုယ်က တစ်အုပ်မှ မထွက်ပေမယ့် သူတို့ပေးရင် မသိချင်ယောင်ဆောင်၊
မျက်နှာပြောင်နဲ့ ယူထားလိုက်တယ်)၊ ကုလားမင်းသား အိုဗာခမ်းဆီက အင်္ကျီ၊ စာအုပ်၊
ဘောပင်ထည့်တဲ့ ကြိမ်ခွက်၊ သစ်သားရှဥ့်ရုပ် .... အိုး အများကြီးပါပဲ။ )
Comments
Post a Comment