ခင်ဗျားက ကျွန်တော်ချစ်တဲ့ မိတ်ဆွေ
ခင်ဗျားက
ကျွန်တော်ချစ်တဲ့ မိတ်ဆွေ
ဒီခေတ်ကြီးထဲမှာ ကျွန်တော်လည်း အများနည်းတူ
(Facebook) အကောင့် နှစ်ခုရှိပါတယ်။ (Page) နှစ်ခု ရှိပါတယ်။ အကောင့်တစ်ခုက (၂၀၁၂)မှာ
စသုံးတယ်။ အဲဒီအကောင့်မှာ စိတ်ဆိုးတာ၊ ဒေါသထွက်တာ၊ ဟိုရောက်တာ၊ ဒီရောက်တာ၊ ဟိုခံစားချက်၊
ဒီခံစားချက် စသည်ဖြင့် စိတ်ပျော်ရာသုံးတဲ့ အကောင့်ပါ။
အဲဒီအကောင့်မှာ ကျွန်တော် စာရေးတဲ့အကြောင်း
မတင်ဘူး။ ဒါပေမယ့် စာရေးဆရာ၊ ဆရာမ တော်တော်များများ ရှိတယ်။ လူရင်းနဲ့ တချို့စာရေးသူများကလွဲပြီး
ကျွန်တော်စာရေးသူတစ်ယောက်ဆိုတာ မသိကြပါဘူး။ (၂၀၁၅/၂၀၁၆)လောက်ထိပေါ့။ နာမည်မကြီးတာလည်း
တကဏ္ဍပေါ့။ (Facebook) အကောင့်နာမည်တောင် (Htoo Aung Wint) လို့ပေးထားတာ။ စာပေနဲ့ အပျော်သုံးနဲ့
ကဏ္ဍခွဲထားတဲ့ သဘောမျိုးပါ။ နောက်ပြီး ကျွန်တော့်ကို ဆရာခေါ်တာကိုလည်း မကြိုက်တာလည်း ပါတယ်။
ဆရာ၊ ဆရာမ တော်တော်များများကတော့ သူတို့ကလောင်နာမည်နဲ့၊ သူတို့ကလောင်အမည်မဟုတ်ပေမယ့်
သူတို့ဟာ စာရေးဆရာ၊ ဆရာမတွေပဲလို့ သိသူတွေများတယ်။ စာပေပွဲတော်တော်များများမှာ သူတို့တွေက
တက်ကြွလှုပ်ရှားကြသူတွေ၊ အပြင်မထွက်တောင် စာရေးကောင်းကြ၊ စာကောင်းရေးကြသူတွေလေ။
ကျွန်တော်ကတော့ စာကောင်းရေးချင်တယ်။
စာရေးတော့ မကောင်းဘူး။ အဲဒီလိုပဲ စာရေးလည်း ကျဲတယ်၊ နည်းတယ်။ စာပေပွဲတော်တော်များများကို
သဘောကျတယ်။ နောက်ပိုင်းတော့ ထောင်ကျမှပဲ လူရာဝင်သလိုလို၊ စာအုပ်တော်တော်များများမှာ
ဖတ်ဖူးပြီးသား သူရဲကောင်းတွေအကြောင်း ကိုးကားဟောပြောနေကြ၊ နိုင်ငံရေးပုတ်ခတ်ဟောပြောနေကြသူတွေ
များလာတော့ စိတ်မဝင်စားတော့ပဲ ကိုယ့်ရပ်ကွက် စာပေဟောပြောပွဲကျင်းပနေတောင် သွားနားမထောင်ဖြစ်တော့ဘူး။
စာအကြောင်း သီးသန့်လေးဖြစ်ချင်တယ်။ အဲဒါကြောင့် (၂၀၁၅) ဧပြီ(၃၀)မှာ မလုပ်တတ်၊ လုပ်တတ်နဲ့
ရှဥ့်ညိုလေး ဘလော့ကို စဖွင့်ဖြစ်တယ်။ နောက်တော့ ရှဥ့်ညိုလေးပေ့ခ်ျကို (၂၀၁၅) ဒီဇင်ဘာ(၂၈)မှာ
ထပ်ဖွင့်ဖြစ်တယ်။ ဘလော့ကို နှစ်သက်ပေမယ့် စာဖတ်သူနဲ့ထိတွေ့ခွင့်များတာ (Page) မှာပဲလေ။
ဘလော့ကတော့ တကယ့် စာအုပ်စင်လေး၊ စာကြည့်တိုက်လေးလိုပဲ။ ကိုယ်ဖတ်ချင်တဲ့ကဏ္ဍခေါက်လိုက်တာနဲ့
တင်ထားသမျှ အသီးသီးထွက်ကျလာတာ မဟုတ်လား။
(Facebook) မှာလည်း စိတ်ပျော်ရာတွေ
တင်တယ်။ (Page)နဲ့ (Blog) မှာတော့ စာနဲ့ပတ်သက်တာတွေ တင်တယ်။ (Blog) မှာတော့ စိတ်ခံစားချက်လေးတွေပါ
ဒိုင်ယာရီသဘောဖြစ်အောင် တင်ပါတယ်။ အဲဒီမှာ (Facebook) သူငယ်ချင်း (၇၀၀)နီးပါးလောက်လည်း
ရောက်လာရော ဆရာသမား (၇၀၀)နီးပါးဆိုတာ သိလာတယ်။ တချို့က (Proud)၊ တချို့က (Price)၊ တချို့က
တုံးခုတယ်။ ရှေ့မှာတမျိုး၊ ကွယ်ရာတမျိုးပေါ့။ ကျွန်တော် စိတ်ရင်းနဲ့ ပေါင်းချင်တဲ့သူ၊
ကိုယ့်ကိုယ် သတိမထားမိပေမယ့် ကိုယ်နှစ်သက်ချစ်ခင်သူတွေ ချန်ထားပြီး (၄၀၀)နီးပါး အန်ပစ်လိုက်တယ်။
ကျန်(၃၀၀)က ကျွန်တော်ချစ်တဲ့သူတွေ၊ စိတ်ရင်းနဲ့ပေါင်းလို့ ရမယ်ထင်တဲ့သူတွေပေါ့။
ဟိုးတုန်းက ဒီထက်ပို အကဲဆတ်တယ်။
(Operation Manager)တောင် သူ့ပုံမတင်ပဲ တခြားပုံတင်ထားလို့ ယုံကြည်လို့ မရနိုင်တဲ့သူဆိုပြီး
လက်မခံဘူး။ နောက်မှ လုပ်ငန်းခွင်က သူတချို့လက်ခံဖြစ်တာ။ ကိုယ်ကတော့ အားလုံးကို ချစ်တဲ့စိတ်နဲ့
ဆက်ဆံဖြစ်တယ်။ ခွဲခွာရတဲ့အချိန်မှာ နောင်တ မရချင်လို့။ အဲဒါကြောင့် လမ်းခွဲရောက်ရင်ဆိုတဲ့
ကဗျာလေး ရေးဖြစ်သွားတာ။ ကိုယ့်စိတ်ရင်းနဲ့ အားလုံးကို ကူညီတယ်။ စော်ကားသွားရင်လည်း
နောင်တ မရပါဘူး။ နောက်တစ်ကြိမ် ကူညီဖို့ဆိုတာတော့ မရှိတော့ဘူးပေါ့။ ကိုယ်လည်း လူသားမို့
အတေးအမှတ်ရှိပါတယ်။ အခွင့်ကြုံရင် ပြန်တုန့်ပြန်မယ်ဆိုတာမျိုး မဟုတ်ဘူး။ နောင် အကူအညီတောင်းလာရင်၊
ကူညီဖို့အခွင့်ကြုံရင်တောင် မကူညီတော့ဘူး ဆိုတာမျိုးပါ။
ကိုယ်အလုပ်လျှောက်လွှာတင်ပေးခဲ့ရ၊ အလုပ်ရဖို့ပြောပေးခဲ့ရသူက
နောက်တစ်နေရာမှာ ကိုယ့်ကိုချောက်ပြန်တွန်းတာကို နားနဲ့ဆတ်ဆတ်ကြားခဲ့ဖူးပါတယ်။ နောက်တော့
သိပ်မကြာခင် လပိုင်းမှာပဲ စကားပြောဖြစ်တော့ ကျွန်တော်ကူညီပေးခဲ့တဲ့အကြောင်းကို သူ့နှုတ်ကပဲ
ထုတ်ပြောပါတယ်။ စဉ်းစားမရတာက ကူညီပေးဖူး၊ ကျေးဇူးရှိဖူးရက်နဲ့ ဘာ့ကြောင့် ချောက်တွန်းချင်ရတာလဲ။
ကျွန်တော် စဉ်းစား မရဘူး။ တစ်ခါတစ်ခါ ကိုယ်ကူညီခွင့်ရသူက မိန်းကလေးတွေ ဖြစ်နေတယ်။ သူတို့က
ကျေးဇူးတင်၊ ဆရာတင်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ တချို့က အမနာပ ပြောချင်လာတာကြောင့်
စိတ်ရှုပ်စရာတွေ ရှင်းဖို့လိုလာတယ်။ ဒါ့ကြောင့် အဲလို မိတ်ဆွေတော်တော်များများကို အန်ပစ်လိုက်တယ်။
(၂၀၁၆) နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာထင်တယ်
(Viber contact) မှတ်မရလို့ လျှောက်လုပ်ရင်း (Facebook) အကောင့်တစ်ခု ထပ်ဖြစ်သွားတယ်။
ဖျက်ပစ်ရမှာလည်း နှမျောတာနဲ့ ကိုယ်သိထားတာလေးတွေ ပြန်ဝေမျှတဲ့အကောင့်လုပ်မယ်ဆိုပြီး
(Request) လုပ်သမျှ လက်ခံဖြစ်တယ်။ (Request) များလာတော့ နေ့စဉ်အရေအတွက်နဲ့ လက်ခံပေမယ့်
အကောင့်လော့ကျမှာစိုးလို့ (Page) တစ်ခု ထပ်လုပ်ဖြစ်တယ်။ အဲဒီမှာလည်း (Knowledge
Sharing Center) တို့ ခေါင်းစဉ်တပ်လိုက်တယ်။ (Personal) ကိစ္စ စကားမပြောဘူး။ စာကြည့်တိုက်
စာအုပ်တင်ထားသလိုပဲ။ ကိုယ်ဖတ်ချင်တာဖတ်သွားပေါ့။
နောက်တော့ ရောလာတာက အဲဒီအကောင့်မှာ
လက်ခံထားသူတွေက ကျန်အကောင့်ပါ လိုက်ပြီး (Request) လုပ်လာတာပဲ။ အဲဒီမှာ ပြဿနာ နည်းနည်းရှိတယ်။
ဟိုမှာက ကိုယ်က ဝေမျှသူ။ ဒီမှာက ကိုယ်က စိတ်ပျော်ရာသုံးတာ။ ကျွန်တော့် လွတ်လပ်ခွင့်ကို
အထိပါး မခံနိုင်ဘူး။ ဟိုလူ့လက်ခံပေးပါ၊ ဒီလူ့ဘလော့ပေးပါ။ အဲဒါတွေ လက်မခံနိုင်ဘူး။ ဘယ်သူ့ညွှန်ကြားမှုနဲ့မှ
လွတ်လပ်ခွင့်ကို အထိမခံနိုင်ဘူး။ အဲဒါကြောင့် အကောင့်ထဲမှာ ယောက္ခမလည်းမရှိဘူး၊ မိန်းမလည်း
မရှိဘူး။ အမျိုးသမီးကိုတော့ ကျွန်တော်တင်သမျှပို့စ်ပြဖြစ်တယ်။ ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ်
သူဖတ်မှ ကျွန်တော်က သဘောကျတာ။ အဲဒါကတော့ ချွင်းချက်ပေါ့။ စာရေးနေတုန်းတော့ စာရေးလက်စကို
မဖတ်စေချင်ဘူး။ သူ့ဆီက ထင်မြင်ချက်တစ်ခုခု၊ အာမေဋိတ်တစ်ခုခုကြောင့် ကျွန်တော့်စာ အကြောင်းအရာပြောင်းသွားမှာကို
မလိုလားဘူးလေ။ ကွန်ပျူတာကလည်း အိပ်ခန်းထဲမှာဆိုတော့ စာရေးနေချိန် တစ်ဝက်တစ်ပျက်လာဖတ်တာကို
မကြိုက်ဘူး။ စာကိုတော့ ကျွန်တော်ယုံကြည်ရာ၊ နှစ်သက်ရာကိုပဲ ရေးပါတယ်။
ကျွန်တော့်မိသားစုရဲ့ အကြောင်းမသိကြတော့
တချို့က စာလေး၊ ကဗျာလေး ခပ်နုနုရေးတင်ထားတာဖတ်ပြီး ဟင်းနော်၊ ကလေးအဖေနော် စသည်ဖြင့်
နောက်တာလိုလို၊ အတည်လိုလိုနဲ့ (Comment) တွေရေးပါတယ်။ အဲလိုလူတွေက စိတ်အနှောက်အယှက်ပေးရုံ
သက်သက် လူတွေလေ။ လူဆိုတာ ကိုယ့်အသိစိတ်နဲ့၊ ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲလေ။ အရက်မကောင်းဘူးဆိုတာ
သိသားပဲ။ သောက်နေကြတာ မဟုတ်လား။ ဆုံးမသူထက် ပြုံးပြသူကိုချစ်ပါ ဘာညာနဲ့စာတွေက ငယ်တုန်းက
ဖတ်ဖူးပြီးသားပါ။ လိုက်နာခဲ့ဖူးပါတယ်။ အသက်ကြီးလာတော့ အတွေးလေးတွေ ကြီးထွားခွင့်ပြုကြည့်ရအောင်။
ဘယ်အရာဖြစ်ဖြစ် ပိုသွားရင် မကောင်းဘူးမဟုတ်လား။ ပုဇွန်ကျောပိုး ယိုးဒယားငံပြာရည်လေး
ကောင်းလွန်းလို့ ဟင်းထဲပိုထည့်ကြည့်ပါလား။ အိုင်အိုဒင်းဆားလေး ကျန်းမာရေးအတွက် သိပ်ကောင်းတာဆိုပြီး
ဟင်းထဲပိုထည့်ကြည့်ပါလား။
ခုဆို အိုဗာတင်းဖျော်တဲ့ နောက်လိုက်တွေကြောင့်
ခေါင်းဆောင်အပေါ်အမြင်တွေပြောင်းလာကြ၊ စောင်းလာကြတာကို သိကြမှာပါ။ ဒါ့ကြောင့် သူငယ်ချင်းမိတ်ဆွေတချို့ကို
ပြောထားရတယ်။ ကျွန်တော် အိုဗာတင်း မကြိုက်ဘူးလို့။ တချို့က အရမ်းခင်ကြတယ်။ လက်ဆောင်တွေ
အများကြီး၊ အများကြီး မဟုတ်တောင် ခဏခဏပေးတယ်။ ကျွန်တော့်မှာ ပြဿနာရှိတယ်။ အဲဒါကြောင့်
ခင်စရာမကောင်းဘူးလို့ စောစောကတည်းက ခပ်ရှင်းရှင်းပြောပြထားရတယ်။ လက်ဆောင်တွေ များလာတဲ့အခါ
ငြင်းဆန်ရခက်လာတယ်။ တုန့်ပြန်ရခက်လာတယ်။ မလွတ်လပ်တော့ဘူး။ အချည်နှောင်ခံရတယ်ပေါ့။
ဟိုးတစ်နေ့က ပန်းချီဆရာမတစ်ယောက်ရေးထားသလိုပေါ့။
သူတို့က လက်ဆောင်ပေးတော့ ကိုယ်တစ်ယောက်ထဲမို့ သိပ်မသိသာဘူး။ ကိုယ့်မှာကို သူတို့တွေကိုကျ
အများကြီး ဖြစ်သွားပြီ။ သူတို့က အချိန်ပေးရတာ ကိုယ့်တစ်ယောက်ထဲမို့ သိပ်ကိစ္စမရှိသလောက်ပဲ။
ကိုယ့်မှာကျ အချိန်အခက်အခဲ အများကြီးဖြစ်သွားပြီတဲ့။ ကျွန်တော်လည်း ထို့အတူပါပဲ။ မိသားစုအတွက်
အချိန်ပေးရတယ်။ အလုပ်အတွက် အချိန်ပေးရတယ်။ နောက် စာဖတ်ချိန်ပေးရတယ်။ အလုပ်နဲ့ဆိုင်တဲ့
စာတွေလည်း ဖတ်ရတယ်။ ရသနဲ့ဆိုင်တဲ့စာတွေလည်း ဖတ်ရတယ်။ သုတ/ရသ ကို ကလောင်နှစ်မျိုးနဲ့ရေးဖို့
ကြိုးစားနေသူမို့ စာကတော့ မဖြစ်မနေကို ဖတ်နေရပါတယ်။ ရေးဖြစ်တာက နည်းနေပေမယ့်လေ။
ကိုယ့်စိတ်ကို ခန္ဓာကိုယ်က မလိုက်နိုင်ဘူး။
ကျီးပေါင်းရှိတယ်။ စာအကြာကြီး ကြည့်လို့၊ စာစီလို့ မရဘူး။ (MBC.)(Myanmar Book
Club) ကလည်း ကိုယ့်ကိုယ်ဦးစားပေးပြီး စာဖတ်ရက်သတ်မှတ်ထားတာမို့ (အားလုံးက ကိုယ့်ထက်
သက်ကြီး၊ ဝါကြီး၊ ဆရာကြီးတွေပါ) အလေးထားရပါတယ်။ သင်တန်းတက်မှ သင်ယူတာ မဟုတ်ပါဘူး။ စာဖတ်တာလည်း
သင်ယူနေတာပါ။ အလုပ်နဲ့ပတ်သက်တဲ့စာတွေ၊ အွန်လိုင်းသင်ခန်းစာတွေ (Print) ထုတ်ပြီး စာအုပ်ချုပ်ထားတာ
(A4)နှစ်ထုတ်စာ မကဘူး။ ဖတ်ဖို့၊ ရေးဖို့ အကြွေးပိနေတယ်။ (Dictonary) အားကိုးပြီး ဖတ်ရမယ့်
အင်္ဂလိပ်ဝတ္ထုတွေ အများကြီး။ ခုထိ တစ်အုပ်ပြီးအောင် မဖတ်နိုင်၊ ဘာသာမပြန်နိုင်သေးဘူး။
အားလုံးဟာ နှစ်ခန်း၊ သုံးခန်း၊ အလွန်ဆုံး တစ်ဝက်ထိပဲ ပြီးသေးတဲ့ စာအုပ်တွေ များတယ်။
စာပေရေးရာဆောင်းပါးတွေကို စာစီပြီးတင်ချင်တယ်။
ဆရာကြီးတွေလို မြန်မာစာပေလောကအတွက် အကျိုးမဆောင်နိုင်ပေမယ့် တစ်ဖက်တစ်လမ်းက အထောက်အကူပြုချင်တယ်။
အလှူကြီးမလှူနိုင်ပေမယ့် လမ်းညွှန်ပေး၊ ပန်းကန်ဆေးပေးသူမျိုး လုပ်ချင်တယ်။ လေးစားအားကျရတဲ့
ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိတွေ အတုယူနိုင်အောင်၊ အတုယူချင်အောင် ဂုဏ်ပြုလေးစားတဲ့အနေနဲ့
စာစီတင်ချင်တယ်။ တရားစာလေးတွေ ဖတ်ချင်တယ်၊ ကိုယ့်စာကြည့်ခန်းမှာ၊ အိမ်ဘေးက သစ်ပင်အောက်မှာ၊
ကွပ်ပျစ်ပေါ်မှာ။ ပါမောက္ခချုပ်ဆရာတော်၊ မေတ္တရှင်(ရွှေပြည်သာ)၊ သီတဂူဆရာတော်တို့ ဟောကြားထားတဲ့
တရားတော်တွေကို တစ်နေ့တစ်ပုဒ် နာချင်တယ်။ (၅.၅.၂၀၁၂)က စရွတ်ခဲ့တဲ့ ပဌာန်း(၅)ကျမ်းကို
ပြန်ရွတ်ချင်တယ်။ ခုမှ(၃)ကြိမ်မြောက် ဒုတိယကျမ်းပဲ ရွတ်ဆဲမို့လို့ပါ။ လချီပျက်ကွက်တာတွေ
မရှိတော့ဘဲ နေ့စဉ်ရွတ်နိုင်အောင်လည်း အားထုတ်ရဦးမယ်။
အားလုံးကို တစ်နေ့ထဲ အစီအစဉ်တကျ မလုပ်နိုင်သေးဘူး။
ကျွန်တော် အားသွန်ခွန်စိုက် စာဖတ်၊ စာရေး လုပ်နိုင်ဖို့ စိတ်ကူးနဲ့တွက်ကြည့်တာ (၁၃)နှစ်လောက်
ကျန်တော့တယ်ပေါ့။ အသက်ကြီးလာတဲ့အခါ လုပ်ရမယ့်၊ လုပ်သင့်တဲ့အရာတွေလည်း ရှိလာဦးမှာကိုး။
ဒါတောင် သမားရိုးကျ တွက်ထားတာပါ။ ကျန်းမာရေး၊ စီးပွားရေးက သာမန်အခြေအနေလေးနဲ့လေ။ လုပ်ချင်တာတွေများ၊
ဆန္ဒတွေပြားနေတဲ့ကျွန်တော်ပေါ့။ အဲဒီတော့ အိမ်ကို တစ်ဦးတစ်ယောက် အလည်ရောက်လာရင် အစီအစဉ်တချို့
ကမောက်ကမ ဖြစ်သွားမှာ သေချာပြီ။ အဲလို အစီအစဉ်တွေများလွန်းတော့ စိတ်ထွက်ပေါက်အဖြစ်သုံးတဲ့
(Facebook) အကောင့်လေးမှာ ခံစားချက်လေးတွေ၊ ကြိုက်တဲ့စာ၊ ကဗျာလေးတွေ တင်ပါတယ်။ စိတ်အနှောက်အယှက်ပေးတဲ့
အကောင့်တချို့ကိုတော့ (Unfollow) လုပ်ထားလိုက်တယ်။ (Unfriend) လုပ်ဖို့လည်း မကောင်းတာမို့ပါ။
သိပ်ဆရာကြီးကျတဲ့ အကောင့်တွေကိုတော့ အန်ပါတယ်။
အခြေအနေအရ လိုအပ်လို့ မိသားစု ပုံလေးတွေ၊
စာလေးတွေ တင်ပါတယ်။ မှတ်မှတ်ရရ (၂၀၁၅)လောက်မှ တင်ဖြစ်တာပါ။ ပေ့ခ်ျမှာရော
(Facebook) မှာပါ။ မိသားစုဆိုတာ ကျွန်တော့်အမျိုးသမီးနဲ့ သားနှစ်ယောက်ကိုလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
(Knowledge Sharing) လုပ်တဲ့ အကောင့်က သူငယ်ချင်းတချို့ကို စိတ်အပျော်သုံးတဲ့အကောင့်မှာ
ထပ်လက်ခံထားပါတယ်။ ပေါ့ပေါ့ပါးပါး ဆက်ဆံနိုင်မယ့် သူတွေလို့ ထင်မြင်မိလို့ပါ။ ခု ကျွန်တော်ရေးထားတာတွေက
ကြွားဝါပြီး ရေးထားတာ၊ လူအထင်ကြီးအောင် ရေးထားတာ တစ်ခုမှ မပါပါဘူး။ တချို့တွေက စိတ်ရင်း
မသိကြသူမို့ ကျွန်တော့်စိတ်ခံစားချက်တချို့ကို လှစ်ပြတာပါ။ ခု ကျွန်တော့်အကောင့်မှာ
ကျွန်တော်ချစ်လို့၊ ခင်လို့၊ လေးစားလို့ ရှိနေကြသူတွေချည်းပါ။ ဒီစာလေးကို ဖတ်ပြီးသွားရင်
ခင်ဗျားဟာလည်း ကျွန်တော်ချစ်တဲ့ မိတ်ဆွေထဲမှာပါနေကြောင်း သိလောက်ပြီလို့ ယူဆပါတယ်။
အားလုံးကို ချစ်ခင်လေးစားလျှက်…
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁၀.၁၁.၂၀၁၇
နံနက် ၁၁း၄၆ မိနစ်)
https://shintnyolay.blogspot.com
Comments
Post a Comment