လွဲသွားတဲ့အခါ
လွဲသွားတဲ့အခါ
ဟိုးတုန်းက
တစ်ခုခုလွဲချော်သွားရင် ကျွန်တော် စိတ်တိုတယ်။ ဒေါသထွက်တယ်။ မခံချိ မခံသာ ဖြစ်တယ်။
ခုနောက်ပိုင်းတော့ အလွဲလေးတွေကို တန်ဖိုးထားတတ်လာတယ်။ စိတ်မတိုတော့ဘူး။ ဒေါသ မထွက်တော့ဘူး။
မခံချိ မခံသာ မဖြစ်တော့ဘူး။ တချို့အလွဲလေးတွေက ပါးပါးလေးနဲ့ ချစ်စရာကောင်းတယ် မဟုတ်လား။
အဲဒီလို အလွဲလေးတွေကို ချစ်တတ်သွားတာ ဘယ်သူ့ကြောင့် ထင်လဲ။
ဟုတ်ပါတယ်။ ခင်ဗျားထင်တဲ့အတိုင်းပဲ။ ဆရာ
နီကိုရဲကြောင့်ပါ။ ဆရာနီကိုရဲကြောင့် အလွဲလေးတွေကိုလည်း ချစ်တတ်သွားတယ်။ မကြည်ပြာကိုလည်း
ချစ်တတ်သွားတယ်။ မသီတာကိုလည်း ချစ်တတ်သွားတယ်။ မနီလာကိုလည်း ချစ်တတ်သွားတယ်။ အဲလေ ရောကုန်ပြီ။
မသီတာက ကျွန်တော့်ရည်းစား။ မနီလာက သူငယ်ချင်း ကောင်မလေး။ သူငယ်ချင်းရဲ့ ကောင်မလေး မဟုတ်ဘူး။
ကျွန်တော့်ရဲ့ ကောင်မလေး သူငယ်ချင်း။ မိန်းကလေး သူငယ်ချင်း။ အို ထပ်ပြောရရင် အဖြူရောင်
သူငယ်ချင်းဗျာ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ အဖြူရောင်သူငယ်ချင်းဆိုတာ အဖြူရောင်မဟုတ်တဲ့
သူငယ်ချင်းတွေ သုံးတာလေ။ ခုတော့ သီတာရော၊ နီလာရော သက်ဆိုင်သူ အသီးသီးနဲ့ အိမ်ထောင်တွေကျ၊
ကလေးတွေရလို့။ အလွဲလေးတွေက ကံကောင်းတဲ့အကြောင်းပေါ့။ နို့မို့ကိုယ်နဲ့ရပြီး ဒင်းကလေးတို့
စိတ်ညစ်နေရမှာ။ အမယ်လေး အဓိပ္ပါယ်ဖွင့်ရင်း ရှုပ်ကုန်ပြီ။ အဲဒီတော့ ဝန်ခံစရာရှိတာ ဝန်ခံရမှာပဲ။
ကျွန်တော် ဆရာနီကိုရဲရဲ့ မကြည်ပြာ အဲ ချစ်ခြင်း၏နဂ္ဂတစ်များ
ဖတ်ပြီး စွတ်သဘောကျသွားတယ်။ အဲဒါတစ်ကြောင်း။ အဝေးက ဧည့်ခန်း ဆိုထားတဲ့ တေးရေးအရိုးရဲ့
ကျောင်းပုံပြင်ဆိုတဲ့ သီချင်းလေး တက္ကသိုလ်နားက ယူနိုက်တက် တီးရှော့မှာ နားထောင်ရရော။
သီချင်းနာမည်နဲ့ အဆိုတော်နာမည်မေးကြည့်ပြီး သဘောကျသွားတယ်။ အဝေးကဧည့်ခန်း ဆိုတာလည်း
ဆန်းတာပဲ။ နောက် ကျောင်းပုံပြင်ဆိုတဲ့နာမည်လေးတော့ ကြွေသွားတယ်။ အဲဒီအချိန် ကိုယ့်အတွေးထဲ
တစ်ချိန် ကဗျာရေး၊ စာရေးဖြစ်ရင် ကျောင်းပုံပြင်ဆိုတဲ့ နာမည်နဲ့ ရေးဖြစ်အောင်ရေမယ်ပေါ့။
စိတ်ထဲမှာ ကြိတ်ပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။ ရေးဖြစ်တဲ့အခါ တေးရေးဆရာဆီကိုတော့ ဖုန်းဆက်ပြီး
ခွင့်တောင်းမယ်ပေါ့။ လူချင်းဆုံမယ်လို့ ထင်မထားတဲ့အတွက်ပါ။ အဟဲ ခုထိလည်း လူချင်း မဆုံမိသေးပါဘူး။
ဒါပေမယ့် စာပေနဲ့ပတ်သက်တဲ့အဖွဲ့လေးတစ်ခုမှာ အတူတူပါတယ်ဆိုတော့ ဝမ်းသာမိတာပေါ့။ ရင်းရင်းနှီးနှီးပြောပြ၊
ခွင့်တောင်းလို့ ရနိုင်တယ်မဟုတ်လား။ ဒါပေမယ့် အဖွဲ့ထဲကသာ သူထွက်သွားတယ်။ ခွင့်မတောင်းမိ၊
မက်ဆင်ဂျာကတောင် စကားမပြောမိပါဘူး။ ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင် ဆိုတဲ့ ဝတ္ထုက အေဖိုးစာရွက်နဲ့
စာမျက်နှာ(၂၂)မျက်နှာလောက်ပဲ ပြီးသေးတာကိုး။
အကြောင်းအရာတစ်ခုလုံးက စိတ်ထဲမှာ အကြမ်းပြီးထားပေမယ့်
ဆက်ရေးဖို့ကလည်း ဇဝေဇဝါ ဖြစ်နေတာလည်း ပါတာပေါ့။ အဓိက က ကျွန်တော့် ကောင်မလေး သီတာကြောင့်ပဲ။
ဆရာနီကိုရဲက မကြည်ပြာ၊ ကျွန်တော်က မသီတာ ဖြစ်နေတယ်။ ဇာတ်ကောင်နာမည်ကို ကျွန်တော် မပြောင်းချင်ဘူး။
ကျွန်တော်က နည်းနည်း တယူသန်တယ်လို့ပဲ ကိုယ့်ကိုယ့်ကိုယ် ရှာကြံဂုဏ်တင်ရမလားတောင် မသိဘူး။
ကျွန်တော့် ကောင်မလေးက သီတာ၊ ကျွန်တော့်ကောင်မလေး သူငယ်ချင်းနာမည်က နီလာ…။ အဲဒီလို
(Form) ချထားတာကိုး။ ဆရာနီကိုရဲက တကယ့်အဖြစ်အပျက်ကို ဆေးသားတင်ပြီး တကယ့်ပန်းချီကားကြီးအဖြစ်
ပေါ်လာအောင် ရေးဆွဲခဲ့တာ။ ကျွန်တော်က သူ့ကို အားကျပြီး မြေကြီးမှာ တုတ်ခြစ်ပန်းချီဆွဲကြည့်တာ။
ကွာတာကတော့ အဲဒီထက်မကကို ကွာတာ။ မနိုင်းပြတတ်လို့သာ။ နောက်ပြီး တကယ့်အဖြစ်အပျက်မှာ
မင်းသားနေရာမှာမို့ ဇာတ်လမ်းထဲမှာ ဇာတ်ကောင်မင်းသားအဖြစ်ပါလာတာ။ ကျွန်တော်က မင်းသားဖြစ်ချင်လို့
ကိုယ့်ကိုယ်ကိုယ် ဇွတ်အတင်း မင်းသားအဖြစ်ထည့်ရေးရတာ။ ဟာ ဟ။
နောက်ဆုံး မင်းသမီးနဲ့ လွဲ၊ ကွဲ။ သူတို့အားလုံး
အိမ်ထောင်က၊ ကလေးတွေ ရ။ ကိုယ်ကတော့ လူပျိုကြီးအဖြစ် အဆုံးသတ်။ တော်တော့ကို ထူးမခြားနားဇာတ်လမ်းဆိုတော့
အံခဲကို ရေးနေရတယ်။ စာစီပြီးသား ဖိုင်တောင် ဖွင့်မကြည့်ဖြစ်တာ မနေ့ကထိ လချီနေပြီ။ ဒီနေ့မှ
ဘယ်နှစ်မျက်နှာရေးပြီးထားသလဲ ထည့်ရေးရအောင်လို့ ဖွင့်ကြည့်ဖြစ်တာကိုး။ အဲဒီကျမှ ဇာတ်လမ်းထဲက
ကျွန်တော့်ရည်းစား မသီတာတို့၊ မနီလာတို့ ပြန်တွေ့ရတာ မဟုတ်လား။ ထပ်စဉ်းစားမိတယ်။ ကျွန်တော့်
ရည်းစားကို ဘယ်သူ့ပုံဟန်မျိုး သရုပ်ဖော်ရမလဲပေါ့။ လုလုနဲ့လည်း တူခိုင်းလို့ မကောင်းဘူးထင်တယ်။
နောက်ပြီး မအေးသောင်း။ မအေးသောင်းကျ လူတိုင်း မအေးသောင်းနေလို့ မသောင်းချင်တော့ဘူး။
ဖေ့စ်ဘွတ်ခ်မှာ ကိုယ်မကြာခဏ ပိုစ့်တင်တတ်တဲ့ မမြလေးဆိုရင်ရော။ သူက ပါးချိုင့်လေးနဲ့။
ကျွန်တော့်ဇာတ်လမ်းထဲက မသီတာက ပါးချိုင့်မပါတော့ မထည့်ချင်ပြန်ဘူး။ အသံပြာအက်အက်လေးနဲ့
နဝရတ်ဆိုရင်ရော။ အို ရှုပ်ပါတယ် ရေးဖြစ်တဲ့အခါမှပဲ ထပ်စဉ်းစားတော့မယ်။ ခုလောလောဆယ် ဦးနှောက်ကို
ဓားမသွေးနိုင်သေးဘူး။
ဓားမသွေးနိုင်ဘူးဆိုလို့ ကျွန်တော် ဓားနဲ့ပတ်သက်တဲ့
အက်ဆေးလေးတစ်ပုဒ်ရေးဖူးတယ်ဗျ။ အဲဒီ ဓားအက်ဆေးလေး ကျွန်တော့်ပေ့ခ်ျမှာ တင်ထားတာ ကြာလှပေါ့။
ဘလော့မှာလည်း တင်ထားပါတယ်။ ကျွန်တော့်မှာရှိတဲ့ ကင်ဒိုဓား ပုံဖမ်းလေးနဲ့ပေါ့။ အဲဒီဓာတ်ပုံလေးနဲ့
တွဲတင်ထားတာ။ အဲဒီ အလွဲလေးလည်း ပြောပြဦးမယ်။ သိပ်မကြာသေးဘူး။ သိပ်မကြာသေးဆို မနေ့ကပါ။
မနေ့က ဖေ့စ်ဘွတ်ဖွင့်တော့ နိုတီတက်ထားတာလေးတွေ
နှိပ်ကြည့်တယ်။ ကျွန်တော့် ဓားအက်ဆေးလေးကို (Comment) ပေးထားတာဗျ။ (Comment) က ကြိုက်တယ်ဗျ
တဲ့။ အံမယ် ကိုယ်ရေးထားတာလေး ကြိုက်တယ်ဆိုတော့ စွတ်သဘောကျတာပေါ့။ ကိုယ်ကလည်း ပြန်ပြီး
ကျေးဇူးပါ ဆိုပြီးပြုံးနေတဲ့ ပုံလေးနဲ့ (Reply) ပြန်လိုက်တယ်။ သူက ထပ်မန့်တယ်။ ဘယ်မှာ
ဝယ်လို့ရလဲ အစ်ကိုတဲ့။ ဟိုက် သေရော။ သူက ကိုယ်တင်ထားတဲ့ ကင်ဒိုပုံဖမ်းလေးကို ကြိုက်တာကိုး။
အဲဒါနဲ့ ဓားအရောင်းအဝယ်လုပ်တဲ့ ပေ့ခ်ျလေး စခရင်ရှော့ရိုက်ပြီး ပို့လိုက်တယ်။ ဖုန်းနံပါတ်ပါပေါ့။
အင်တာနက်လိုင်းအခြေအနေကြောင့် အဝိုင်းလည်နေရော။ ခုချိန်က ညပိုင်း ဆယ့်တစ်နာရီထိုးခါနီးပေမယ့်
လိုင်းသုံးသူတွေ များနေတဲ့အချိန်ကိုး။
အဲဒီအချိန်မှာ ကတောင်ဆိုပြီး မက်ဆင်ဂျာကနေပြီး
စာတစ်စောင်ဝင်လာတယ်။ ပုံက စာရေးဆရာမ အသိလေ။ ဖွင့်ဖတ်လိုက်တော့ ဆရာ တဲ့။ ဘာမှ ဆက်မပြောသေးဘူး။
လိုင်းအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်လည်း ပြောပါ လို့ ထောက်ပေးလိုက်တယ်။
အဲဒီကျမှ သူကပြောတာ။ ဂျူးရဲ့ဝတ္ထုတိုတစ်ပုဒ်တဲ့။ သူငယ်ချင်းဆီ ပိုက်ဆံချေးတဲ့ ဇာတ်လမ်းလေးတဲ့၊
နာမည်သိချင်တာတဲ့၊ ပြန်ရေးစရာရှိလို့ဆိုလားပဲ။ ကိုယ်လည်း ကိုယ်ချင်းစာတာပေါ့။ တစ်ခါတစ်လေ
ကိုးကားစရာရှိရင် လိုက်ရှာရခက်တာ၊ လိုက်ရှာရင်း ရေးရမယ့် အာရုံဈာန်ပျက်သွားတာမျိုးလေ။
အဲဒါကြောင့် ခဏဆိုပြီး ကိုယ့်စာကြည့်ခန်းထဲက ဂျူးဝတ္ထုတိုစာအုပ်တွေရှာ၊ နောက် အဲဒီဇာတ်လမ်းပါတဲ့ဝတ္ထုကိုပါ
ဓာတ်ပုံရိုက်ပြီး ပို့လိုက်တယ်။ (၁၃)ပုံလားပဲ။
" ကျေးဇူးတင်လိုက်တာ ဆရာရှဥ့်
" တဲ့။
ဆရာရှင့် မဟုတ်ဘူးနော်။ ရပါတယ်လို့၊
အာရုံမပျောက်ခင်လေး ရေးရေး၊ ပိုစ့်တင်ရင်တော့ တဂ်တွဲလိုက်လို့ ပြန်ပြောလိုက်ရတယ်။ အဲဒီကျမှ
မင်းသမီးစာရေးဆရာမက ကွန်မက်တစ်ခု မန့်စရာရှိလို့ နာမည်အတိအကျ မမှတ်မိလို့တဲ့။ သေရော။
တကယ်ဆို သူမေးတာလေး အသာဖြေပေးလိုက်ရင် ပြီးရော။ ခုတော့ကိုယ့်မှာ …။
" လွဲသွားတဲ့အခါ…"
(PS:
လွဲသွားတဲ့အခါ ဆိုသောစာသားကို ထူးအိမ်သင်၏ ဝေးသွားတဲ့အခါ ဆိုသော အလိုက်အတိုင်း ဆိုကြည့်လိုက်ပါ…။
အဆိုတော် ထူးအိမ်သင်လည်း ဆရာနီကိုရဲနှင့် အတူတွဲသွားစဉ်အခါက လွဲခဲ့ဖူးပါသည်။ ကျွန်တော်က
ရန်ဖြစ်ရပြီ အောက်မေ့နေတာ၊ ခင်ဗျားပါလာတာနဲ့ လွဲတော့တာပဲ ဟူသော အကြောင်းအရာတစ်ခုကိုဖတ်ရစဉ်
ဖတ်ရစဉ် ကျွန်တော်ရယ်ခဲ့ဖူးပါသည်။ ဒီစာလေးဖတ်ပြီး ခင်ဗျားပြုံးရယ်မိမည် ဆိုပါလျှင်…)
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၈.၁၁.၂၀၁၇
နံနက် ၉း၄၇ မိနစ်)
https://www.facebook.com/authorshintnyolay
Comments
Post a Comment