Facebook ကို နှုတ်ဆက်လိုက်ရတဲ့အခါ

Facebook ကို နှုတ်ဆက်လိုက်ရတဲ့အခါ

    ဒီနေ့ (Facebook) ကို (Burn) လိုက်တာ မသိဘဲ ဖွင့်ကြည့်ပြီး ဒေတာကုန်သွားလို့ ထင်နေမိသေးတယ်။ နောက်မှ အမျိုးသမီး သူငယ်ချင်းတစ်ယောက်က  သူ့ကို(မဒီစံကို) (Messenger) မှာ ဘယ်လိုဘယ်ပုံလုပ်ရမယ့်အကြောင်း စာပို့လာတယ်။ အဲဒါနဲ့ လုပ်ပေးလိုက်တော့ မဒီစံ (Facebook)သုံးလို့ ရသွားတယ်။ ညီမငယ်ကိုလည်း လုပ်ပေးလိုက်တယ်။ သူက လိုင်းဖွင့်ပြီး သူ့ကိုယ်သူ သတင်းပြန်ကြားရေးသမား ထင်နေသူမို့ပါ။ သူလည်း သုံးရသွားတယ်။ ကျွန်တော့်ဖုန်းကို လုပ်တယ်။ မရဘူး။ (Play store)မှာ ကျွန်တော် ကန့်သတ်ထားတာတစ်ခုခု ရှိလို့ပါ။ ကျွန်တော်လည်း နည်းပညာသိပ်မကျွမ်းလို့ မလုပ်ဖြစ်တော့ပါဘူး။ 

    (Facebook) မရှိရင် (Okpar) ဆိုတဲ့ (Social network) တစ်ခုရှိတယ်။ သူက မြန်မာလူငယ်တွေ လုပ်ထားတာဆိုတော့ သိပ်မကျယ်ပြန့်သေးဘူး။ နောက်ပြီး စာသိပ်ရှည်တဲ့ ပို့စ်တွေ တင်မရသေးဘူး။ လောလောဆယ် ထူးအောင်ဝင့် ဆိုတဲ့ (Page) တစ်ခု လုပ်ထားတာ (Fan) (1667) ဆိုတော့ မဆိုးဘူးပေါ့။ အပျင်းပြေပါတယ်။ နောက်ပြီး (2016) ဇန်နဝါရီ (၆)ကတည်းက ဖွင့်ထားတဲ့ (Twitter) လည်း ရှိသေးတယ်။ မဒီစံကိုတောင် ခုနကလေးကမှ (Twitter) ဖွင့်ပေးလိုက်သေးတယ်။ သူ့သူငယ်ချင်းတွေ သုံးနေကြလို့ဆိုတာနဲ့လေ။ 

    ကျွန်တော်ကတော့ (Facebook) မသုံးရလည်း ပြဿနာမရှိဘူး။ ဘလော့သုံးရတာ ကြိုက်တယ်။ ပျော်တယ်။ စကားအများကြီး လာပြောမယ့်သူ မရှိတာ ကျွန်တော့်အတွက် ကောင်းတယ်။ မဟုတ်ရင် (Messenger) မှာ လာပြောတိုင်း ယဉ်ကျေးမှုအရ ပြန်ပြောနေရတာ အနှောက်အယှက်ဖြစ်တယ်။ ဘလော့ကတော့ အေးဆေး။ ကိုယ်တင်ချင်တဲ့ စာလေးတွေ တင်ထားတယ်။ ဖတ်ချင်တဲ့သူ ဝင်ဖတ်။ ဖတ်မယ့်သူမရှိလည်း ဘာဖီလင်မှ မရှိဘူး။ ကိုယ့်ဘာသာပြန်ဖတ်လို့ရတယ်။ နောက်ပြီး ဖီလင်သိမ်းထားတဲ့ သဘောမျိုးပါ။ (၂၀၁၅) ဧပြီ (၃၁)ကတည်းက စသုံးလာခဲ့တဲ့ ဘလော့လေးကို ချစ်တာလည်းပါတယ်။ နောက် (Blogger) ဆိုတဲ့ စကားလုံးလေးကိုလည်း သဘောကျတယ်။ ဒါ့ကြောင့် လတိုင်းနီးပါး သုံးဖြစ်တယ်။ ခြောက်လ၊ ရှစ်လလောက် ပစ်ထားမိတဲ့ကာလလည်း ရှိတာပေါ့။ အခုဟာက ကျွန်တော် ဘလော့ကလေးပဲ သုံးဖြစ်မယ့်အကြောင့် ပြောတာပါ။ 

    (Weebly.com) တို့လို (Free website) လေးတွေ လုပ်ထားပေမယ့် (Blogspot.com) ကို ပိုသဘောကျတယ်။ ပုံက သိပ်ရိုးရှင်းပေမယ့် ဓာတ်ပုံတွေတင်ဖို့ (Space) (1Gb) ပေးထားတယ်။ တခြား (Website) တွေက (500 Mb) ပဲ ပေးတာ။ စာ ကြိုက်သလောက်တင်လို့ရတယ်။ ပုံပဲ ကန့်သတ်ထားတာ။ ဒီမှာက ကိုယ့်အိမ်ကလေးနဲ့ကိုယ်ပဲ။ (Facebook) လို ဒွေးရောယှက်တင် မရှိဘူး။ ကိုယ်သိချင်၊ ကိုယ်ကြည့်ချင် သူ့အိမ်အလည်ဝင်သွားရုံပဲ။ မကြည့်ချင် ဘာမှ လုပ်စရာ မလိုဘူး။ အေးဆေး။ ဒီလိုပြောလို့ (Facebook) မသုံးတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ သုံးခွင့်ရရင် ပြန်သုံးမှာပါ။ ဒါပေမယ့် သုံးခွင့်မရလည်း အေးဆေးလို့ သိစေချင်တာပါ။

ရှဥ့်ညိုလေး

(၄.၂.၂၀၂၁ နေ့လည် ၂း၁၀ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း