သူဇာပျို့
၃၆။ အရာအခွင့်၊ ကြီးမြင့်ဆောင်ယောင်၊ ကုန်အောင်ကြီးငယ်၊ လူဝယ်များစွာ၊ လိုအပ်ရာကို၊ ထိပ်ချာဘုရား၊ သနားသည်မျှ၊ ထိပ်စတင်ကာ၊ ချမ်းသာသဖြင့်၊ စိတ်တောနှင့်ကို၊ အသင့်လျော်စွာ၊ ညီအောင်သာလျှင်၊ လိုရာဖြစ်စေ၊ ထားတိုင်းနေရှင့်၊ တထွေတလာ၊ သည်တခါတွင်၊ ဆိတ်စာလွှဲချော်၊ သနားတော်ကို၊ ထိပ်ပေါ်တံ့တံ့၊ ခံပါဝံ့ဟု၊ ချစ်နံ့လှိုင်ဧ၊ ပန်းနှယ်မွှေးသည်၊ ရင်သွေးသူဇာ၊ မျက်ရှုရာကို၊ တွေ့ပါလိမ့်မည်၊ ထင်ပါသည်ကြောင့်၊ သာသည်လိုက်ကြွ၊ ပါစေရဦး၊ ကျေးဇူးသခင်၊ ထိပ်တင်ဘုရား၊ ထိပ်ခေါင်ထားဟု၊ သနားစရာ၊ ငိုတိုင်းသာလျှင်၊ ခြေမှဦးချ၊ လျှောက်လကမူ၊ ဒေဝထိပ်နှင်း၊ ရွှေတောင်မင်းကား၊ ဆန်ငြင်းမသာ၊ ချစ်အာဏာသို့ ပါရသဖြင့်၊ နွဲဖင့်မနေ၊ လိုက်ပြန်လေ၍၊ ဝေးမြေမကွာ၊ နှစ်ဂါဝုတ်လောက်၊ တိုင်လေရောက်သော်၊ ခြောက်ယောက်နှောင်းမြင်၊ မ-ရှင်သူဇာ၊ ထားခဲ့ရှာသည်၊ အက္ခရာရေးသား၊ မြရောင်ပြားကို၊ ပျံ့ရှားဧရွှင်၊ ကံ့ကော်ပင်ဝယ်၊ လျှပ်သွင်တောက်ပ၊ မြင်ကုန်ကြ၍၊ ခဏလျင်လျား၊ နတ်အများတို့၊ ကားကားသည်မှာ၊ ထိပ်ချာသီရိ၊ တို့မိယဉ်နွဲ့၊ ထားခဲ့တော်မူ၊ ရောင်လူဝင်းဝါ၊ မြပြားလွှာကို၊ လွယ်ကာလှမ်းမီ၊ တွေ့ပြန်ပြီဟု၊ စီစီသောင်းသောင်း၊ နတ်အပေါင်းတည်။ ။ ထပ်လောင်းငိုယို ဟစ်ကြွေးတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment