စာချစ်သူများခင်ဗျာ...

စာခ်စ္သူမ်ားခင္ဗ်ာ...

ခင်မင် ချစ်ခင်ရသော မိတ်ဆွေရောင်းရင်း ရေးဖော်များနှင့် အတူ၊ အမှတ်တရ၊ ဘဝမိုင်တိုင် တစ်ခုအဖြစ်၊ လက်တွဲလျှောက်ဖြစ်ခဲ့ပြီးသော အိပ်မက်လမ်းငယ်တစ်ခုအတွက်၊ ကုန်လွန်ခဲ့သော နာရီများ၊ မှင်ပြာများ အက္ခရာဝါကျများ နှင့်အတူ စာဖတ်သူ သင့်အား ကျွန်တော်ကကျေးဇူးတင်ပါသည်။
ယက္ခ ရဲကြီး
၂၁.၉.၂၀၁၇
.....................................................

အက်ဆေးဟာ လွတ်လပ်ခြင်းရဲ့ သင်္ကေတဖြစ်တယ်။ ဘယ်လိုစရင် ဘယ်လို ဆုံးရမယ် ဆိုတဲ့ မူတွေ၊ ဘောင်တွေနဲ့ ချုပ်ခြယ်မထားဘူး။ ကျွန်တော်က အက်ဆေးချစ်သူ ဖြစ်ပါတယ်။ အက်ဆေး ရေးရတာ စမ်းချောင်းလေးထဲ ပန်းကလေး စီးမျောသွားသလိုပါပဲ။ ခု ကျွန်တော်တို့ အက်ဆေးချစ်သူတစ်သိုက် စီစဉ်လိုက်တဲ့ အက်ဆေး (၂ဝ၁၇) က စာပေစမ်းချောင်းလေးထဲမှာ ပန်းကလေးတွေ ခရီးနှင်ကြည့်တာပါ…။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
........................................................
အက်ဆေး-၁၇
“အက်ဆေးဆိုသည်မှာ” ဟု အမည်တပ်တွေးကြည့်လိုက်ရုံနှင့် အမျိုးမျိုးသော သတ်မှတ်ချက်များစွာ ပေါ်ထွက်လာပေလိမ့်မည်။ သို့သော် ဒီစာအုပ်က သတ်မှတ်ချက် တိုက်ပွဲအတွက် တိုက်ပွဲဝင်ဖို့ ထွက်ရှိလာခြင်းမဟုတ်။ ရင်းနှီးနွေးထွေးသော လက်ငါးစုံ ပေါင်းစည်း၍ ဖြစ်ပေါ်လာသော စာအုပ်ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်မှာ ထုတ်မည့် အက်ဆေးစုလေးမို့ အက်ဆေး၁၇ ဟု ခပ်ရိုးရိုးပင် နာမည်တပ်ခဲ့ကြပါသည်။ အက်ဆေး-၁၇ သည် စာဖတ်သူအတွက် မည်သို့မည်မျှ အကျိုးရှိမည် ဟူ၍တော့ အာမမခံနိုင်ပါ။ သို့သော် သေချာတာတစ်ခုကတော့ လက်ငါးစုံ၏ မတူညီသည့်အရေးအသားများမှတဆင့် စိတ်အဆောက်အအုံ တည်ဆောက်မှုများနှင့် စာပေချစ်မြတ်နိုးမှု အတိမ်အနက်ကို လွယ်ကူစွာ လေ့လာနိုင်ပါလိမ့်မည်။
အက်ဆေး၏ ဖြစ်တည်မှုကိုက ရေးသူနှင့် ဖတ်သူအကြား နားလည်မှုပေါင်းကူးပေးမည့် တံတားတစ်စင်းဖြစ်သည်မဟုတ်လား။ ထိုတံတားလေးကို ကူးဖြတ်လာမည့် စာဖတ်သူအား ကျွန်တော်တို့ အက်ဆေး-၁၇ မှ လက်ကမ်းကြိုဆိုလျက်ရှိပါသည်။ ဖတ်သူဖက်မှ တစ်လှမ်းရွေ့ရုံနှင့် နောက်ထပ်ခြေလှမ်းများစွာ ဆက်နိုင်စေရန် အက်ဆေး-၁၇ မောင်နှမများက အစွမ်းကုန်ကြိုးစားထားပါသည်ဟု ပန်ကြားရင်း …. ။
စာချစ်သူများအပေါ် အစဉ်ဂါဝရထားလျက်
ရည်ဝေ (လင်းရောင်ခြည်)
........................................................
စာရေးသူများအဖွဲ့၏ ပထမဦးဆုံးသော ပန်းပွင့်လေး (အက်ဆေး ၂၀၁၇)က ပွင့်လန်းလို့ လာခဲ့ပါပြီ။ ပန်းပွင့်တိုင်းတွင် ရနံ့ကိုယ်စီရှိကြပါသည်။ အက်ဆေး ၂၀၁၇ ပန်းပွင့်လေး၌ကား ရနံ့မျိုးစုံ သင်းပျံ့နေလိမ့်မည် ဟုယုံကြည်ပါသည်။
ထိုရနံ့လေးတို့ဖြင့် စာချစ်သူအားလုံး လန်းဆန်းကြပါစေ၊ ရွှင်လန်းကြပါစေ၊ တက်ကြွကြပါစေ၊ ကြည်နူးကြပါစေသား၊ ဘ၀အမောများပြေပျောက်ကြပါစေသား။ ဤပန်းလေးတစ်ပွင့်ကြောင့် လောက တစ်နေရာ လှပပါစေသား။
မောင်ပိုင်(လေးမျက်နှာ)
........................................................
အက်ဆေးလေးတွေ အများကြီးဖတ်ခဲ့ဖူးပါတယ်။ ဖတ်လည်းဖတ်ဆဲပါ။
၂၀၁၃ ခုနှစ်လောက်က ထင်ပါတယ်၊ မြန်မာပြည်မှာ ထူးထူးခြားခြားအလှမယ်ပြိုင်ပွဲတစ်ခု ကျင်းပ ခဲ့ပါတယ်။ မိန်းမလျာမယ်ပြိုင်ပွဲပါ။ နာမည်ကျော် သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေက ဒိုင်လုပ်ပြီး ရွေးချယ်ခဲ့တာပါ။ နောက်ဆုံးအဆင့်မိန်းမလျာမယ်တစ်ယောက်ကို မေးတဲ့မေးခွန်းက ကြက်သီးထစရာပါ။ “ဘာကြောင့် အခြောက်ဘဝကို ကြိုက်တာပါလဲ” တဲ့။ အသုံးအနှုန်းဟာ အတော်ကြမ်းပါတယ်။ ဒါပေမဲ့ ဖြေပုံသင်းတော့ ပြုံးမိပါတယ်။ “မိန်းကလေးတစ်ယောက်ရဲ့နူးညံ့တဲ့နှလုံးသားနဲ့ ယောက်ျားလေး တစ်ယောက်ရဲ့ရဲရင့်တဲ့သတ္တိကို ပူးတွဲပိုင်ဆိုင်ခွင့်ရလို့ ဒီဘဝကိုနှစ်သက်ပါတယ်” လို့ ဖြေသွားပါတယ်။ တိုက်ဆိုင်လို့ ပေါ်လာတဲ့အတွေးတစ်စပါ။
အက်ဆေးလေးတွေကို နှစ်သက်ပါတယ်။ ဆောင်းပါးတစ်ပုဒ်လိုဝေဆာမှု၊ ဝတ္ထုတစ်ပုဒ်လို ဖွဲ့နွဲ့မှု ပေါင်းစပ်ထားတဲ့ အလှတရားတွေဟာ အက်ဆေးမှာကိန်းအောင်းပါတယ်။
ဖတ်မိ၊ နှစ်သက်မိတဲ့အတွက် အက်ဆေးလေးတွေကိုဖန်တီးမိပါတယ်။ အက်ဆေးချစ်သူတစ်စု ပေါင်းမိတဲ့အခါ အက်ဆေးစာအုပ်လေးတစ်အုပ် ဖြစ်ဖို့အကြောင်းပေါ်လာပါတယ်။ ချစ်ပုံတူပေမဲ့ ရေးပေါက် ကွာကြပါတယ်။ အရောင်စုံ၊ အတွေးစုံ၊ လက်ရာအစုံပေါင်းစပ်မှုတွေဟာ အသားညှပ်ပေါင်မုန့်တစ်ချပ်ရဲ့ အလွှာအလွှာကို တစ်ကိုက်ချင်းစားရတဲ့ အရသာနဲ့ရသ ပေးနိုင်ဖို့မျှော်လင့်ရင်း … ။
ကိုစက်ဖေ

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း