ချစ်တဲ့သူများအတွက်


ချစ်တဲ့သူများအတွက်
ကျား၊ မ ပညတ်ချက်က လူ့လောကအတွက် ပိုအရေးပါသလား။ လောကကောင်းကျိုးဆောင်ရွက်ပေးနိုင်ဖို့အတွက် သယ်ပိုးလိုစိတ်ကရော အဓိက မကျဘူးလား။ ပန်းတစ်ပွင့် ပွင့်ဖို့အတွက် ရေလောင်းသူက အဓိကလား။ ရေက အဓိကလား။ 
ဒီစာသားလေးတွေက နေရာ ဆိုတဲ့ ဝတ္ထုထဲက စာသားတွေပါ။ ဒီလိုရေးထားတဲ့အတွက် ကျွန်တော်က အားပေးအားမြှောက် ပြုသူတစ်ဦးလို့ မယူဆစေချင်ဘူး။ အဲဒီလိုပဲ ကဲ့ရဲ့ရှုတ်ချလိုသူတစ်ဦးလို့လဲ မဟုတ်ပါဘူး။ (တစ်ချိန်ကတော့ အပြင်းအထန်ကို မနှစ်မသက် ခံစားခဲ့ရဖူးပါတယ်)။ တချို့တွေက အရုပ်ထင်ဖို့ ဆေးစက်ချရတယ်။ တချို့တွေကျတော့လည်း ဆေးစက်ကျရာမှာ အရုပ်ထင်ပစ်လိုက်ရတာမျိုး မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာ ဘဝတွေပဲလေ။
နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ပိုင်ဆိုင်သည့်ဘဝလေးကို အကောင်းဆုံး ထုဆစ်စေချင်ပါသည်။ ကျွန်တော်က သိပ်ကောင်းသူ တစ်ဦးမဟုတ်ပါ။ သို့သော် ကျွန်တော်အရက်မသောက်။ မသောက်ခြင်းမှာ မသောက်တတ်၍ မဟုတ်ဘဲ မကြိုက်၍ မသောက်ခြင်းဖြစ်သည်။ ကျွန်တော့်မှာ အရက်သောက်သည့်သူငယ်ချင်းများ ရှိပါသည်။ သူတို့အနားယူ အပန်းဖြေချိန်တွင် သောက်ကြပါသည်။ ကျွန်တော်အားလပ်ချိန်တွင် သူတို့နှင့် စကားစမြည်ပြောဖြစ်ပါသည်။ ထိုအချိန်သည် သူတို့ဝိုင်းဖွဲ့ချိန်များဖြစ်သည်။ ဝိုင်းထဲတွင် မသောက်ဘဲရှိနေသည့် ကျွန်တော့်ကြောင့် သူတို့ အနှောင့်အယှက် မဖြစ်ကြပါ။ သူတော်ကောင်းဆောင်သူကြီးဟု မစွပ်စွဲသလို ငါ့ကိုခင်ရင်သောက်ပါဟု ဇွတ်တိုက်တွန်းတတ်သူများမဟုတ်သဖြင့်လည်း အဆင်ပြေသည်။ ကျွန်တော်ဆိုလိုသည်က ကိုယ်နှစ်သက်၍လုပ်သည့်အလုပ်ကို ပျော်ပျော်ရွှင်ရွှင် နှစ်နှစ်သက်သက်လုပ်သွားစေလိုခြင်းသာဖြစ်သည်။
အထီးကျန်တစ္ဆေဆိုသော အက်ဆေးလေးရေးရန် စိတ်ကူးနေစဉ် သူငယ်ချင်းတစ်ဦးထံမှ မက်ဆေ့ခ်ျလေးဖတ်မိရာမှ ဤစာလေးကို ရေးဖြစ်သွားခြင်းဖြစ်သည်။ သူငယ်ချင်း၏ ရိုးသားပွင့်လင်းမှုအတွက်လည်း ကျေးဇူးတင်သည်။ သူဝန်ခံထားသည်မှ သူက သမားရိုးကျဘဝကို ဖြတ်သန်းနေသူမဟုတ်ဆိုတာကို ဖြစ်သည်။ Block နိုင်ပါသည်ဟုလည်း ရေးထားသေးသည်။
ရိုးသားပွင့်လင်းသည့် သူငယ်ချင်းတစ်ဦးကို ကျွန်တော် အဆုံးရှုံးမခံလိုပါ။ မတူညီသည့် (Life Style)ကြောင့် သူတပါးထက်နိမ့်ကျသည်ဟု မမှတ်ယူစေချင်သလို ရိုင်းပြသူတစ်ဦးလည်း မဖြစ်စေချင်ပါ။ ကျွန်တော်တို့ သူငယ်ချင်းအဖြစ် ဆက်လက် ခင်မင်နိုင်ပါသည်။ ထို့အတူ သူငယ်ချင်းတတ်သည့် အတတ်ပညာဖြင့် အတော်ဆုံးသူတစ်ဦးအဖြစ် အများအကျိုးဆောင်ရွက်ကာ ဘဝကို ထုဆစ်စေချင်ပါသည်။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၃.၂.၂၀၁၆ ၁း၂၄မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း