ဖယောင်းတိုင်

 

               ဖယောင်းတိုင်

          သူ့ဘဝမှာ ကြည်ညိုလေးစားရဆုံး ပုဂ္ဂိုလ်တစ်ဦးနှင့် ရွံရှာမုန်းတီးရဆုံးသော ပုဂ္ဂိုလ်တစ်ဦးတို့ ရှိခဲ့ဖူးပါသည်။ နှစ်ဦးစလုံးမှာ ပညာရေးလောကမှ ဖြစ်သည်။ တိတိကျကျဆိုရပါလျှင် မူလတန်းပြဆရာများ ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးမှာ တစ်နယ်ဆီ၊ တစ်ကျောင်းဆီမှဖြစ်သော်လည်း တစ်ဦးအကြောင်း စဉ်းစားမိလျှင် လေးစားအားကျရသလောက် ကျန်တစ်ယောက်အကြောင်းကတော့ ယောင်မှားတွေးမိလျှင်ပင် သွေးပျက်လောက်သည်။ သွေးမပျက်လျှင်တောင် သွေးတက်လောက်သည့် လူစားမျိုးဖြစ်သည်။ သားကို ဒီလို စံလွဲပုဂ္ဂိုလ်မျိုးဖြစ်သွားမှာကို အစိုးရိမ်ဆုံးဖြစ်သည်။ ပညာရေးအသိုင်းအဝိုင်းမှာ ကျင်လည်နေသည့် မူလတန်းပြဆရာလေးတစ်ဦး၏ တစ်ဦးတည်းသော သားအတွက် စိုးရိမ်မှုလွန်ကဲသည့် အတ္တလည်းဖြစ်နိုင် ပါသည်။

          ***                                           ***                                           ***

          ပိုင်ဆိုင်ချင်စရာ သိပ်ကိုများသော လောကကြီးထဲမှ သူပိုင်ဆိုင်သောအရာများမှာ အနည်းအကျဉ်းသာ။ သူ့အရိပ်အကဲကိုကြည့်၍ လိုအပ်သမျှ ဖြည့်ဆီးပေးတတ်သည့် ချစ်ဇနီး၊ စာတော်ဉာဏ်ကောင်း၍ အစားကောင်း မက်ကာ အသစ်အဆန်း အသန့်အပြန့်ကြိုက်သည့် တစ်ဦးတည်းသော သားတစ်ယောက်၊ သူကျောင်းသွားတိုင်း အသုံးပြုရသည့် ခြေနင်းစင်္ကြာ၊ ခြောက်ဆယ်လေးဆယ်မြေကွက်ပေါ်က အိမ်ကလေးတစ်လုံး။ ထိုအိမ်ဝင်းသည် ပင် ဇနီးသည်ဘက်မှ အမွေရ၍ ပိုင်ဆိုင်ရခြင်းဖြစ်သည်။

          ကိုယ်တိုင်က မည်မျှပင်သေးငယ်မှုန်ဝါးနေပါစေ သားကိုတော့ မော်ကြည့်ချင်သည်။ တစ်ချိန် သူကိုယ်တိုင်မော်ကြည့်ရမည့် တောက်ပလင်းလက်သည့် ကြယ်တစ်ပွင့်သည် သားသာလျှင် ဖြစ်ရမည်။ ပြင်းပြသည့် သူ့အိပ်မက်တွေက ခုနှစ်နှစ်သားလေးတစ်ယောက်အတွက် ကြမ်းရှနေပြီလား၊ မိုးထိနေပြီလားဟု စဉ်းစားမိသည်မှာလည်း မကြာခဏ။ သား၏လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးလိုကြသည်က ဖခင်တိုင်း၏ မေတ္တာကဲသည့် တူညီသော ဆန္ဒတွေသာဖြစ်သည်။ ယနေ့လည်း ပြန်လာလျှင် သားအတွက် ဟင်းကောင်း တစ်ခုခု ဝယ်ခဲ့မည်ဟု ကတိပြုမိခဲ့သည်။

          သားသည် သူ့ဘဝ၏ အလင်းရောင်ဖြစ်သည်။ ဘဝ၏ ပုစ္ဆာကို ပုံသေနည်းအမှားများဖြင့် မကြာခဏ တွက်ချက်တတ်သည့် သူ့အတွက် ထွက်ပေါက်တို့က ပိတ်နေဆဲပင်ဖြစ်သည်။ မင်္ဂလာဆောင်စဉ် နှစ်ဖက်မိဘများထံမှ လက်ဖွဲ့အဖြစ်ရထားသည့် ရွှေတိုငွေစလေးများက လွတ်မြောက်မှုမရှိသည့် ထွက်ပေါက်မှ စိတ်ဆိုးဆင်းသွားသည်မှာ ကြာပြီ။ စီးနေသည့် ဆိုင်ကယ်သည်ပင် သူ့ကိုနှုတ်ဆက်သွားသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။

          သူ့အတွက် ဘဝစာမျက်နှာထက်မှာ အဓိပ္ပါယ်လေးနက်ဆုံးသော တန်ဖိုးရှိသည့် နေ့စွဲတချို့ကို ကျောင်းခန်းထဲက စာသင်ချိန်များကသာလျှင် ရေးထိုးဖြစ်စေခဲ့သည်။ နေထိုင်ရာမြို့ကလေးနှင့် (၉) မိုင်မျှဝေး သည့် ရွာကျောင်းလေးသည် သူရောက်ပြီးသည့်နောက်ပိုင်း အပြောင်းအလဲများစွာနှင့် ဖြစ်သည်။ နှစ်စဉ် အောင်ချက်ကောင်းသည်။ စည်းကမ်းသေဝပ်သည်။ စံပြကျောင်းဆုရသည်မှာပင် နှစ်ကြိမ်ရှိပြီဖြစ်သည်။

" ကျော်စွာဝင်း သားအပြစ်ကို သားသိတယ်နော်…"

မျက်နှာငယ်လေးဖြင့် ခေါင်းညိတ်နေသော တပည့်ဖြစ်သူကိုကြည့်ရင်း ရက်ဂျစ်စတာစာအုပ်ကို လှန်ကြည့်လိုက်သည်။

" နောက်ပြီး ဒီရက်ပိုင်း သားကျောင်းပျက်တာတွေများနေတယ်၊ ဘာဖြစ်လို့လဲ၊ သားမှာ ဘာအခက်အခဲ ရှိလို့ လဲ…"

" ကျွန်တော်…ကျွန်တော်…"

          စကားထစ်ငေါ့ငေါ့နှင့် ချက်ခြင်းပင် မျက်ရည်တွေဝိုင်းလာသည့် တပည့်ဖြစ်သူကိုကြည့်ရင်း တစ်ထိုင်တည်း အဖြေရှာရမည့် ပုစ္ဆာမဟုတ်ဆိုတာကို သူသိလိုက်သည်။ ဆရာက ကျောင်းပျက်တာ မကြိုက်မှန်း သိနေသော်လည်း ရက်ဆက်ကျောင်းပျက်ထားသည့် တပည့်၏ နောက်ကွယ်တွင် အတိုင်းအတာတစ်ခုအထိ အခက်အခဲရှိနေနိုင်သည်။

" ကဲ သား၊ နေ့ခင်းထမင်းစားကျောင်းဆင်းရင် သားမိဘကို ဆရာ့ဆီခေါ်ခဲ့ ဟုတ်လား၊ ခွင့်မဲ့ပျက်ကွက် တဲ့အတွက် ညနေကျောင်းဆင်းရင် အခန်းသန့်ရှင်းရေးလုပ်၊ သောက်ရေအိုးတွေ ရေဖြည့်ပြီးမှပြန်ရမယ်…"

          ကျောင်းသားမိဘတွေ သူ့ကို သဘောကျသည့် အချက်တချို့လည်း ရှိသေးသည်။ အပြစ်တစ်စုံတစ်ခု တွေ့သည်နှင့် ရိုက်နှက်မဆုံးမဘဲ အကျိုးအပြစ်ကို နားလည်အောင် ပြောဆိုဆုံးမတတ်ခြင်းပင် ဖြစ်သည်။ လိုအပ်လျှင် မိဘနှင့် တွေ့ဆုံဆွေးနွေးသည်။ သို့မှသာ တပည့်၏လိုအပ်ချက်ကို  သူတို့တတွေ ဖြည့်ဆီးပေးနိုင် မည် ဖြစ်သည်။ သူအပြစ်ပေးလျှင်လည်း ကျောင်းဝင်းထဲမှာ သန့်ရှင်းရေးလုပ်ခိုင်းသည်။ သောက်ရေအိုး ရေဖြည့်ခိုင်းသည်။ တစ်ခါတစ်ရံ သစ်ပင်စိုက်ခိုင်းသည်။ အပြစ်သိပ်ကြီးနေလျှင်တော့ ကျောင်းသန့်ရှင်းရေးကို တစ်ပတ်မျှ လုပ်ခိုင်းထားလိုက်ရသည်။ ထိုနည်းသည် ရိုက်နှက်ဆုံးမသည်ထက် အမှန်တကယ်ပင် ထိရောက်လှသည်။

          ဆရာကို ချစ်ကြောက်ရိုသေမှုဖြင့် အမှားလုပ်ရမည်ကို ရှောင်ကြဉ်တတ်လာသည်။ မတတ်သာ၍ အပြစ်ကျူးလွန်မိလျှင်တောင် ပေးအပ်သည့်အပြစ်ကို ကျေကျေနပ်နပ် ဆောင်ရွက်သည်။ ဆရာနှင့်တပည့် အကြား ကြောက်ရွံ့မုန်းတီးမှုဆိုသည်မှာ မရှိသင့်သော အရာတစ်ခုဖြစ်သည်။ ဆ၇ာဆိုသည်က တပည့်အတွက် ရိုသေလေးစားရမည့် စံပြပုဂ္ဂိုလ်အဖြစ်သာ ရှိသင့်သည် မဟုတ်လား။ ကျောင်းတစ်ကျောင်း၏ ဂုဏ်သိက္ခာ၊ ကျောင်းသားတစ်ယောက်၏ ပညာရည်မြင့်မားဖို့အတွက် ဆရာ၊ မိဘ၊ တပည့်ဆိုသည့် ဒေါက်တိုင်သုံးချောင်း ဟန်ချက်ညီဖို့လိုသည်။ တစ်ဖက်ဖက်မှ ချို့ယွင်းလိုက်သည်နှင့် ကျောင်းသား၏ အနာဂတ်သည် မှုန်ဝါးသွားနိုင်သည်။

          မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်မည့် လူတော်လူကောင်းလေးတွေအဖြစ် ထုဆစ်ပုံဖော်ရသည့်ဘဝကို သူမြတ်နိုးသည်။ သူ့အတွက်တော့ ထိုတာဝန်သည် ဘဝ၏ ဆုလာဘ်တစ်ခုလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဘဝစာမျက်နှာအသီးသီးအနက် အကောင်းဆုံးကဗျာတစ်ပုဒ် ရေးဖွဲ့ထားသည့် စာမျက်နှာလည်း ဖြစ်နိုင်ပါသည်။

          ***                                           ***                                           ***

          နေ့ခင်းကပြကွက်တစ်ခုကြောင့် ညနေကျောင်းဆင်း အိမ်အပြန်လမ်းတစ်လျှောက် အတူပြန်နေကြ ဆရာတွေကြားမှာ သူနှုတ်ဆိတ်နေမိသည်။

          " ဆရာလေးခေါ်တယ်ဆိုလို့ …၊ ကျုပ်က မောင်ဖိုးကျော်အဖေပါ။ သူ့အမေ မရှိတော့တဲ့နောက်ပိုင်း ကျုပ်ပဲအဖေ၊ ကျုပ်ပဲအမေ လုပ်နေရတာ။ သားလေးတစ်ယောက်ဆိုတော့လည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်စေချင်တယ် ဆရာလေးရဲ့။ သူကျောင်းပျက်များနေတာလည်း ခုမှပဲသိရတော့တာ၊ မေးကြည့်လိုက်မှ ကျောင်းစာအုပ်ဖိုး မသွင်းနိုင်လို့တဲ့။ ဖြစ်ပုံများပြောပါတယ် ဆရာလေးရယ်။ ကျုပ်ကလည်း ခြေထောက် ခိုက်မိထားလို့ ပန်းရံမဆင်းနိုင်တာ လေးငါးရက်ရှိပြီ၊ စာအုပ်ဖိုး ကျုပ်လည်း မတောင်းရဲ၊ အဒေါ်လေတွဆီလည်း မတောင်းဝံ့နဲ့ ကျောင်းပြေးနေရတာဖြစ်မှာ၊ ဒီရက်ပိုင်း လူလေးစိတ်ထဲ ဘယ်လိုခံစားနေရမလဲ တွေးမိလိုက်တိုင်း ကျုပ်…ကျုပ်…"

          ခြေထောက်ထော့နဲ့ထော့နဲ့နှင့် ညှိုးငယ်ဆို့နစ်စွာ ပြောပြနေသည့် တပည့်ဖြစ်သူ၏ ဖခင်ထံမှ သောကလှိုင်းက သူ၏နှလုံးသားကျောက်ဆောင်ကို တစ်ချက်ခြင်းရိုက်ပုတ်လာသည်။ ရင်ဘတ်ခြင်းတူ၍ ကိုယ်ချင်းစာမှုသောင်က နှလုံးသားတစ်နေရာမှာ ဖြစ်ထွန်းသည်။ သားသမီးရဲ့ လိုအပ်ချက်၊ တောင်းဆိုမှုကို မဖြည့်ဆီးနိုင်သေးချိန်မှာ ခံစားရသည့် ဖခင်တစ်ယောက်၏ ရင်ထဲက ခံစားချက်။ ထိုခံစားချက်မျိုး သူ့ထံမှာ မကြာခဏဖြစ်တည်ဖူးသည်။ ထို့ကြောင့် သားအတွက် ဟင်းကောင်းတစ်ခွက်ဖန်တီးရန် ရည်ရွယ်ထားသည့် ပိုက်ဆံတချို့သည် တပည့်တစ်ယောက်အတွက် ခေါင်းစဉ်တစ်မျိုးပြောင်းကာ သူ့ထံမှ ထွက်သွားသည်။ တပည့်ဖြစ်သူ၏ ဖခင်နောက်ကျောကိုကြည့်ရင်း သူ့ရင်မှာ ပီတိလှိုင်းတို့က တဖြတ်ဖြတ်။ သူငယ်စဉ်က ဒီလိုအခက်အခဲမျိုးကို မကြာခဏ အိတ်စိုက်ဖြေရှင်းတတ်သည့် ဖေဖေ့ကို သတိရလိုက်မိသည်။ ပီတိလွှမ်းနေသည့် ဖေဖေ့မျက်နှာကို ယခုအချိန်တွင် ပို၍အမှတ်ရမိသည်။

          " ဟာ …"

          မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံးလန့်ထိတ်သွားကြသည်။ ဆရာမတွေဆိုလျှင် စုတ်သပ် သနားနေကြသည်။ မိုးရွာပြီးစ ရှော့ဖြစ်နေသော ဓာတ်ကြိုးပေါ်နားမိ၍လား၊ ဓာတ်ကြိုးနှင့်မလွတ်သော လျှပ်စစ်ဓာတ်စီးနေသည့် သစ်ကိုင်းပေါ်နားမိ၍လားမသိ ဆက်ရက်လေးတစ်ကောင် ဓာတ်လိုက်၍ ပြုတ်ကျ လာခြင်း ဖြစ်သည်။

          အတူပြန်ဆရာအုပ်စု၏နောက်မှ ချန်နေခဲ့လိုက်သည်။ အတော်လှမ်းလှမ်းရောက်သွားကြတော့မှ ဘေးဘီကြည့်ကာ ဖြတ်ခနဲကောက်ယူလိုက်သည်။ ပူနွေးနေသော ငှက်သေလေးကြောင့်လား၊ ပတ်ဝန်းကျင် မြင်မှာ စိုးရိမ်စိတ်ကြောင့်လားရယ်တော့မသိ လက်ဆွဲအိတ်ထဲသို့ ဆတ်ခနဲကောက်ထည့်လိုက်သည့် လက်က တုန်ချင်သလို သူ့ရင်ဘတ်ထဲမှ တဒိတ်ဒိတ်ခုန်နေသည့် နှလုံးခုန်သံကို ကြားမိသလိုလို ထင်လိုက်ရသည်။ ထမင်းစားရင်း ပြုံးပျော်နေမည့် သားကြီးမျက်နှာကို မြင်ယောင်ရင်း မြင်သားကြားသားဆိုသောအရာကို မေ့ထားလိုက်သည်။ သူဝင်နေကြဆိုင်တွင် အမွေးနှုတ်ပြင်ဆင်ခဲ့မည်ဆိုပါက သားကြီး၏ ညစာအမီ ဟင်းကောင်းတစ်ခွက် ဖြစ်နိုင်သည်။ စက်ဘီးကို ခပ်သွက်သွက်နင်းရင်း အိမ်အပြန်လမ်းကို လှမ်းခဲ့လိုက်သည်။

***                                           ***                                           ***

လမ်းတွင်ကြုံခဲ့ရသည့် ဆက်ရက်လေး၏ ပုံရိပ်ကြောင့် သူထမင်းစား၍ မဝင်။ ထိုဟင်းပန်းကန်ကို တို့ပင်မတို့။ ဇနီးသည်ထည့်ပေးမည်ပြုတာကိုပင် လက်ကာပြလိုက်သည်။ အသားဟင်းဆိုလျှင် လက်သွက်လှ သည့် သားတော်မောင်က ဒီနေ့မှာတော့ တို့တိ တို့တိ။

" သား စားလေ၊ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား၊ မေမေဆူထားလို့လား …၊ ဟေ့ အမေကြီး သားကို ဆူထားသလား …"

" ဆူမထားရပါဘူးတော်၊ ကျောင်းကသူငယ်ချင်းက စက်ဘီးဝယ်လာတာကို အားကျနေတာလေ၊ အိမ်ပြန်ရောက်ကတည်းက စက်ဘီးလိုချင်တယ် ပူဆာနေတာ…"

ရယ်ဟဟဖြင့်ပြောလာသည့် သားအမေ၏စကားက သူ့ရင်ကို မနိုင်ဝန်တစ်ခုခုနှင့် ဖိချလိုက်သည့်အလား လေးလံမွမ်းကြပ်သွားသည်။ ကိုရီးယားမင်းသားချော လေးယောက်ပုံပါသည့် ကျောပိုးအိတ်လေးတစ်လုံးကို ဧည့်ခန်းထဲချိတ်ထားနိုင်သည်မှာ တစ်လပင် မပြည့်ချင်သေး။ ထိုကျောပိုးအိတ်လေးက သူ့ရဲ့မနက်ချင်း လက်ဖက်ရည်အတော်များများကို သောက်နိုင်သည်ဆိုလျှင် စက်ဘီးတစ်စီးဆိုလျှင် သူမတွေးဝံ့တော့။ မျက်ရည်သီသီဝေ့သည့် ညှိုးငယ်နေသော သားမျက်နှာက သူ့ဦးခေါင်းကို သွက်သွက်မဟုတ်တောင် ခပ်လေးလေးတော့ ခေါင်းညိတ်စေခဲ့သည်။ စိတ်မကောင်းဘဲ စားနေရသည့် ထမင်းဝိုင်းမှ ရင်မကောင်းဘဲ ထလာခဲ့လိုက်သည်။

          စာရေးစားပွဲမှာထိုင်ရင်း ယောက်ယက်ခတ်နေသည့် အတွေးတွေနှင့် ငြိမ်နေမိသည်မှာ အတော်ကြာသည်။ ခါတိုင်းဖြေရှင်းသလို ကံကြမ္မာနှင့် လောင်းကြေးထပ်လိုက်ရမလား။ အဆုံးသတ်ထွက်လာ မည့် အဖြေကိုလည်း သူသိနေသည်။

" ဟောဒီမှာ သားကြီးလိုချင်တဲ့စက်ဘီး …"

ကြည့်လိုက်တော့ လက်ကိုင်တန်တန်းလေးနှင့် စက်ဘီးအနီရဲရဲလေး။ နှစ်(၂၀)ကျော်က အဖြစ်အပျက်တစ်ခုက ရုတ်တရက်ကြည်လင်လာသည်။ ဒီစက်ဘီးလေးပိုင်ဆိုင်ဖို့အရေး သူ့မေးစေ့တစ်လုံးနှင့် သွေးချင်းချင်းရဲနေသည့် ဖေဖေ့လက်တစ်စုံ ရင်းခဲ့ရဖူးသည်။ (BMX) ဘီအမ်အိတ် စက်ဘီးလေးတွေ ပေါ်ကာစက လိုချင်ခဲ့လွန်း၍ ပူဆာခဲ့ဖူးသည်။ ထိုအချိန် စက်ဘီးတစ်စီး၏တန်ဖိုးက ဖေဖေ့တစ်လခစာမျှရှိ၍ ထန်းပလပ်ခုံးကို စက်ဘီးလုပ်စီးကာ အာသာဖြေခဲ့ရသည်။ ထိုခေတ်က စက်ဘီးကို ရှေ့ဘီးထောင်စီးကာ စတန့်ထွင်ကြသောအခါဖြစ်သည်။ တစ်ကြိမ်မှာတော့ စက်ဘီးလုပ်ကစားသည့် ထိုင်ခုံပေါ်မှ အရှိန်လွန်ကာ ပြုတ်ကျပြီး မေးကွဲခဲ့ရသည်။ သားကို အလိုလိုက်ချင်လွန်းသည့်ဖေဖေက အိမ်နောက်ဘက် ဇီးတောထဲမှ ထင်းခုန်ပြီး ရောင်းရငွေဖြင့် လိုချင်နေသောဘီးကို ဝယ်ပေးခဲ့ဖူးသည်။ သူစက်ဘီးနီလေးတစ်စီးပေါ်မှာ ပျော်မြူးနိုင်ရေးအတွက် ဖေဖေ့လက်အစုံး သွေးနီလူးခဲ့ရဖူးသည်။ ထိုစဉ်တုန်းက လိုချင်တာရ၍ပျော်နေသည့် သူ့ကိုကြည့်ရင်း ပြုံးနေသည့်ဖေဖေ့မျက်နှာ၊ သွေးချင်းချင်းရဲကာ ပေါက်ပြဲနေသော ဖေဖေ့လက်တွေကို ဆေးထည့်ပေးရင်းကြည့်နေသည့် မေမေ့၏အကြည့်။ ထိုပုံရိပ်တွေအားလုံးသည် မနေ့တစ်နေ့ကလိုပင် ကြည်လင်ပြတ်သားဆဲဖြစ်သည်။

              အသေးစိတ်မှတ်မိနေသည့် သူ့မှတ်ဉာဏ်ကို တူးတူးခါးခါးမုန်းမိသွားသည်။ " မိဘကျေးဇူး ထူးသိလျက် အဆပ်ခက် " ဆိုသောစကားကို မုန်းသည်။ ဖခင်အရိပ်ကို ယခုတိုင်ခိုလှုံနေရဆဲဖြစ်သည့် သူ့ကိုယ်သူလည်း မုန်းသည်။ မြေးလေးမုန့်ဖိုးခေါင်းစဉ်တပ်ကာ တစ်လတစ်ခါ ရောက်လာတတ်သည့် ပင်စင်စားဖခင်အိုကြီးထံမှ ထောက်ပံ့မှုကို လစဉ်မျှော်နေတတ်သည့် သူ့စိတ်ဝိညာဉ်ကို မုန်းသည်။ မောင်နှမတတွေထဲတွင် အနည်းငယ်ဆိုးသော၊ လိုချင်တာကို ဂျီကျပူဆာတတ်သည့် အစွမ်းအစနည်းသည့် သားတစ်ယောက်အဖြစ်နှင့်များ ဖေဖေဟာ အလိုလိုက်ခဲ့သည်လားမသိ။ တက္ကသိုလ်တက်တော့ ဆိုင်ကယ် တစ်စီးကို အရူးအမူးလိုချင်နေသည့်သူက ဖေဖေ့ကိုခေါင်းခွေ့မိတော့ နေအိမ်ဝင်းကို တစ်ဝက်ခြမ်းရောင်းကာ ဝယ်ပေးခဲ့ဖူးသည်။ ယခုလည်းနောက်ဆုံးထွက်ပေါက်အဖြစ်နှင့် ဖေဖေ့ဆီကိုပင် ခေါင်းခွေ့ရဦးမည်။ အတွေး အဆုံး စာရွက်တစ်ရွက်ကိုထုတ်ကာ စ-ရေးလိုက်သည်။

          " သို့ … ဖေဖေ…"

          " အဖေကြီးရေ သားက ဒီပုစ္ဆာမတွက်တတ်လို့တဲ့ လာရှင်းပြပါဦး …"

          အိမ်ရှင်မ၏အသံကြောင့် လက်ထဲမှ ဘောလ်ပင်ကို ချထားလိုက်သည်။ ကားဂိတ်ကတစ်ဆင့် ပို့ရမည့်စာမို့ မနက်ကျမှပဲ ကျောင်းမသွားခင် ရေးပြီးပို့လိုက်တော့မည်။ လောလောဆယ်မှာတော့ သူ့ခြေလှမ်းတွေက သားကြီး၏ စာကြည့်စားပွဲဆီသို့ လှမ်းခဲ့လိုက်သည်။ သားဟာ သူ့ရဲ့အနာဂတ်မဟုတ်လား။

          ***                                           ***                                           ***

          နာရီကိုကြည့်လိုက်တော့ မနက်(၈)နာရီတိတိ။ လက်ထဲကကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး မနေ့ညကစာကို ဆက်ရေးရန် ပြင်လိုက်သည်။

          " အဖေကြီး စာ၊ အဖေ့ဆီက ထင်တယ်။ ခုနလေးတင်မှ မောင်လုံးလာပေးသွားတာ၊ မနေ့ည ကတည်းကပေးဖို့ဟာ လမ်းမှာ ကားပျက်နေတာနဲ့ ဂိတ်ဝင်နောက်ကျလို့တဲ့ …"

          အိမ်ရှင်မထံမှစာကို လှမ်းယူလိုက်ရင်း ကြည့်လိုက်သည်။ စာအိတ်ထက်မှ လက်ရေးက နှမငယ်၏ လက်ရေး။ သက်ထားဆီက ဟု ပြောရင်း စာကို ဖောက်ဖတ်လိုက်သည်။ သူထိတ်ခနဲ ဖြစ်သွားသည်။ သူ့လက်အစုံက တုန်ယင်လာသည်။ သိစိတ်အာရုံအားလုံး ထုံအသွားသည်။ ဖေဖေဆုံးပြီ။ မဖြစ်ဘူး၊ မဖြစ်နိုင်ပါဘူး။ ခုနကလေးတင် ဖေဖေ့ဆီကို စာရေးမလို့ လုပ်နေတာလေ။ ဖေဖေဆုံးတာ မနေ့ကဆိုပါလား။ ဒါဆိုဘာ့ကြောင့် အရိပ်အယောင်၊ အတိတ်နိမိတ် မပြရတာလဲ။ မဟုတ်သေးပါဘူး။ ဒီနှစ်သီတင်းကျွတ် သူ့မြေးတွေနဲ့ လာနေဦးမယ်လို့ ပြောထားသေးတယ်လေ။ နောက်ပြီး လကုန်ရင် မြေးလေးမုန့်ဖိုးဆိုပြီး ပိုက်ဆံတွေရောက်လာဦးမှာလေ။ ဖေဖေ မသေသေးပါဘူး။ ဖေဖေသေလို့ မရသေးဘူးလေ။ ဖေဖေ့မြေးတွေကို ရှင်မပြုရသေးဘူး မဟုတ်လား။ ဖေဖေ့မြေးကို စက်ဘီးဝယ်ပေးရဦးမယ်လေ။ သားဝယ်မပေးနိုင်ဘူးဗျ။ ဖေဖေ့လိုလည်း ထင်းခုတ်ပြီး ဝယ်မပေးနိုင်ဘူး။ ဖေဖေမသေပါဘူးနော်။ တစ်ချိန်ကျရင် သားဖေဖေ့ကို လုပ်ကျွေးနိုင်မှာပါ။ လုပ်ကျွေးမှာပါ။

          ဂယောက်ဂယက်အတွေးများနှင့်အတူ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ဟာလာသည်။ ခေါင်းငိုက်စိုက်ကျသွား ချိန်မှာတော့ ကြမ်းပြင်ထက် သူ့ခြေရင်းမှာ ကျနေသည့် ရေးလက်စ စာရွက်ပေါ်သို့ မျက်ရည်ဟု ယူဆရသည့် အရာတစ်ခုကျသွားသည်ကို သူနောက်ဆုံးသိလိုက်ရသည်။

          ***                                           ***                                           ***

          ဖယောင်းတိုင်ဆိုသည်မှာ ပတ်ဝန်းကျင်ကို အလင်းပေးသည့် ရုပ်ဝတ္ထုပစ္စည်းတစ်ခုသာဖြစ်သည်။ အနားမှာကွက်ပြီး မှောင်ရိပ်ကျတတ်သည်ကတော့ သဘာဝပင်။ ဆရာဆိုသည်မှာလည်း လူအများကို ပညာအလင်းပေးနေသည့် လောကကြီး၏ သက်ရှိရတနာတစ်ပါးပင်ဖြစ်သည်။ အနားမှာကွက်ပြီး မှောင်ရိပ် ကျမရသည်က ဆရာ၏ ထူးခြားသည့် ဂုဏ်ရည်တစ်ရပ် ဖြစ်သည်။ သူသည် ဘဝတွင် မှောင်ရိပ်ကင်းစင်သည့် စံပြဆရာတစ်ယောက် မဟုတ်ခဲ့ချေ။ ထို့ကြောင့် သူသည် ဖယောင်းတိုင် တစ်ချောင်းသာလျှင် ဖြစ်ခဲ့သည်။

          ***                                           ***                                           ***

          သူ့ဘဝတွင် ကြည်ညိုလေးစားရဆုံး ပုဂ္ဂိုလ်တစ်ဦးနှင့် ရွံရှာမုန်းတီးရဆုံးသော ပုဂ္ဂိုလ်တစ်ဦးတို့ ရှိခဲ့ဖူးပါသည်။ ကြည်ညိုရဆုံးသော ပုဂ္ဂိုလ်မှာ သူ၏ဖခင် ဖြစ်သည်။

          ရွံရှာမုန်းတီးရဆုံးသော ပုဂ္ဂိုလ်ဆိုသူမှာ သူကိုယ်တိုင်သာလျှင် ဖြစ်တော့သည်။

 

ရှဥ့်ညိုလေး
(ပုလဲမြေမဂ္ဂဇင်း၊ သြဂုတ်(၂ဝ၁၅)၊ စာမျက်နှာ(၁၇၈))

          ***                                           ***                                           ***

 

             

             

             

 

 

 

 

 

               

               

 

 

 

 

 

 

 

 

 

 

 

 

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း