တစ်နေ့…ငါနိုင်ငံခေါင်းဆောင်ဖြစ်တဲ့ အဲဒီတစ်နေ့မှာ





တစ်နေ့…ငါနိုင်ငံခေါင်းဆောင်ဖြစ်တဲ့ အဲဒီတစ်နေ့မှာ

စစ်ဆိုတာ မရှိစေရဘူး၊
အချစ်အတွက်နဲ့ ဘာသာခြားတွေ ဖျက်ဆီးခြင်းကိုခံရတဲ့
မြန်မာမိန်းမပျိုတွေ မရှိစေရဘူး။
မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့မပြောနဲ့
ဘယ်ကျူးကျော်သူမှ တို့နိုင်ငံရဲ့
နယ်စပ်ခြံစည်းရိုးအရိပ်ကိုတောင် မနင်းစေရဘူး။

တို့ပိုင်တဲ့မြေကို တို့နိုင်ငံလို့ ပီပီပြင်ပြင် ဟစ်ကြွေးနိုင်ရမယ်။
မမျှတမှုနဲ့ အဓမမှုတွေကြောင့် ကျရတဲ့မျက်ရည်တွေ မရှိစေရဘူး။
တရားမျှတမှုနဲ့ အုပ်ချုပ်မယ်၊
မတရားနှိပ်စက်မှုတွေ မရှိစေရဘူး။
အမျိုးမစောင့်တဲ့လူတွေအတွက် နေရာမရှိစေရဘူး။
တို့နိုင်ငံမှာ အရည်အချင်းရှိတဲ့သူတွေအတွက်
အလုပ်ကောင်းဆိုတာ ရှိရမယ်။
ငွေကြောင့်ဝမ်းနည်းရတဲ့ လူမမာတွေ မရှိစေရဘူး။
လူတွေရဲ့နှလုံးသားထဲမှာ တရားအသိတွေ ရှိရမယ်။
ကြိုးစားတဲ့သူတွေအတွက် အခွင့်အရေးဆိုတာ ရှိစေရမယ်။
ငွေကြေးမတတ်နိုင်လို့ မိဘတွေပိုက်ဆံမရှိလို့
ကျောင်းမနေရတဲ့ ကလေးတွေအတွက်
ပညာသင်ဖို့ အခွင့်အရေးဆိုတာ ရှိရမယ်။
ကျေးလက်ကျောင်းထဲမှာ ဆရာအပြည့် ကျောင်းသားအပြည့်နဲ့
ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရမယ်။
ငြိမ်းချမ်းရေးအကြောင်းတွေသာ သီချင်းလုပ်ဆိုမယ်။
တို့နိုင်ငံကို အမြင့်ဆုံးတစ်နေရာကနေကြည့်ရင်
ရွှေရောင်စေတီတွေ၊ ဘုရားသားတော် သံဃာတွေ၊ သာသနာ့အောင်လံတွေ
တလူလူလွင့်လျက် သက်ဝင်လှုပ်ရှားနေတာကို မြင်စေရမယ်။
ကလေး၊ လူကြီး၊ ဝန်ထမ်း၊ ပြည်သူ တစ်နိုင်ငံသားလုံးရဲ့နှလုံးသားထဲမှာ
ငြိမ်းချမ်းတဲ့တရားအသိတွေ ကိုယ်စီရှိနေစေရမယ်။
သူများနိုင်ငံမှာ ကျွန်ခံသလိုမျိုးအလုပ်သွားမလုပ်ဘဲ
ကိုယ့်နိုင်ငံမှာ စည်းကမ်းရှိရှိ မိသားစုနဲ့ ပျော်ရွှင်စွာနေပြီး
သာသနာပြုလုပ်ငန်းတွေကို ဆောင်ရွက်ရင်း
နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းနိုင်စေရမယ်။
မြန်မာကို ကမ္ဘာက အံ့သြလေးစားရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်စေရမယ်။
တစ်နေ့နေ့…အဲဒီနေ့…ငါနိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့နေ့…။

သြချစ်(မဟောသဓာ)
Photo:Credit

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း