သူဇာပျို့
၁၆။ ရုတ်ခြည်းစိစိ၊ ကြော့ကွင်းမိသော်၊ မချိနာကျင်၊ မမြင်မျက်စိ၊ မသိမည်မှန်း၊ ပင်ပန်းမူလည်း၊ မျက်ရည်စီးဖြာ၊ ယူပါအလို၊ ဟန်ဆို၍သာ၊ ရုန်းရင်းရှာ၏၊ ရံကာပည်းသီ၊ ဟာရီကစ၊ အမတော်များ၊ မင်းခြောက်ပါးလည်း၊ လန့်ကြားပျံတက်၊ ကောင်းကင်ထက်က၊ ဖြူညက်နုနု၊ တို့သက်စုသည်၊ ရွှေဥရွှေရည်၊ ဘယ်ဖြစ်သည်ဟု၊ သံကျည်ဟစ်ဆို၊ ရင်ကိုတီးလျက်၊ ဆင်းသက်ကြ၍၊ ပိုက်ဘက်ကိုယ်ပူး၊ ချီးယူးယူးဝယ်၊ ကြီးထူးရုပ်ဝါ၊ မူဆိုးလာသော်၊ လိပ်ပြာအသက်၊ စဉ်လှုထွက်မျှ၊ ကြောက်ချက်ကြီးစွာ၊ ဖိမ့်ဖိမ့်ပါလျက်၊ ယူပါယူပါ၊ ဟစ်ကြော်ရှာ၏၊ ကိုယ်ဝါရောင်မြူး၊ မင်းခြောက်ဦးနှင့် ချစ်ကျူးလွန်တောင်း၊ ခြွေရံပါပေပါင်းလည်း၊ သောင်းသောင်းလန့်ပြို၊ အိုအိုထိပ်တင်၊ မင်းရှင်တို့မိ၊ သီရိရောင်မြူး၊ တို့ထိပ်ဦးကို၊ ဘီလူးဧရာ၊ မသာမကြည်၊ စားတော့မည်ဟု၊ကျည်ကျည်ဟစ်လျက်၊ ကောင်းကင်ထက်က၊ ရှိလက်စုံပူး၊ ထိပ်တင်ဦး၍၊ ဘီလူးမင်းတော်၊ ပြိုင်ဘော်လက်ရှား၊ တို့ထိပ်ထားကို၊ စားပါတည့်နှင့်၊ ထိပ်တင့်ကိုယ်စား၊ တို့များတကာ၊ စားခံပါမည်၊ ဥစ္စာပုံယင်၊ လိုချင်လျှင်လည်း၊ မျက်ရှင်ပတ္တမြား၊ ပြယားဆယ်လေး၊ ပေးပါရတော့၊ လွှတ်ပါတော့ဟု၊ ချော့မော့ချိုသာ၊ တောင်းပန်ထွာသည်။ ။ သံဝါပဲ့တင် ရိုက်မွန်တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment