''လူငယ်တွေကို ပျိုးထောင်ပါ''


“ ဂျီသြမေတြီသင်ခန်းစာများနှင့် လူငယ်တို့၏ကိုယ်ပိုင်ဥာဏ် ”
ရေးသူ= အောင်သင်း

ဂျီသြမေတြီပုစ္ဆာများကို တွက်ချက်ရာတွင် ကိုယ်တိုင်စဉ်းစား အားထုတ်သော အလေ့အကျင့်လိုအပ်ပါသည်။ ကျွန်တော်နှင့်နီးစပ်သော ဆယ်တန်းအောင်ပြီး ကျောင်းသားလူငယ်များအား ဂျီသြမေတြီပုစ္ဆာများကို ကိုယ်တိုင်အားထုတ်စဉ်းစားဖူးသလားဟု မေးကြည့်ရာ ကျွန်တော်တွေ့ရသလောက် တစ်ယောက်မျှ အားထုတ်ခြင်းမရှိခဲ့ဖူးပါ။
ကျွန်တော် နားလည်သလောက်ပြောရရင် ပညာသင်ကြားမှုဆိုသည်မှာ အကျိုးကိုတွေ့လျှင် အကြောင်းကိုရှာတတ်ခြင်း၊ အကြောင်းကိုတွေ့လျှင် အကျိုးကိုမှန်းဆတတ်ခြင်းဟူသော ကျိုးကြောင်းဆင်ခြင်မှုကို လေ့ ကျင့်ပေးခြင်းဖြစ်ပါသည်။ ဂျီသြမေတြီပုစ္ဆာတွင် ပေးထားချက်များ ပါရှိပါသည်။ ပေးထားချက်ကို ပြင်လို့မရပါ။ ပေးထားချက်များကို ပုံသေထားပြီး မေးခွန်းကို အဖြေထုတ်ရခြင်း ဖြစ်ပါသည်။ ဤအလေ့အကျင့်ကို ကျောင်းသားများ၏ဦးနှောက်တွင် စွဲသွားအောင် လေ့ ကျင့်ပေးခြင်းဖြစ်ပါသည်။
ထီထိုးသလို၊ နှစ်လုံးသုံးလုံး လောင်းကစားသလို ကံစမ်းခြင်းမျိုး မဟုတ်ပါ။ အခြေခံပေးထားချက် ခိုင်မာရပါမည်။ ထိုပေးထား ချက်ကိုအခြေခံ၍ မိမိဥာဏ်စွမ်းဖြင့် လိုအပ်ချက်ကို ရအောင်ရှာခြင်းဖြစ်ပါ သည်။ ယခုတော့ ကျောင်းသားအများစုမှာ ဂျီသြမေတြီဘာသာရပ်၏ ရည်မှန်းချက် ပျောက်သလောက် ဖြစ်နေပါသည်။ ဒီထက်ပို၍ ရင့်ရင့်သီးသီးပြောလိုက်ရလျှင် ဂျီသြမေတြီဘာသာရပ်ကို သင်ကြားနေခြင်း သည် ဘာအဓိပ္ပာယ်မျှ မရှိတော့ပါဟု ပြောလိုက်ချင်ပါတော့သည်။
ဂျီသြမေတြီသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ လက်သမား၊ ပန်းရန်ဆရာ၊ ပန်းပဲဆရာ၊ ပန်းချီဆရာ လုပ်ဖို့ မဟုတ်ပါ။ ကျောင်းသားကျောင်းသူအား လုံး ပေးထားချက်တို့ကို အခြေခံ၍ ကျိုးကြောင်းကြံဆ အဖြေထုတ်ရန် သာ ဖြစ်ပါသည်။ ထိုသို့သော နည်းပညာကို ကိုယ်ပိုင်ဦးနှောက်နှင့် စဉ်းစားလေ့ကျင့်ယူရမည်သာ ဖြစ်ပါသည်။ ဤစဉ်းစားပုံ စဉ်းစားနည်းမှာ တစ်သက်လုံး ဘ၀အတွက် အသုံးဝင်သော စဉ်းစားမှုဖြစ်အောင်၊ ဦးနှောက်ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးခြင်းသာ ဖြစ်ပါသည်။
ကျောင်းသင်ခန်းစာများတွင် ပထ၀ီပညာရပ်ကို သင်ကြားသည် ဆိုကြပါစို့။ တိုင်းပြည်တစ်ပြည်၏ တည်နေရာ၊ မြေပြင်နှင့်တောင် ကုန်း တောင်တန်းများ အနေအထား၊ ရာသီဥတုအခြေအနေ၊ သဘာဝ သစ်တောသစ်ပင်များ စသည့် ပေးထားချက်များကိုရလျှင် မည်သည့် သီးနှံများ စိုက်ပျိုးနိုင်သည်၊ မည်သို့သော မြေပေါ်မြေအောက်ထွက် ကုန်ပစ္စည်းများ ရရှိနိုင်သည်၊ ပြည်တွင်းပြည်ပ ကုန်သွယ်မှုစီးပွားရေးကို လုပ်ကိုင်နိုင်သည် စသည်ဖြင့် ဆင်ခြင်စဉ်းစားတတ်အောင် ဦးနှောက်ကို အရည်အသွေးမြှင့် တင်ပေးသည့် ဂျီသြမေတြီပညာရပ် ဖြစ်စေသင့်ပါသည်။
ဒီထက်ပို၍ပြောရလျှင် ကျောင်းသားကျောင်းသူဟူသမျှသည် မိမိတို့၏ဘ၀တက်လမ်းကို ကြံဆရှာဖွေရာ၌ပင် မိမိ၏ ဘ၀ပေး စီးပွားရေးအခြေအနေ၊ မိဘ၏ အရှိန်အ၀ါ၊ ပတ်ဝန်းကျင်စသည် တို့ကို ပေးထားချက်အဖြစ် အခြေခံထား၍ ဘ၀ခရီးကို သုံးသပ် ဆုံးဖြတ်နိုင်အောင် စဉ်းစားကြံဆတတ်သော ဦးနှောက်ပိုင်ရှင်များဖြစ်လာစေ ရန် ဦးနှောက်ကို လေ့ကျင့်ပေးသော ကျောင်းသင်ပညာရပ်ကြီး ဖြစ်ပါသည်။
နောက်ထပ်ပြီး ပြောလိုက်ရလျှင် အိမ်ထောင်ကြင်ဖက်ရွေးရာက အစ မိမိကြင်ဖော်၏ ကျန်းမာရေးအခြေခံ၊ ပညာရေးအခြေခံ၊ ဇွဲ၊ ၀ီရိယ စသည့် ကြိုးပမ်းမှုတို့ကို ပေးထားချက်အဖြစ်ယူဆ၍ ဘ၀ရှေ့ရေးကို မှန်းဆတွက်ကြည့်တတ်သော ဦးနှောက်များဖြစ်လာအောင် လေ့ ကျင့်ပေးခြင်းဖြစ်ပါသည်။ ဤသို့သော ဦးနှောက်လေ့ကျင့်ပေးသည့် ပညာရပ်၌ပင်လျှင် မေးခွန်းပုစ္ဆာများကို ကိုယ်တိုင်တွေးတောတွက်ချက်သည့် အလေ့အကျင့် မရှိကြပြီဆိုသောအခါ ဤဘာသာရပ်ကို သင်ကြားနေသည့် အတွက် အချိန်ကုန်တာသက်သက်ဖြစ်နေတော့သည်ဟု ကျွန်တော်ယူဆမိပါသည်။
စဉ်းစားတွေးတောတတ်သော၊ ကျိုးကြောင်းဆင်ခြင်တတ်သော လူငယ်တစ်ယောက်ဖြစ်လာလျှင် စာပေဖတ်ရှုသည်ကအစ ထိုဆင်ခြင်ဥာဏ်က ထိန်းကျောင်းပေးပါလိမ့်မည်။ ယုတ်စွအဆုံး အချစ်ဝတ္ထုတစ်ပုဒ်ကိုဖတ်လျှင်ပင် ဇာတ်ဆောင်ယောက်ျားလေး၊ ဇာတ်ဆောင်မိန်းကလေးတို့၏ အပြုအမူ၊ အပြောအဆိုတို့ကို အကဲဖြတ်မှန်းမသိ အကဲဖြတ်နေပါလိမ့်မည်။ အမှားအမှန်ကို သုံးသပ်နေမိပါလိမ့်မည်။
ထို့အတူ မှတ်ဖွယ်မှတ်ရာ သုတစာပေများကိုဖတ်လျှင်လည်း စာရေးသူ၏ ဆိုလိုချက်၊ ဆိုလိုရင်း စသည်တို့ကို မိမိ၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဝေဖန်တွေးတော ၍ မှားသည်၊ မှန်သည်၊ သင့်၏၊ မသင့်၏ စသည်တို့ကို ဆုံးဖြတ်တတ်လာ ပါလိမ့်မည်။
အတိုချုပ်ပြောရလျှင် ဂျီသြမေတြီသင်ခန်းစာများသည် လူငယ်တို့၏ကိုယ်ပိုင်ဥာဏ်ကို လှုံ့ဆော်တက်ကြွအောင် တွန်းအားပေးသော၊ လေ့ကျင့်ပေးသော သင်ခန်းစာများ ဖြစ်ပါသည်။ ဤကဲ့သို့မဟုတ်ဘဲ “ရေး၊ မှတ်၊ ကျက်၊ ဖြေ” သက်သက်သာ ဖြစ်နေလျှင်တော့ ဂျီသြမေတြီသင်သောအချိန်များသည် အလဟဿ ကုန်ဆုံးနေသော စာသင်ချိန်များသာ ဖြစ်နေပါလိမ့်မည်။
ယခုတော့ ပြင်ပကျူရှင်များ၊ စာသင်ဝိုင်းများ၊ စာကျက်ဝိုင်းများ စသည်များကလည်း မှိုပေါက်သလို ပေါ်လာသောကြောင့် စာသင်သားများ ဦးနှောက်ဖွံ့ဖြိုးရေးထက် စာမေးပွဲအောင်မြင်ရေးက ပဓာန ဖြစ်လာပါသည်။ ဒီတော့ “ရေး၊ ကူး ၊ ကျက်၊ မှတ်၊ ဖြေ” ဖော်မြူလာကြီးအတိုင်း တကြော်ကြော်အော်ပြီး ၀ိုင်းအော်၊ ၀ိုင်းကျက် စာသင်ဝိုင်းများ ဖြစ်လာ ပါလိမ့်မည်။ စာသင်ခြင်း၏ အဓိပ္ပာယ်သည်လည်း ပျောက်သွားပါတော့မည်။
“ လူငယ်နှင့် အသိပညာ ”
အောင်သင်း
Eternal Light Magazine
August 2014
''လူငယ်တွေကို ပျိုးထောင်ပါ''

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း