လူငယ်တို့ စာဖတ်စို့
လူငယ်တို့ စာဖတ်စို့
လူငယ်တွေ စာမဖတ်ဘူးဟု အများစုက ပြောကြသည်။ ဘယ်စာတွေကို ဖတ်ရမှာလဲ။ တကယ်တော့ဖတ်စရာစာပေတွေ နည်းလာတာရော မဖြစ်နိုင်ဘူးလား။ ဖတ်စရာတွေ အများကြီးဆိုလျှင်လည်း လူငယ်တွေကို လမ်းကြောင်းပေးဖို့လိုသည်။ ဖတ်သင့်သည့်စာအုပ်တွေ၊ ဖတ်ရမည့်စာအုပ်တွေကို ကျွန်တော်တို့ လမ်းကြောင်းပေးနိုင်ဖို့လိုသည်။ ကျွန်တော်တို့ကိုယ်တိုင် စာဖတ်ဖို့လိုပါသည်။
ယနေ့ခေတ်တွင် ကလေးတွေအတွက်ထွက်သည့် ကာတွန်းတေကွ ရှားလာသည်။ ကာတွန်းပိုးဇာ၏ လေးမွန် ထွေးမွန်နှင့်လူပျိုကြီး မောင်မောင်ဇာ၊ တောင်ငူမှ ဆရာမိမန်းလေးရေးသည့် ထွေးခင် ဇာတ်လမ်း စသည်ဖြင့် အတွေ့ရများပါသည်။ တခြားစာအုပ်တွေထွက်ခဲ့လျှင်လည်း ကျွန်တော် မတွေ့မိခြင်းပဲ ဖြစ်နိုင်သည်။ ဆရာကြီးတင်မိုး၏ ထီးကလေးနဲ့ မနီ၊ ဆရာဇော်ဂျီ၏ ကဗျာများ၊ ဆရာမင်းသုဝဏ်၏ ကဗျာများ၊ ဦးပေါ်ဦးလျှောက်ထုံး၊ ခုံတော်မောင်ကျဘမ်း၏ လျှောက်ထုံး၊ စကားတောင်စားဝတ္ထု၊ ဗန်းမော်ဆရာတော်၏ စာချိုးများ အစရှိသည့် စာများဖြင့် ကျွန်တော်တို့၏ ကလေးဘဝကို ဖြတ်သန်းခဲ့ရသည်။ ဖြတ်သန်းခဲ့ကြသည်။
ယနေ့ခေတ်တွင် စာအုပ်ဆိုင်များ၌ ခေတ်စားနေသည့်၊ အငှားရသွက်သည့် စာများမှာ ပရလောကအကြောင်း၊ သရဲ၊ တစ္ဆေတို့အကြောင်းကို ဂမ္ဘီရဆိုပြီးခေါင်းစဉ်တပ်ထားသည့် စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ဖြစ်သည်။ ဂမ္ဘီရဆိုသည်မှာ လျှို့ဝှက်နက်နဲခြင်းဖြစ်သည်။ သရဲ၊ တစ္ဆေများအကြောင်းရေးပြီး ဂမ္ဘီရခေါင်းစဉ်တပ်ထားကြသည်က များသည်။ ကျွန်တော်တို့ငယ်စဉ်က မုန့်ဖိုးအများကြီးမရခဲ့ချေ။ ကာတွန်းစာအုပ်ငှားချင်လျှင် စုပြီးမှ ငှားရသည်။ ကာတွန်းစာအုပ်တို့၏ ထုံးစံအတိုင်း ခဏနှင့် ဖတ်ပြီးသွားသည်က များသည်။ သို့နှင့် လူကြီးတွေဖတ်သည့်၊ ဖတ်ပြီးသွားသည့် မဂ္ဂဇင်းစာအုပ်တွေ ကောက်ကိုင်ရတော့သည်။ ဆိုလိုသည်က ကျွန်တော်တို့ စာဖတ်ချင်သည်။ ငွေကြေးအခြေအနေအရ ဖတ်ချင်သလောက် ငှားမဖတ်နိုင်ခဲ့ချေ။ စာကြည့်တိုက်တွေရှိသော်လည်း အသင်းဝင်ပြီး ငှားဖတ်ရမည်မှန်း မသိခဲ့ရ။ ငါးတန်းကျောင်းသားဖြစ်မှ မြို့ထဲရှိ စာကြည့်တိုက်တွင် အသင်းဝင်ကတ်လုပ်ပြီး ငှားခဲ့ရသည်။ ကျွန်တော်တို့ငယ်စဉ်က စာအုပ်အငှားဆိုင်တွေ များသည်။ စာကြည့်တိုက်တွေကတော့ ရှားသည်။
ယနေ့ခေတ်မှာတော့ စာအုပ်အငှားဆိုင်များ ပျောက်ကွယ်လုမတတ်ဖြစ်နေသော်လည်း စာကြည့်တိုက်တွေကတော့ ပေါလာပြီဖြစ်သည်။ ရပ်ကွက်တိုင်းနီးပါး စာကြည့်တိုက်တွေလည်း ရှိနေကြပြီ ဖြစ်သည်။ အဓိက လိုအပ်သည်မှာ စာဖတ်မည့်သူတွေပဲ ဖြစ်သည်။ စာအုပ်ရှိသည်၊ ငှားပေးမည့်သူလည်း ရှိသည်။ ဖတ်မည့်သူ မရှိဖြစ်နေသည်။ ကျွန်တော်တို့ရပ်ကွက်ထဲရှိ စာကြည့်တိုက်မှာဆိုလျှင် ညနေပိုင်းစာကြည့်တိုက်ဖွင့်ချိန်၌ အသက်လေးဆယ်ကျော်နှင့် ငါးဆယ်ကျော်တွေ ချည်းပင်ဖြစ်သည်။ သူတို့တွေ လက်ထဲမှာကိုင်ထားကြသည်က မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ။ စာကြည့်တိုက်ထဲ ဝင်ကြည့်ပြန်လျှင် လည်း ကလေးများအတွက်ထားပေးသည့် စာအုပ်တွေကနည်းနေသည်။ မဂ္ဂဇင်း၊ ဂျာနယ်မှာပါသည့် ရယ်စရာကာတွန်းဆိုသည်ကလည်း ကလေးတွေအတွက်ဆိုသည်ထက် လူကြီးတွေအတွက် ဖြစ်နေသည်က များသည်။ တစ်ဖက်က ကလေးစာပေတွေ များများရေးကြဖို့လည်း လိုပါသည်။ ရေးပြီးသား၊ ရှိပြီးသားစာအုပ်များ၊ ထပ်ထုတ်သည့်စာအုပ်များကို စာကြည့်တိုက်တွေမှာ ထားဖို့လိုပါသည်။
ယနေ့ခေတ်အခြေအနေက အင်တာနက်ခေတ်ဖြစ်နေ၍ လူတိုင်း (Facebook) မှ (facebook) ဖြစ်နေကြသည်။ ခေတ်ရေစီးကြောင်းကို ဖီဆန်ဖို့ မသင့်ဘူး မဟုတ်လား။ ရေဆန်ကိုကူးမှ ရေကူးခြင်း မဟုတ်ပါ။ ရေစုန်ကို မျှောနိုင်ဖို့လည်း လိုပါသည်။ အဓိကလိုရင်းက ရေမနစ်ဖို့ဖြစ်သည်။ ကိုယ့်ပန်းတိုင်ရှိရာ ကို သွားနိုင်ဖို့က လိုရင်းပင်ဖြစ်သည်။ ကျွန်တော်တို့ ရည်ရွယ်ထားသည့် ပန်းတိုင်မှာ လူငယ်တွေ စာဖတ်ရေးပင် ဖြစ်သည်။
ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်ချင်လို့ တို့တော့ (Facebook) မသုံးဘူးဆိုသည့် သူတွေလည်း တွေ့ဖူးကြမည်ထင်သည်။ တကယ်တော့ ဖုန်တွေ၊ အမှိုက်တွေဝင်မှာစိုး၍ ပြတင်းတံခါးတွေကို ပိတ်ထားကြသူတွေနှင့် တူပါသည်။ ကိုယ့်ကမ္ဘာကိုယ် သော့ခတ်၍ အကျဉ်းကျနေသူတွေဖြစ်သည်။ ခေတ်မီနည်းစနစ်တွေ၊ နည်းပညာတွေကို ကိုယ့်အတွက် မည်ကဲ့သို့ အသုံးချမလဲဆိုပြီးသာ စဉ်းစားသင့်ပါသည်။ အွန်လိုင်းပေါ်တွင် ဗဟုသုတရနိုင်သည့် စာမျက်နှာတွေ၊ ဝက်ဘ်ဆိုက်တွေ အများကြီးရှိသည်။ ထိုနေရာမှလည်း စာဖတ်ရပါသည်။ အဘယ့်ကြောင့်ဆိုသော် (Knowledge is power) ဟု ဆိုထားသည် မဟုတ်လား။ ကိုယ်သိထားသည့် ဗဟုသုတကို အခက်အခဲကြုံလာသည့်အခါ၊ ဘယ်ပုံဘယ်နည်း အဆင်ပြေအောင်အသုံးချမလဲဟု စဉ်းစားနိုင်ဖို့လိုသည်။ အသုံးချနိုင်ခဲ့မည်ဆိုလျှင် ထိုအရာသည် ပညာပင် ဖြစ်တော့သည်။
ပညာခေတ်ကြီးတွင် ကျွန်တော်တို့ စာဖတ်ဖို့ လိုပါတယ်။ အများစုက ယနေ့ခေတ်စားနေသည့် ကိုရီးယားကားတွေ၊ ဖိလစ်ပိုင်ကားတွေကြည့်ကြသည်။ အတုယူမှန်းမသိယူနေကြသည်က မိဘကိုပြန်ပြော တာ၊ ဆိုဂျူ သောက်တာ၊ ကောင်မလေးကို ကုန်းပိုးတာ၊ လုပ်ငန်းခွင်မှာ အချင်းချင်းတွန်းတိုက်တာ ထိုအချင်းအရာမျိုးတွေကိုပဲ အတုမြင်အတတ်သင်ဖြစ်နေကြသည်။ မင်းသား၊ မင်းသမီး၏ နေပုံထိုင်ပုံ၊ ဝတ်ပုံစားပုံကိုပဲ အတုယူကြသည်။ သူတို့အိမ်တွင် သန့်ရှင်းတောက်ပြောင်နေတာ၊ သန့်ရှင်းရေး လုပ်နေတာကို မမြင်မိကြချေ။ ငယ်ငယ်ရွယ်ရွယ်နှင့် ညဥ့်နက်သန်းခေါင် အလုပ်ကြိုးစား လုပ်ပြနေတာကို မမြင်မိသော်လည်း ထိုအချိန်တွင် ချစ်သူဆီက ဖုန်းလာတာကိုကျ သိသိမှတ်မှတ်ရှိကြသည်။ မြန်မာဗီဒီယိုဇာတ်ကားများတွင်လည်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ မုန့်ဆိုင်ထိုင်ရင်း ဟိုဘက်ဒီဘက် စနောက်၊ ရန်ဖြစ်တဲ့အခန်းတွေ၊ ကောင်မလေးနှင့် အဆင်မပြေသည့်အခါ ဘီယာဆိုင်၊ အရက်ဆိုင်ထိုင်သည့်အခန်းတွေကိုသာ အများအားဖြင့် အတုခိုးတတ်ကြသည်။ ဇာတ်လမ်းအများစု ကလည်း ဒါမျိုးတွေချည်းပင်ဖြစ်သည်။ ဆရာမ ဂျူးရဲ့ ကံကြမ္မာကို မယုံကြည်ကြသူများ ဖတ်ကြည့်ပါ။ ဆေးတက္ကသိုလ်က လူငယ်ကျောင်းသား၊ ကျောင်းသူတွေအကြောင်းရေးထားခြင်း ဖြစ်သည်။။ ဘဝအခက်အခဲအသီးသီးနဲ့ ကျောင်းရောက်လာကြ သူတွေချည်း ဖြစ်သည်။ လူငယ်တွေ၏ အချစ်မေတ္တာအကြောင်း၊ စာမေးပွဲအတွက် စာကြည့်ကြရတဲ့အကြောင်းအရာမျိုးတွေလည်း ပါသည်။ လူငယ်တွေ စာမဖတ်ကြ၍ အတုခိုးမှားနေကြခြင်း ဖြစ်သည်။
လူငယ်တစ်ယောက်သည် အလုပ်မအားဘူးဆိုလျှင်တောင် တစ်နေ့ကို စာဖတ်ချိန်လေးသီးသန့်တော့ ပေးနိုင်ရမည်။ တစ်ပတ်တွင် စာတစ်အုပ်ပြီးအောင်ဖတ်မယ်ဟု သတ်မှတ်လိုက်မယ်ဆိုလျှင် တစ်နှစ်ကုန်သည့်အခါ စာအုပ်(၅၂)အုပ် ဖတ်ပြီးဖြစ်နေလိမ့်မည်ဖြစ်သည်။ စာဖတ်သမားတစ်ယောက်အတွက် ထိုအရေအတွက်သည် နည်းလွန်းနေမည်ဖြစ်သော်လည်း သူလိုကိုယ်လို လူတစ်ယောက်အတွက် သေချာပေါက် စာအုပ်(၅၂)အုပ် ဖတ်ဖြစ်သွားမှာ ဖြစ်သည်။ ဖတ်ပြီးသမျှကို မှတ်သားမိဖို့ နှုတ်ထုတ်ထားဖို့လည်းလိုပါသည်။ နှစ်သက်မိသည့်၊ မှတ်သားရမည့် စာပိုဒ်ကို ကူးယူထားလိုက်ကာ ဘယ်စာအုပ်၊ စာမျက်နှာဘယ်လောက်၊ စာရေးသူအမည် စသည်ဖြင့် တွဲမှတ်ထားရမည်။ လိုအပ်ပြီဆိုပါက ကိုယ့်မှတ်စုစာအုပ်ကို ပြန်လှန်ကြည့်လိုက်သည်နှင့် လိုအပ်သည့်အကြောင်းအရာကို အလွယ်တကူပြန်ရှာနိုင်မည် ဖြစ်သည်။ တချို့အကြောင်းအရာတွေက အာဂုံရဖို့လိုအပ်သည့်အတွက် အလွတ်ကျက်မှတ်ထားရခြင်းမျိုးလည်း ရှိသည်။ ယခုနောက်ပိုင်းမှာတော့ နှစ်သက်မိသည့် အကြောင်းအရာကို ရေးမှတ်ဖြစ်သော်လည်း အာဂုံရအောင် မကျက်မှတ်နိုင်တော့၊ မကျက်မှတ်ဖြစ်တော့သည်ကိုတော့ ဝန်ခံလိုပါသည်။
မိတ်ဆွေတစ်ယောက်က ပြောဖူးသည်။ စာအုပ်တွေက လူငယ်တွေ လက်လှမ်းမှီတဲ့ ဈေးနှုန်းတွေဖြစ်ဖို့လည်း လိုအပ်ပါသည် တဲ့။ ထိုအချက်ကလည်း အပြည့်အဝနီးပါး မှန်ပါသည်။ သို့သော် စာချစ်သူ စာဖတ်သမားတစ်ယောက်အတွက် လိုချင်သည့်၊ လိုအပ်သည့် စာအုပ်ကို ဝယ်ယူရရှိရေးသည်သာ အဓိကဖြစ်သည်။ ငွေကြေးတန်ဖိုးက ဒုတိယလိုက်သည်ဟုပင် ဆိုချင်ပါသည်။ စာအုပ်ဈေးကြီးမှ စာကောင်းပေမွန်ဟု အယူလွဲသူတချို့လည်း ရှိနိုင်ပါသည်။ ထောင့်ငါးရာ၊ နှစ်ထောင်ဝန်းကျင်မျှနှင့် ဖတ်ရမည့် စာအုပ်ကောင်းများစွာ ရှိနေပါသည်။ ပမာဆိုရရင် ဆရာကြီး ဦးအောင်သင်းရဲ့ စာအုပ်များ၊ ဆရာမ ဒေါက်တာမတင်ဝင်း၏ စာအုပ်တွေ၊ ဆရာဖေမြင့်၏ စာအုပ်များ၊ မေတ္တာရှင်(ရွှေပြည်သာ)၏ စာအုပ်များ စသည်ဖြင့် စာဖတ်စ လူငယ်များကို ညွှန်းဆိုလိုပါတယ်။ ဆရာမောင်သာချို၏ သမီးလေးဖတ်ဖို့စာများ စသည်ဖြင့် များစွာရှိနေပါသည်။ ယနေ့ ဖြစ်ပေါ်နေသည့် ပြဿနာများ၊ အမှုအခင်းများသည် စာမဖတ်ကြ၍ ဖြစ်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အမြန်ရေယာဉ်ကို လေးခွနှင့်ပစ်ခြင်း၊ မီးရထားခုတ်မောင်းနေစဉ် ခဲဖြင့်ထုခြင်း ဖြစ်တယ်။ မည်သည့်အငြိုးအတေးမှ မရှိပါဘဲနှင့် မောင်းနေသည့်ကားကို ခဲနှင့်ပစ်ပေါက်လိုက်၍ စာပေဟောပြောပွဲမှပြန်လာသည့် စာရေးဆရာတစ်ဦး ထိခိုက်ဒဏ်ရာပြင်းစွာ ရခဲ့ရသည်။ ထိုပြစ်မှု ကျူးလွန်သူကို ဖမ်းမိတော့ (၁၈)(၂၀) အရွယ်လေးတွေ ဖြစ်နေသည်။ လူငယ်ဆိုသည်မှာ လုပ်သင့်၊ မလုပ်သင့်ကို မစဉ်းစားတော့ဘဲ လုပ်ချင်တာကို လုပ်လိုက်ကြသည်က စာမဖတ်ခြင်းကြောင့်သာ ဖြစ်သည်။
လူတချို့ပြောနေကြသည့် စကားရှိသည်။ နှစ်(၂၀)ကျော် ဖျက်ဆီးခံထားရတဲ့ စိတ်ဓာတ်တွေမို့ဆိုသည့် စကားဖြစ်သည်။ ထိုစကားသည် လူမိုက်အားပေးစကားဖြစ်သည်။ အပြစ်ကျူးလွန်သူကို ကာကွယ်ပေးသည့်၊ မကျူးလွန်သေးသူကို ကျူးလွန်မိအောင် အားပေးအားမြှောက်ပြုသည့် စကားပင်ဖြစ်သည်။ ပြင်ရမည်။ မှားနေရင် ပြင်ရမည် ဖြစ်သည်။ အမှားကို ဝေဖန်ထောက်ပြနိုင်သော သတ္တိရှိသူတို့အတွက် ပြင်ရဲသော သတ္တိလည်း ရှိရမည်ဖြစ်သည်။ ဝန်းကျင်ကို မပြင်နိုင်သေးခင်တော့ ကိုယ်ကိုယ်တိုင် ပြင်သင့်သည် မဟုတ်လား။ သူများအမှားမှနေ၍ သင်ခန်းစာယူနိုင်ဖို့လိုသည်။ သူတစ်ပါးတို့၏ ကောင်းသော၊ ဆိုးသော အတွေ့အကြုံများသည် လက်တွေ့ဝန်းကျင်မှာလည်း ရှိသည်။ မြင်အောင်ကြည့်တတ်ဖို့လိုပါသည်။ စာအုပ်ထဲမှာလည်း ရှိသည်။ တွေ့အောင်ရှာတတ်ဖို့လိုပါသည်။
ကျွန်တော်တို့၏ ညီငယ်၊ ညီမငယ်များ တိုးတက်အောင်မြင်စေရန်၊ ဒေသကောင်းကျိုး ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာ၊ အတတ်ပညာ လိုပါသည်။ အသိပညာ၊ ဗဟုသုတများစွာသည် စာအုပ်ထဲမှာ ရှိသည်။ ဘဝများစွာ၊ သင်ခန်းစာများစွာ စာအုပ်ထဲမှာ ရှိသည်။ နိုင်ငံကောင်းကျိုး ဖန်တီးနိုင်စေဖို့ တို့လူငယ်တို့ စာဖတ်စို့ဟု တိုက်တွန်းရင်း ……… ။
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://www.facebook.com/authorhtooaungwint

Comments
Post a Comment