မေမေ၏အကြောင်း


 မေမေ၏ အကြောင်း

          မေမေသည် သုတကို ချစ်ပါသည်။ ကျွန်ုပ်ကို မချစ်ပါ။ ဖေဖေသည် ကျွန်ုပ်ကို ချစ်ပါသည်။ မေမေသည် အပျော်အပါးထွက်သောအခါ ကျွန်ုပ်ကို မခေါ်ပါ။ ဖွားဘိုအိမ်သွားသော်လည်း ကျွန်ုပ်ကို မခေါ်ပါ။ ဖေဖေသည် ကျွန်ုပ်ကို မခေါ်သောနေရာ မရှိပါ။ မေမေသည် ကျွန်ုပ်ကို မခေါ်တာ နှစ်ရက်နှစ်ခါတောင် ရှိပါသည်။ မေမေက သုတကို လိုလိုက်ပြီး ကျွန်ုပ်ကို အလိုမလိုက်ပါ။ ဖေဖေသည် ကျွန်ုပ်အပေါ် အလိုလိုက်ပါသည်။ မေမေသည် ကျွန်ုပ်ဝယ်မည့် ငှက်ရုပ်ကို သီရိကို ပေးပစ်လိုက်ပါသည်။ အဲဒါနဲ့ မေမေကို ဆန့်ကျင်ကြောင်း ပြီးဆုံးသွားပါသည်။
ကောင်းဇေယျာလင်း
စနေ ၁၈ရက် ၂၀၁၇
          ကျွန်တော့်သားကြီး ကောင်းဇေယျာလင်းက သူ၏ခံစားချက်ကိုရေးထားသည့် စာရွက်ပိုင်းလေး ဖြစ်ပါသည်။ ကျွန်တော့်စာရေးစားပွဲအနီးရှိ သူ၏အိပ်ယာပေါ်တွင် ကျနေသည့်၊ ချထားသည့် စာကို ကျွန်တော်ဖတ်မိခြင်း ဖြစ်သည်။ လက်မှတ်နှင့် ရက်စွဲထိုးရန် ခေါ်ပြောလိုက်ရပါသည်။ ကျွန်တော့်သားကို သူလုပ်ခဲ့သည့်အရာ၊ ရေးမှတ်သည့်အရာကို တိတိကျကျ ဖြစ်စေလိုသည့် စေတနာဖြစ်သည်။ သို့မှသာ နောင်တွင် မှတ်သားမိသည့်အရာကို တိတိကျကျ ပြန်အသုံးချနိုင်မည်ဖြစ်သည်။ သားကိုမေးကြည့်တော့ မေမေတွေ့စေရန် ဖြစ်သည်ဟု ပြောပါသည်။ သားက လက်ရေး မလှပါ။ ကျွန်တော် သိမ်းထားရမည့် စာတစ်စောင်တိုးလာခြင်း ဖြစ်သည်။ အချိန်အခက်အခဲကြောင့် လောလောဆယ် သူ့ခံစားချက်နှင့် အပြင်သွားသည့်အခါ သူ့အမေမခေါ်သွားရခြင်းအကြောင်းကို ကျွန်တော် ရှင်းမပြနိုင်သေးပါ။ သို့သော် မနက်ဖြန် ကျွန်တော် မိတ်ဆွေတစ်ယောက်နှင့်ချိန်းထားသည့် လက်ဖက်ရည်ဆိုင်ကို သားကြီးလိုက်ခဲ့လိုက လိုက်နိုင်ကြောင်း ခွင့်ပေးထားလိုက်ပါသည်။ မနက်ဖြန် ဟိုတယ်နှင့်ပတ်သက်သည်များ သိလို၊ ကူးယူလိုသည်ဟု ပြောလာသည့် ကိုရွှေမိုးဆိုသည့် မိတ်ဆွေတစ်ယောက်နှင့် စံပယ်နိုင် လက်ဖက်ရည်ဆိုင်တွင် ချိန်းထားသည် မဟုတ်လား။ သားကြိုက်သည့် ဆန်စီးကို ကျွေးရပါမည်။ နောက် သားကို အလေးထားကာ မိတ်ဆွေနှင့် မိတ်ဆက်ပေးရပါဦးမည်။ သားကြီးပြင်းလာ၍ အရွယ်ရောက်လာသည့်တစ်နေ့၊ အဝေးရောက်နေချိန်မျိုးတွင် သိမ်းထားသည့် ဤစာကို ထုတ်ကာ ဖတ်နေမည့် ကျွန်တော့်ပုံရိပ်ကို ကြိုမြင်ရင်း…။

ရှဥ့်ညိုလေး
(၁၈.၁၁.၂၀၁၇ နေ့လည် ၁၂း၁၅ မိနစ်)


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း