"အခြေခံ ၀တ္ထုတိုဖန်တီးနည်း"

 


"အခြေခံ ၀တ္ထုတိုဖန်တီးနည်း"

ဝတ္ထုတိုတစ်ပုဒ် ဘယ်လိုဖန်တီးရမလဲဆိုတာ မပြောကြားသေးခင် ၀တ္ထုတိုဆိုတာ ဘာလဲဆိုတဲ့ အကြောင်းကို အရင်ဦးဆုံး ရှင်းပြချင်ပါတယ်။ဝတ္ထုတိုဆိုတာ လူ့ လောကအဖြစ်အပျက်တွေထဲက အကြောင်းအရာလေးတစ်စကို စာဖတ်သူရင်ထဲ စွဲငြိသွားရလေအောင် ရေးသားဖန်တီးရတဲ့
အနုပညာပစ္စည်းတစ်ရပ်ပါ။အချိန်တိုတိုလေးအတွင်းမှာ တစ်ထိုင်တည်းဖတ်လို့  ရတဲ့အတွက်လည်း ၀တ္ထုတိုလို့  ခေါ်ဆိုနိုင်ပါတယ်။ဝတ္ထုတိုတစ်ပုဒ် ဖန်တီးရာမှာ အခြေခံကျတဲ့ လိုအပ်ချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ "စု၊တု၊ပြုပါ"


ပထမဦးဆုံးအနေနဲ့  ၀တ္ထုတိုတစ်ပုဒ် ဖန်တီးရာမှာ စာရေးဆရာကြီး မင်းသုဝဏ် ပြောကြားခဲ့ဖူးတဲ့ "စု၊တု၊ပြု" ကို အရင်ဦးဆုံး လိုက်နာဖို့ လိုအပ်ပါတယ်။"စု"ဆိုတာ စာများများ ဖတ်ပါလို့ ဆိုလိုတာပါ။
ဝတ္ထုတိုဖန်တီးချင်တဲ့ လူတွေဟာ ၀တ္ထုတိုများများဖတ်ဖို့  လိုအပ်ပါတယ်။ဒီလို များများဖတ်ခြင်းအားဖြင့် ၀တ္ထုတိုတစ်ပုဒ် ရေးတဲ့နေရာမှာ ဘယ်လို သယ်သွားတာ၊ဘယ်လို ပဋိပက္ခဖြစ်သွားတာ၊ ဘယ်လို ဖြည်သွားတာ၊ဘယ်လို ဇာတ်သိမ်းသွားတာ စတာတွေကို သိလာရမှာပါ။ တစ်နည်းအားဖြင့်
ဝတ္ထုတိုတစ်ပုဒ်ချင်းစီရဲ့ စီးဆင်းမှုအလျဉ်ကို မြင်ရသိရမှာပါ။"တု" ဆိုတာ အတုယူတာကို ဆိုလိုတာပါ။ သူတစ်ပါး ရေးသားပြိးသား ၀တ္ထုတိုတစ်ပုဒ်ကို သွားပြီး ခိုးချခိုင်းတာ မဟုတ်ပါဘူး။ဘယ်စာကြောင်းကြောင့် စာဖတ်သူ နင့်ခနဲ ခံစားသွားရတာ၊ဘယ်လို စကားပြောခန်းကြောင့် စာဖတ်သူ ဟားတိုက်
ရယ်မောသွားရတာ၊ဘယ်လို ဇာတ်သိမ်းလေးကြောင့် စာဖတ်သူ တွေးတစိမ့်စိမ့် ဖြစ်သွားတာ စတာတွေကို လေ့လာပြီး ကိုယ်တိုင်ရေးသားရာမှာ အတုယူခိုင်းတာပါ။ဒါ့အပြင် စာရေးခါစ သူများအနေနဲ့  ရေးဟန်ကို အတုယူတာမျိုးလည်း ရှိပါတယ်။စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ဟာ
စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ ရေးဟန်ကို အားကျပြီး အတုယူရေးသားတာမျိုးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။အခုခေတ် လူငယ်စာရေးသူ အများစုကတော့ စာရေးဆရာမ ဂျူးရဲ့ ရေးဟန်ကို အားကျပြီး အတုယူတတ်ကြပါတယ်။"ပြု" ဆိုရာမှာ ကိုယ်တိုင်ရေးချပါလို့  ဆိုလိုတာပါ။
စာရေးခါစ သူများအနေနဲ့  မိမိပတ်ဝန်းကျင်မှာ ကြုံတွေ့ ခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ရေးသား
တတ်ကြပါတယ်။လက်သင်စာရေးခါစသူများအနေနဲ့  ကိုယ်မသိတဲ့ အကြောင်းအရာလေး
တွေကို ရေးသားဖို့  မကြိုးစားပါနဲ့ လို့  အကြံပြုလိုပါတယ်။စာရေးသက်
ရလာတဲ့အခါကျရင်တော့ ကိုယ်မကြုံဖူးတဲ့ အကြောင်းအရာလေးတွေ ရေးသားနိုင်ဖို့ 
အတွက် ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းလေ့လာသင့်ပါတယ်။ဒါမှသာ ပီပြင်တဲ့
ဝတ္ထုတိုလေးတစ်ပုဒ် ဖြစ်လာမှာပါ။

၂။ "၀တ္ထုတိုကောင်းတစ်ပုဒ်ဖြစ်ဖို့ "


"စု၊တု၊ပြု" တတ်ရင် ၀တ္ထုတိုတစ်ပုဒ်တော့ ဖြစ်လာပါပြီ။ဒါပေမဲ့ ၀တ္ထုတိုကောင်းတစ်ပုဒ်ဖြစ်ဖို့ တော့ လိုပါသေးတယ်။ ၀တ္ထုတိုကောင်းတစ်ပုဒ် မရေးသားမီ သူတစ်ပါး ရေးသားပြီးသား ၀တ္ထုတိုတွေကို အရင်ဦးဆုံး ဝေဖန်ဆန်းစစ်ရပါမယ်။သူတစ်ပါးဝတ္ထုတိုကို ဖတ်ရှုတဲ့အခါမှာ ကိုယ်တိုင် ကြိုက်နှစ်သက်ရဲ့လား၊ ဘယ်နေရာမှာ အားနည်းသွားသလဲ(အရေးအသား၊အတင်အပြ၊အကြောင်းအရာ)၊ ကိုယ်တိုင်သာဆို ဘယ်နားလေးမှထပ်ကွန့်  လိုက်ရင် ပိုကောင်းသွားမယ်လို့  ထင်သလဲ ဆိုတာကို ဝေဖန်ဆန်းစစ်ကြည့်စေချင်ပါတယ်။
ဝတ္ထုတိုကောင်းတစ်ပုဒ် ဖြစ်ဖို့ အတွက် ခေတ်ပြိုင်ခံစားမှုရှိခြင်း၊လူ့ သဘာဝအဖွဲ့ ကောင်းခြင်း၊ အတတ်ပညာရှိခြင်းနဲ့  အနုပညာမြောက်ခြင်းတို့  ပါဝင်ပါတယ်။ခေတ်ပြိုင်ခံစားမှု ဆိုရာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ခေတ်မြင်ကွင်းတွေထဲက အကြောင်းအရာ အဖြစ်အပျက်တွေကို ပါဝင်အောင်
ရေးသားရခြင်းပါ။စစ်ဘေးရှောင် ပြည်သူတို့ ရဲ့ ဘ၀နဲ့  ရေဘေးသင့် ပြည်သူတို့ ရဲ့ ဘ၀တွေဟာ
ခေတ်ပြိုင်ခံစားမှုလို့  ဆိုလိုနိုင်ပါတယ်။လူ့ သဘာဝအဖွဲ့  ကောင်းခြင်းဆိုတာ လူ့ သဘော လူ့ မနောတွေ ဖြစ်ကြတဲ့ ဒေါသ၊လောဘ၊မောဟ၊ကြင်နာခြင်း၊အနစ်နာခံခြင်း၊ကိုယ်ကျိုးစွန့် ခြင်း စတဲ့ လူ့ သဘာဝတွေ ပါဝင်ပါတယ်။အတတ်ပညာရှိလာဖို့အတွက်ကျတော့ မြန်မာနိုင်ငံစာရေးဆရာအသင်းကနေ ဦးစီးဖွင့်လှစ်တဲ့ စာရေးနည်းအခြေခံသင်တန်းကို တက်ရောက်နိုင်သလို စာရေးနည်း လမ်းညွှန်
စာအုပ်လေးတွေ ဖြစ်ကြတဲ့ မလိခရဲ့ "မြန်မာဝတ္ထုအညွှန်းပေါင်းချုပ်"၊၀င်းငြိမ်းရဲ့ "နှစ်ကြောင်းရေး
တစ်ကြောင်းခြစ်"၊ ရွှေကူမေနှင်းရဲ့ "၀တ္ထုရေးချင်သူများသို့ "၊မမိုးမြေရဲ့ "၀တ္ထုရှည် သဘောတရား၊၀တ္ထုရှည် အတတ်ပညာ"၊မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ (ယခု မြန်မာနိုင်ငံ စာရေးဆရာအသင်း) က ထုတ်ဝေတဲ့
"စာရေးနည်းလမ်းညွှန်"၊ ရာသက်ပန်(တောင်ငူဆောင်)ရဲ့ "၀တ္ထုတို လမ်းကြောင်း" စတဲ့ စာအုပ်လေးတွေကို ဖတ်ရှုခြင်းအားဖြင့်လည်း စာရေးသားခြင်း အတတ်ပညာကို ရယူနိုင်ပါတယ်(ကိုယ်တိုင်လည်း ဒီဆောင်းပါးလေးတစ်ပုဒ် ရေးသားနိုင်ဖို့ အတွက် အထက်က ပြောသွားတဲ့ စာအုပ်လေးတွေကို ပြန်ဖတ်ရပါတယ်)။အနုပညာမြောက်ဖို့ အတွက်ကျတော့ အထက်က ပြောသွားတဲ့ အချက်သုံးချက်တွေအပြင် စာရေးသူရဲ့  စေတနာလည်း လိုအပ်ပါတယ်။ဒါ့အပြင် ၀တ္ထုတိုကောင်းတစ်ပုဒ်ဖြစ်ဖို့  အတွက် စာဖတ်သူရင်ထဲ စွဲကျန်သွားအောင် ရေးသားတတ်ခြင်းလည်း အပါအ၀င် ဖြစ်ပါတယ်။

၃။ "၀တ္ထုတိုတစ်ပုဒ်ရဲ့ အခြားအင်္ဂါရပ်များ"


ဝတ္ထုတိုတစ်ပုဒ်မှာ စာရေးသူရဲ့ ရည်ရွယ်ချက်(ကိုယ်ပေးချင်တဲ့ သတင်းစကား)လည်း အဓိက ကျလှပါတယ်။မိဘမေတ္တာကို တန်ဖိုးထားစေချင်တဲ့ ရည်ရွယ်ချက်လား၊အချစ်နဲ့  အိမ်ထောင်ရေးအကြောင်း ပြောပြချင်တဲ့ ရည်ရွယ်ချက်လား၊လူ့ စိတ်အကြောင်း သိစေချင်တဲ့ ရည်ရွယ်ချက်လား ဆိုတာကို စာရေးသူဘက်က အရင်ဦးဆုံး စဉ်းစားရမှာပါ။ဝတ္ထုတို ရေးသားရာမှာ စာရေးသူ ရပ်တည်မယ့် "ရှုထောင့်" လည်း အဓိက ကျပါတယ်။ရှုထောင့်မှာ ပထမလူ ရှုထောင့်(ခေါ်)ကိုယ်တိုင်ပြော ရှုထောင့်(ကျွန်တော်၊ကျွန်မ၊ကျုပ်၊ငါ) နဲ့  တတိယလူ ရှုထောင့်(သူ၊သူမ၊ဇာတ်ဆောင်နာမည်) ဆိုပြီး နှစ်မျိုး ရှိပါတယ်။တတိယလူ ရှုထောင့်မှာတော့ အားလုံးသိ ရှုထောင့်၊ကန့် သတ်သိ ရှုထောင့်နဲ့  ဓမ္မဓိဌာန် ရှုထောင့်ဆိုပြီး ရှုထောင့် သုံးမျိုးသုံးစား ထပ်ခွဲထားပြန်ပါတယ်။အားလုံးသိရှုထောင့်ဆိုတာ ရှိသမျှ ဇာတ်ကောင်များအားလုံးရဲ့ အပြောအဆို၊ အမူအရာ၊စိတ်တွင်းခံစားချက်များအားလုံးကို သိစိတ်ယူပြီး ရေးသားရခြင်းပါ။ ကန့် သတ်သိရှုထောင့်ကျတော့ ဇာတ်ကောင် တစ်ဦးစ နှစ်ဦးစတို့ ရဲ့ အပြောအဆို၊အမူအရာ၊ စိတ်တွင်းခံစားချက်ကိုပဲ သိစိတ်ယူပြီး ရေးသားရပါတယ်။ဓမ္မဓိဌာန် ရှုထောင့်ကျတော့ ကန့်  သတ်သိရှုထောင့်ထက် ပိုမို ကန့် သတ်ထားပြီး စာရေးဆရာရဲ့ အမြင်ကိုတောင် ထည့်သွင့်ဖော်ပြခြင်း
မပြုရပါဘူး။တစ်နည်းအားဖြင့် ဇာတ်ကောင်တွေရဲ့ အပြောအဆို၊အမူအရာတွေကိုပဲ သိစိတ်ယူပြီး သူတို့ ရဲ့ စိတ်တွင်းခံစားချက်ကိုတော့ ထည့်သွင့်ဖော်ပြခွင့် မပြုရပါဘူး။ဓမ္မဓိဌာန် ရှုထောင့်ဟာ ကန့် သတ်ချက်တွေ များလွန်းလှတဲ့အတွက် ရေးသားရ အခက်ခဲဆုံးနဲ့  အရေးနည်းဆုံး ရှုထောင့်အဖြစ် သတ်မှတ်နိုင်ပါတယ်။ဒါ့အပြင် ၀တ္ထုတိုတွေထဲမှာ ဇာတ်လမ်းအားပြုဝတ္ထု နဲ့  ဇာတ်ကောင်စရိုက်အားပြုဝတ္ထု
ဆိုပြီး ခွဲခြားထားပါတယ်။စာရေးသူအများစုကတော့ ကိုယ်တိုင်ပြောရှုထောင့်နဲ့  ဇာတ်လမ်းအားပြု ၀တ္ထုတိုလေးတွေကို အရေးများတတ်ကြပါတယ်။"ပြောစကား(ဒိုင်ယာလော့)" ကလည်း ၀တ္ထုတိုတစ်ပုဒ်ထဲမှာ
အရေးပါလှတဲ့ အင်္ဂါရပ်အစိတ်အပိုင်း တစ်ခုပါ။စာရေးသူ ပေးချင်တဲ့ သတင်းစကားကို
ဇာတ်ဆောင်ပြောစကားနဲ့  ရေးသားပေးနိုင်သလို ဇာတ်ကောင်စရိုက်ဖော်ညွန်းရာမှာလည်း ပြောစကားကို
ထည့်သွင်းရေးသားနိုင်ပါတယ်။ဝတ္ထုတိုတွေထဲမှာ အတွေ့ ရနည်းတဲ့ အင်္ဂါရပ်တစ်ခုကတော့ "သဘာဝပတ်ဝန်းကျင်နောက်ခံ အဖွဲ့ အနွဲ့ " ပါ။ ၀တ္ထုတိုထဲမှာ ရသစုံ ပါဝင်လာရလေအောင် သဘာဝပတ်ဝန်းကျင်နောက်ခံ အဖွဲ့ အနွဲ့ လေးတွေကို သင့်လျော်တဲ့ ၀တ္ထုတိုလေးတွေထဲမှာ
ထည့်သွင်းဖော်ပြပေးသင့်ပါတယ်။

ဒီလောက်ဆိုရင် အခြေခံဝတ္ထုတို ဖန်တီးနည်း သဘောတရားတွေကို သိတန်သလောက် သိလောက်ပြီးလို့  ယူဆမိပါတယ်။ဝတ္ထုတိုဖန်တီးရာမှာ အဓိကအကျဆုံးအချက်ကို ထပ်ပြောရမယ်ဆိုရင် "များများ ဖတ်၊များများ ရေးပါ" လို့ ပါ ညွှန်ကြားပေးချင်ပါတယ်။များများ ဖတ်၊များများ ရေးခြင်းအားဖြင့်
စာရေးဝါသနာကို ပြုစုပျိုးထောင်ပေးပြီးသား ဖြစ်သွားစေနိုင်သလို ၀တ္ထုတို ဖန်တီးနည်း သဘောတရားတွေကို နားလည်ပြီးသားလည်း ဖြစ်သွားစေနိုင်ပါတယ်။

စာပေပန်းခင်း

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း