သူဇာပျို့
၃၇။ သို့မှလျင်စွာ၊ မြပြားလွှာကို၊ အသာယူပြီး၊ ယှဉ်မှီးမခြား၊
မင်းနှစ်ပါးအား၊ ညွတ်တွားရိုသေ၊ ဆက်ကြလေ၍၊ မကွေ့စုံဖူး၊ နှစ်ဦးနတ်ရှင်၊
စာကိုမြင်သော်၊ ညာတင်နန်းမ၊ အတုလကား၊ ဝဇီရဝလယ၊ နာမမညည်ထူး၊ လက်ကောက်ကျူးနှင့်၊
ရောင်မြူးမြလွှာ၊ ရတနာကို၊ ထိပ်မှာသာပင်၊ အမြဲတင်လျက်၊ မ-ရှင်လည်ရွဲ၊
လည်မှာဆွဲသည်၊ ရွှေခဲရွှေခဲ၊ ပုလဲနုနု၊ မိသက်စုသည်၊ ရွှေဥရွှေဥ၊ မယ်ပုလုဟု၊
ခုခုတမ်းဆို၊ ဖပ်ဖပ်စိုမျှ၊ စီးယိုရှိမ်းနူး၊ ဖပ်ဖပ်မူးသော်၊ ဘုန်းမြူးရောင်ထင်၊
ရွှေတောင့်ရှင်လျှင်၊ ဖြေတင်ချိုသာ၊ မိန့်သည်မှာကား၊ ကညာနုမျစ်၊ ငယ်ကချစ်၍၊
ခုနှစ်ပါးစင်၊ သည်းကြားမြင်လည်း၊ ဘယ်တွင်စွန်းငြိ၊ ပြစ်မရှိတည့်၊ သီရိရောင်ဝင်း၊
ခင်မမင်း ...၊ ချစ်ခြင်းမငြီး၊ သမီးသားက၊ မိဘလင်သား၊ ချစ်မောင်ဘွားနှင့်၊
တိမ်းပါးချွတ်ယွင်း၊ ကွေကွဲခြင်းကား၊ ရောင်ဆင်းနုဝင်း၊ ခင်မမင်းနှင့်၊
လွန်ပြင်းချစ်ဖို့၊ ကျွန်ုပ်တို့သာ၊ မဟုတ်ပါတည့်၊ စက္ကဝါလောက၊ အနန္တတွင်၊
များလှစွာစွာ၊ သတ္တဝါပင်၊ ကင်းကွာကွေကွဲ၊ ကြရမြဲသည်။ ။ မလွဲဓမ္မ တာရေးတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment