အလိုရှိသည်...

အလိုရှိသည်...

 
တီဗီပြင်ဆရာမှ တီဗီကိုဖွင့်ကြည့်သည်။ ထို့နောက် စကိုင်းနက်မှ လိုင်းများကို တစ်လိုင်းပြီး တစ်လိုင်း ပြောင်းကြည့်သည်။ ရီမုကွန်ထရိုးကို ကိုင်ကာ အသံအတိုးအကျယ် လုပ်ကြည့်သည်။ ရီမုမပါဘဲနှင့် တီဗီမှခလုတ်နှင့်ပင် အသံအတိုးအကျယ် ကစားကြည့်သည်။ ထို့နောက် ကျွန်တော့်ဘက်သို့လှည့်ကာ မေးသည်။ ဘာမေးမှန်းမသိ၍ ကျွန်တော် ကြောင်ကြည့်နေသည်။ သူက ထပ်မေးသည်။ ကျွန်တော် ဘာပြောမှန်းမသိ၍ မေးဆတ်ပြလိုက်သည့်အခါ သူက စိတ်တိုလာဟန်ဖြင့် အနားကပ်ကာ အော်ပြောသည်။
" ဘာဖြစ်လို့လဲဗျ၊ တီဗီက အကောင်းကြီးပဲ..."
" မနေ့ညက ဘော်လုံးပွဲကြည့်နေရင်း တစ်လက်မခွဲသံနဲ့ နားဖာချေးကလော်နေတုန်း ဗြုန်းဆို အသံပျောက်သွားတာပဲဗျ..."
ထို့နောက် သူ၏ ပစ္စည်းလေးများကိုသိမ်းကာ ပြန်သွားသည်။ ဆရာဝန်နှင့်ပြရန် အကြံပေးသွားသည်ကို ကျွန်တော် နားစွန်နားဖျား ခပ်တိုးတိုးကြားလိုက်ရသည်။ ထိုသူ ရူးနေတာပဲ ဖြစ်နိုင်သည်။ သို့မဟုတ် စိတ်မနှံ့တာလည်း ဖြစ်နိုင်သည်။ တီဗီအသံပျောက်သွား၍ ပြင်ခိုင်းသည်ကို ဆရာဝန်ပြခိုင်းနေ၍ ဖြစ်သည်။ ၎င်းနောက် နှစ်ယောက်မျှသော တီဗီပြင်ဆရာများကို အိမ်ခေါ်ပြင်ခိုင်းသော်လည်း အဆင်မပြေသောကြောင့် အိမ်မှတီဗီကို ဒီအတိုင်းပင် ထားလိုက်ရသည်။ ဒီစာကို ဖတ်နေသည့်မိတ်ဆွေသည် တီဗီပြင်ဆရာဖြစ်လျှင်၊ သို့မဟုတ် အသိမိတ်ဆွေ တီဗီပြင်ဆရာများရှိလျှင် ကျွန်တော့်ထံသို့ ဆက်သွယ်ပေးစေလိုပါသည်။ ဖုန်းနံပါတ်မှာ (09-*********)ဖြစ်ပါသည်။ ထူးခြားချက်တစ်ခုကိုလည်း ပြောပြလိုပါသေးသည်။ တီဗီအသံပျောက်ပြီးနောက်ပိုင်း ကျွန်တော့်ဖုန်းမှာလည်း အသံပျောက်နေပါသည်။ ဖုန်းမြည်နေသည်ကို မကြားရသော်လည်း မြင်နေသိနေရ၍လက်ခံစကားပြောပါသည်။ ထိုသို့ဖုန်းလက်ခံပြောသည့်အခါ တစ်ဖက်မှ မည်သည့်အသံမျှ မကြားရခြင်းကလည်း ထူးခြားဆန်းပြားမှုတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် မိတ်ဆွေသည်၊ မိတ်ဆွေ၏အသိသည် ဖုန်းပါပြင်တတ်သည်ဆိုလျှင် ပို၍ကောင်းပါသည်။ တစ်ခု သတိပေးလိုပါသည်။ တီဗီအသံပျောက်၍၊ ဖုန်းအသံမမြည်တော့၍ ပြင်ရန်ခေါ်ခြင်းဖြစ်ရာ ဆရာဝန်နှင့်ပြရန် အကြံမပေးဖို့တော့လိုပါသည်။
 
ရှဥ့်ညိုလေး
(၁၉.၂.၂၀၁၈ ည ၈း၂၆ မိနစ်)
(PS:ဖတ်ခဲ့ဖူးသည့် ဟာသလေးအား ဆင့်ပွားထားခြင်းသာ...)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း