သူငယ်ချင်းတစ်ယောက်အကြောင်း


သူငယ်ချင်းတစ်ယောက်အကြောင်း

 
ဖူးစာမဆုံတဲ့အခါ တချို့တွေက အပျိုကြီး၊ လူပျိုကြီးအဖြစ် တစ်သက်လုံး နေသွားကြတယ်။ တချို့တချို့တွေကတော့...။
ကျွန်တော့်မှာ ကိုထက်ဆိုတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ရှိတယ်။ အကြောင်းကြောင်းကြောင့် ငယ်ရည်းစားနဲ့လွဲပီး အောင်သွယ်နဲ့ ညားခဲ့ရတယ်။
ဖြစ်ပုံက အမူးလွန်ပြီး အောင်သွယ်နဲ့စကားပြောရင်း အိပ်ပျော်သွားပါတယ်။ အောင်သွယ်ကလည်း ငယ်သူငယ်ချင်းပါ။ အခုခေတ်လို ဖုန်းတွေ မကိုင်နိုင်သေးတဲ့ကာလမို့ အောင်သွယ် ငုတ်တုတ်ငိုက်ခဲ့ရတယ်။ အမူးသမား သူငယ်ချင်း အအေးပတ်မှာစိုးလို့ သူ့အပေါ်ဝတ်အင်္ကျီလေး ခြုံပေးပြီး ဘေးမှာစောင့်ပေးနေခဲ့တာ တစ်ညလုံးပဲ။
လူသွားလူလာလည်းပြတ်တယ်။ သူတို့တွေပြီးစကားပြောတဲ့နေရာကလည်း အတွဲတွေ ချိန်းတတ်ကြတဲ့နေရာလည်း မဟုတ်တော့ ဘယ်သူမှ မတွေမိကြဘူး။ သူတို့အိမ်တွေကလည်း နှစ်ယောက်သားပျောက်နေတော့ တစ်ညလုံး လိုက်ရှာကြ။ သို့လောသို့လောနဲ့ ဟိုတယ်၊ တည်းခိုခန်းတွေ လိုက်ရှာတယ်...မတွေ့ဘူး။ အဲဒီတုန်းက ကိုယ့်မြို့နယ် မှတ်ပုံတင်ဆိုရင် ကိုယ့်မြို့နယ်ဟိုတယ်မှာ လက်မခံတဲ့စည်းမျဉ်း တင်းကြပ်နေချိန်ပေါ့။
မနက်(၇)နာရီကျော်လောက်မှ ကျွန်တော့်ဘော်ဒါ နိုးလာရော။ သူ့ဘေးမှာ ငုတ်တုတ်အိပ်ပျော်နေတာက အောင်သွယ်တော် သူငယ်ချင်းမကြီး။ ခေါင်းမွေးတွေထောင်သွားတယ်၊ မျက်လုံးပြူးသွားတယ်တွေ မပြောတော့ပါဘူး။ ပြေတီဦးလို မင်းသမီးပုခုံးနှစ်ဖက် ကိုင်လှုပ်ပြီး ဘာညာဘာညာတွေလည်း လုပ်မနေတော့ပါဘူး။ ဒီကောင် သူ့ဇာတ်လမ်းကို ပေါကားဆန်သွားမှာ စိုးရိမ်တယ်ထင်ပါ့။ အိပ်ထဲကျန်သေးတဲ့ ဖက်ကြမ်းထုတ်သောက်နေလိုက်တယ်တဲ့။
(၈)နာရီထိုးမှ သူငယ်ချင်းမလေး နိုးလာသတဲ့။ ညမအိပ်ရတာရော၊ လေတဖြူးဖြူးနဲ့အေးတာရောကြောင့် အဲဒီအချိန်မှ နိုးလာတာ။ နိုးပြီး အသိစိတ်ကပ်တာနဲ့ အခြေအနေကို သဘောပေါက်သွားပြီ။ ပြီး ညက ဟိုကောင်မူးအိပ်နေတုန်း ဖြစ်သွားမယ့်အရာအားလုံး သူတွေးပြီးသားလည်း ဖြစ်မှာပေါ့။ နှစ်ယောက်သား လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဝင် မျက်နှာဘာညာသစ်၊ စားသောက်ပြီးမှ အိမ်ပြန်လာကြတယ်။
အိမ်ရောက်တော့ (၉)နာရီကျော်ပြီ။ နှစ်ယောက်စလုံးက တစ်ရပ်ကွက်ထဲကိုး။ ရုံးသွားဖို့ပြင်နေတယ့် ဒီကောင့်အဖေက လက်သီးတစ်လုံးကျွေးတယ်။ ဘာမှမပြောဘူး။ ရုံးထွက်သွားတယ်။ သူ့အမေက မြန်မာကားတွေကြည့်ခဲ့ဖူးတော့ ဇာတ်လမ်းထဲကလို ဆူမလို့တော့ လုပ်သေးတယ်။ မရပါဘူး။ သူ့ဟန်မှ မဟုတ်တာ။ ပြီး တစ်ရပ်သားချင်း အကြောင်းသိတွေဆိုတော့လေ။
အောင်သွယ်ကောင်မလေးအိမ်က အမေရယ် အစ်ကိုရယ် ကိုထက်အိမ် ရောက်လာတယ်။ ဝန်းကျင်က ဇာတ်ကြောင်းပြန်စရာ ပွဲတော့ ကြည့်ရမယ် ထင်ထားတာ။ ဟိုဘက်က ကိုထက်ကို အပြစ်မတင်ဘူး၊ သူ့တို့သမီး သူတို့ညီမသာ ကြိမ်းမောင်းတာ။ ကျွန်တော့်သူငယ်ချင်းအမေလည်း အဲဒီကျမှ မြန်မာကားတွေထဲက စကားမျိုးတွေပြောရ၊ အမူအယာလုပ်ခွင့်ရသွားတာပါ။ သူ့ချွေးမလောင်းဘက်က ကာကွယ်ပေးရတာပါ။ အဲဒီနေ့က အိမ်မပြန်တော့ဘူး...အဝတ်အစားတွေ သူတို့အိမ်နားက အစ်မကြီးက လာပို့တယ်။ နောက်တော့ ရက်သတ်မှတ်ပြီး မင်္ဂလာ ဆောင်ကြလေသတည်းပေါ့။
ကျွန်တော့် သူငယ်ချင်းမှာ ဘာဆို မဘာရဘဲနဲ့ အောင်သွယ်နဲ့ ညားခဲ့ရရော။ သင်္ကြန်မိုးလိုပေါ့...။ အခုခေတ်လို ဖုန်းတွေပေါရင် ဖုန်းလှမ်းဆက်ထားတာနဲ့ ကိုငြိမ်းမောင် ချစ်သူနဲ့ပဲ ညားခွင့်ရမှာ။ ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ဆိုတဲ့ စကားတောင်ပေါ်ချင်မှ ပေါ်လာတော့မှာ။ အခုလည်း ဖုန်းမရှိတဲ့ကာလ၊ နောက်ပြီး အမြင်အကျယ်သေးတဲ့ကာလမှာ ကျွန်တော့်သူငယ်ချင်း ကိုထက် ရည်းစားဦးနဲ့ လွဲခဲ့ရတယ်။
သူ့ရည်းစားကို သွားရှင်းပြတော့ ကျွန်တော်ပါတယ်။ ခပ်လှမ်းလှမ်းမှာနားစွင့်နေတာ။ သူကလည်း ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပါ။ တစ်ခန်းထဲ စာသင်ခဲ့ရတဲ့ အတန်းဖော်ပါ။ သူ့စိတ်ကိုလည်း နည်းနည်းသိတယ်ပေါ့။ အဖော်လိုက်သွားတာ စပ်စုချင်လို့ပါ။ ဟိုကစိတ်ဆိုးပြီး ရိုက်မောင်းပုတ်မောင်းလုပ်ရင် ဆွဲဖို့စိတ်မကူးပါဘူး။ တစ်ချိန် ဒီကောင်ကို နှိပ်တဲ့အခါ အပူလည်အောင် မှတ်တမ်းယူတဲ့ သဘောပါ။
သူ့ကောင်မလေးက မရိုက်ပါဘူး။ ငိုတော့ ငိုတယ်။ အားလုံးကလည်း သူငယ်ချင်းတွေကိုး။ အဖြစ်အပျက်မှန်ကို သိထားတာလည်း ပါမှာပေါ့။ ကောင်းမလေးက စာတော်တယ်။ မာစတာပြီးအောင်တက်တယ်။ ကျွန်တော့်သူငယ်ချင်းကလည်း အသောက်သမားသာဖြစ်တာ စာတော်တယ်။ အီးမေဂျာယူတာ။ သူလည်း မာစတာပြီးအောင်တက်ပြီး နောက်တော့ အကြောင်းအမျိုးမျိုးနဲ့ ဆရာလိုင်း မယူဖြစ်တော့ဘဲ ဆေးဆိုင်ဖွင့်တယ်။ အခုဆို ကျွန်တော်တို့မြို့ရဲ့ အထင်ကရ ဆေးဆိုင်ကြီးသုံးဆိုင်မှာ သူ့ဆိုင်တစ်ဆိုင်လည်း ပါတယ်။
သူ့ရည်းစားဟောင်း ကောင်မလေးက မာစတာပြီးတာနဲ့ သီလရှင် အပြီးဝတ်သွားတယ်။ အဆက်အသွယ်တော့ မပြတ်ကြဘူး။ ဘာလို့လဲဆို လစဉ်တိုင်း ဒီကောင်တို့ လင်မယား ဆန်တစ်အိတ်လှူကြတာ သိတယ်။ မကောင်းတာက ဒီကောင်။ သူ့အမျိုးသမီးမပါတဲ့အခါ ဆရာလေးဆီက ပိုက်ဆံယူတယ်။ ပြီး အမေ့ကောက်နေတာမျိုးပေါ့။ ဥပမာ ကထိန်နားနီးလို့ ပိုက်ဆံခေါက်ချင်လို့(ကြာပန်းပုံ ချိုးချင်လို့)ဆိုပြီး ဆရာလေးဆီက ပိုက်ဆံတစ်ထောင်တန် အသစ်လေးတွေ တောင်းတယ်ဗျ။ ပြီး ပြန်မပေးတော့ပဲ ဆိုင်ရောက်သွားရော။ တစ်ခါ မျက်မြင်ကိုယ်တွေ့ကြုံဖူးလို့ ပြောပြတာပါ။ ဆရာလေးက စကြ်ာပုံခေါက်ခိုင်းတုန်းကလည်း နှစ်ဝိုင်းလောက်ခေါက်ပြီး စကြ်ာတစ်ခုစာ ဘတ်ထားတာဗျ။ တားလည်းရမယ့်လူ မဟုတ်တော့ ဒီအတိုင်းပဲ ကြည့်နေလိုက်တော့တယ်။ နောက်တော့ သီလရှင်ကျောင်းခေါ်ရင် မလိုက်တော့ဘူး...။ မအားဘူး အကြောင်းပြရတော့တယ်။
သူတို့အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ မှတ်မိနေပေမယ့် ကျွန်တော် မရေးဖြစ်ပါဘူး။ တချို့သူငယ်ချင်းတွေက ချိန်တော့ မိုး...ပစ်တော့ ချိုး လို့ ဒီကောင့်ကို အခုထိ စကြတုန်း။ အခု ဒီအကြောင်းကို ရေးလိုက်ရတာက အဖြစ်အပျက်က ကြာခဲ့ပြီဆိုတာတစ်ကြောင်း၊ သူငယ်ချင်း အရင်းကြီးတွေကလွဲလို့ ကာယကံရှင်တွေကို မသိနိုင်တာ တစ်ကြောင်း၊ စာမရေးဖြစ်တာကြာလို့ စာရေးကြည့်ချင်တာတစ်ကြောင်း အဲဒီအကြောင်းတွေကြောင့် ရေးလိုက်ရတာပါ။
ဆရာလေးက အခုဆို မုံရွာမှာပဲ ကျောင်းထိုင်ပါတယ်။ ကာယကံရှင်တွေကို လေးစားသောအားဖြင့် ဆရာလေး ဘွဲ့အမည်နဲ့ ကျောင်းတိုက်နာမည်ကိုတော့ ကျေးဇူးပြု၍ မမေးကြဖို့ တောင်းဆိုရင်း...
 
ရှဥ့်ညိုလေး
(27.1.2021 10:35am)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း