လောကသာရပျို့
၄၁။ အပ္ပမေယျ၊ အနန္တလျှင်၊ ဆုံးစမတင်၊ ကမ်းမမြင်သား၊
ရေပြင်ဝန်းကျယ်၊ ပင်လယ်မြစ်မ၊ သမုဒ္ဒ၌၊ ငါးရာ့ငါးစင်း၊ မြစ်ခပင်းတို့၊ စင်းလျင်းမချာ၊
စီးဝင်လာသို့၊ ချမ်းသာဆိုက်ရောက်၊ မင်းဖြစ်မြောက်က၊ ထပ်လှောက်ရတနာ၊ များလှစွာသား၊ ဥစ္စာရွှေငွေ၊
အထွေအပြား၊ အပါးပါးလျှင်၊ ဝတ်စားတန်ဆာ၊ ရတနာတို့၊ မကြာမတင်၊ ရောက်လာကျင်၏၊ လိုချင်သမှု၊
မပြုလေကျင်၊ ပြည်ကြီးရှင်တို့၊ ဆင်ခြင်ကောင်းစွ၊ စိတ်လောဘကား၊ တရာ့တစင်း၊ ထီးဆောင်းမင်းကို၊
လက်ရင်းကြပ်သို၊ ကျွန်ပြုလိုရှင့်၊ သို့ကိုသော်လည်း၊ နည်းသည်နှင်နှင်၊ လိုအင်ပြည့်ခဲ၊
မရောင့်ရဲတည့်၊ ပြည်ထဲသနင်း၊ မင်းတို့ဘုန်းအား၊ စည်ပင်ပွား၍၊ ပြည်သားပြည်သူ၊ ပြောထူပစ္စည်း၊
ဖြင်ပည်းခိုင်ဖြီး၊ ကြွယ်မြောက်ပြီးမှ၊ သစ်သီးခက်ညွတ်၊ မှည့်မှဆွတ်သော်၊ ကောင်းမြတ်ရသာ၊
ချိုမြိန်စွာသို့၊ ပမာထို့ဟန်၊ မှည့်ခါတန်မှ၊ တုတ်ခွန်ခိုင်ပြွတ်၊ ပြည်သီးဆွတ်၍၊ ထိန်းမှတ်မင်းစား၊
တချို့ထားလော့၊ အများကျွေးမွေး၊ ဝေငှပေးသည်၊ ကျင့်ရေးတတ် လိမ်မာစေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment