အမြန်ဆက်သွယ်ပါ



အမြန်ဆက်သွယ်ပါ

            ဟိုတစ်နေ့က အိပ်ယာနိုးတော့ ဘာလိုလိုနဲ့ အသက်က(၄၂)နှစ် ပြည့်သွားပြီလို့ သတိပြုမိသွားတယ်။ အဲဒီနေ့က မွေးနေ့ကိုး။ အိပ်ယာထဲက မထသေးဘဲ ဟိုဒီစဉ်းစားရင်း ညက အိပ်မက်ကို သွား သတိရတယ်။
ဒါနဲ့ သွားတိုက်၊ မျက်နှာသစ်၊ ရေမိုးချိုးပြီး မဒီစံ ချက်ပြုတ်နေတဲ့ မီးဖိုးချောင်ထဲ ဝင်သွားလိုက်တယ်။ သူပြင်ထားတဲ့ မနက်စာလေး ယူတော့ ကျွန်တော့ကို တစ်ချက်ကြည့်တယ်။ ဘယ်ရမလဲ ဒီက မျက်နှာကို အစွမ်းကုန် ဖြီးထားတာပေါ့။

ဟက်ပီးဘတ်သ်ဒေးတွေ ဘာတွေ ပြောမလားပေါ့။
သူက မပြောဘူးဗျ၊ ရုပ်တည်ကြီးနဲ့ တစ်ချက်ကြည့်ပြီး လုပ်စရာ ရှိတာတွေ ဆက်လုပ်နေတယ်။ ဒါနဲ့
" အဟမ်း "
သူက လှည့်မကြည့်ဘူး။
" အဟမ်း ... အဟမ်း "
သူ လှည့်ကြည့်တယ်။
" ဟွာလေ .. ဟွာ "
သိတဲ့အတိုင်း သူရုပ်တည်ကြီးနဲ့ ကြည့်တော့ ရင်တုန်တာပေါ့။ ရင်တုန်တော့ စကားတွေတောင် ထစ်လို့။ (ကျုပ်များ မိန်းမ မကြောက်ဘူး ထင်နေလား ဟမ်း။)
" စံ သိလား၊ ကိုယ် ညက အိပ်မက်မက်တယ် "

“ အဲဒီတော့ ဘာဖြစ်သလဲ ”

နည်းနည်းတော့ နင်သွားတယ်။

“ အဲဒါ စံများ သိမလားလို့ ”

မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း (ဟိုတုန်းက အဲဒီမျက်စောင်းလေးက သိပ်ရင်ခုန်ဖို့ကောင်းတာ၊ အခုတော့ ရင်တုန်စရာကောင်းတဲ့ မျက်စောင်းကြီး)

“ သူ့ ဘာသာ အိပ်မက်မက်တာ ဒီက ဘယ်လို သိမှာလဲ ”

“ ဟိုလေ ဒီ… ဒီလိုပါ၊ ဒီနေ့ ကိုယ့် မွေးနေ့လေ ”

“ ဪ ”

သူ့ အာမေဋိတ်သံကြားရတာ ကိုယ့်မွေးနေ့ မေ့နေတယ်ဆိုတာ အသေအချာပါ။ မရခင်တုန်းကများဆို သူ့ ကော်ဖီမွှေပေးတဲ့ နေ့ကအစ မှတ်ထားသူကြီးက အခုတော့ ကိုယ့်မွေးနေ့ မေ့နေပြီ။ ပြောလက်စနဲ့ ဆက်ပြောလိုက်တယ်။

“ မနေ့ညက ကိုယ့်အိမ်မက်ထဲမှာ ဒီနေ့ ကိုယ့်မွေးနေ့ဆိုတော့ စံက ဖုန်းလေးတစ်လုံး ဝယ်ပေးတာတဲ့။ အိပ်မက်ထဲမှာဆိုတော့ လေးသောင်း နှစ်ထောင်လား၊ လေးဆယ့်နှစ်သိန်းလား မှတ်တော့ မမှတ်မိဘူး၊ အဟီးဟီး။ အဲဒါ ဘာအဓိပ္ပါယ်လဲဟင် ”

သူ ဟင်းမွှေနေရာမှ ခဏတန့်သွားပြီး

“ ညနေကျ သိရမှာပေါ့၊ ကလေးတွေ သင်တန်း လိုက်ပို့ရင်း ဝယ်ခဲ့လိုက်မယ် ”

ဟိ ပျော်လိုက်တာ။ ဘာပဲဖြစ်ဖြစ် ဖုန်းတစ်လုံးတော့ သေချာပြီ။ အိုင်ဖုန်း မဟုတ်တောင် အင်ဖုန်းလောက်တော့ လာထားပဲ။ မပိုင်လား။

ဒီလိုနဲ့ ညနေစောင်းဖို့ မသိမသာရော သိသိသာသာရော စောင့်နေခဲ့တယ်။ သိတဲ့အတိုင်းပဲ ညနေက သူ့အချိန်ကျတော့ သူ့ဘာသာစောင်းပြီး ညနေရောက်လာရော။ မဒီစံလည်း ကလေးတွေ သင်တန်းကြိုပြန်လာပြီ။

ဝမ်းသာအားရ တံခါးဖွင့်ပေးနေတဲ့ကိုယ်ကို

“ ရော့ ”

ကြည့်လိုက်တော့ စာအုပ်လေးအုပ်။ ဟမ် ကိုယ့်အိပ်မက်က ဖုန်းလက်ဆောင်ရတာလေ၊ စာအုပ်မဟုတ်ဘူး။

“ ဟမ် စာအုပ်တွေလား၊ ဘယ်သူ့အတွက်လဲ ”

“ ရှင့်ဖို့၊ တစ်အုပ်မတွေ့ တစ်အုပ်ထဲမှာတော့ တွေ့မှာပေါ့ ”

သူပြောမှ စာအုပ်တွေ ငုံ့ကြည့်လိုက်တယ်။ အိပ်မက်အဖွင့်ကျမ်းတဲ့၊ အိပ်မက်တိတ္ထုံတဲ့၊ အိပ်မက်မက်တတ်သူများအတွက် အိပ်မက်လက်ဆောင်တဲ့၊ အိပ်မက် အိပ်မက် အိပ်မက် တဲ့။ အို အားလုံးဟာ အိပ်မက် အဓိပ္ပါယ်ဖွင့်တာတွေချည်းပါလား။ သူ့ကိုလှမ်းကြည့်လိုက်တော့ ဂေါက် … ဂေါက် … ဂေါက် နဲ့ အိမ်ထဲကို ဝင်သွားရော။

စိတ်မကြည်မသာနဲ့ အိပ်ယာထဲမှာ ဖုန်းသုံးနေလိုက်တယ်။ ကတောင် ဆို နိုတီတက်လာလို့ ကြည့်လိုက်တော့

“ ပျော်စရာ မွေးနေ့ပါ၊ ဘဝတလျောက်လုံး ကိုယ်စိတ်နှလုံး အေးချမ်းပါစေ၊ အလိုဆန္ဒအားလုံးလည်း ပြည့်ပါစေ ” တဲ့။

ကျွန်တော်လည်း ရွဲ့ပြီး သူ့ဆုတောင်းကို Reply ပြန်လိုက်တယ်၊ သိချင် သူ့ Birthday Wish အောက် သွားကြည့်တော့။ ပြောချင်တာက ခင်ဗျားမှာ ကျွန်တော့်လို အပေါက်ဆိုးတဲ့ အိမ်ရှင်မကြီး ပိုင်ထားတယ်ဆိုရင် ကောမင့်မှာ ဆက်သွယ်လိုက်ပါလို့။ ကျွန်တော်တို့ ဘဝတူတွေ နည်းလမ်းရှာကြတာပေါ့။ တစ်ခုခုတော့ တွေ့မှာပါ။

ပုံ/ စိတ်တိုနေတဲ့

ရှဉ့်ညိုလး



Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း