ဆေးလိပ်ပြာခွက်လေး



ဆေးလိပ်ပြာခွက်လေး

ကျွန်တော့်မှာရှိသည့် ဆေးလိပ်ပြာခွက်လေးအကြောင်း မပြောမီ  ပြောပြချင်သည့် အကြောင်းအရာ တစ်ခုရှိ ပါသည်။ ထိုအကြောင်းအရာမှာ ဆေးလိပ်ဖြစ်သည်။ ဆေးလိပ်ဟု ဆိုသော်လည်း ကျွန်တော် သောက်ရှူခဲ့ဖူးသည်မှာ စီးကရက်ဖြစ်သည်။ ထို့ကြောင့် စီးကရက်အကြောင်းကို ပြောပြပါ မည်။  စီးကရက်တွင် ကာဗွန်နစ်အက်ဆစ်နှင့် နီကိုတင်းဓာတ်တို့ ပါသည်ကို သိသည်။ ထိုသို့ မသိခင် ကတည်းက ဆေးလိပ်သောက်ခဲ့သူဖြစ်သည်။   ကျွန်တော်နှစ်ခြိုက်စွဲမက်စွာ သောက်သည့် စီးကရက်များ တွင် ဓာတုဗေဒအဆိပ်များ ပါနေသည်ကို သိပြီးသည့် နောက်ပိုင်းတွင်လည်း ကျွန်တော်ကတော့ သောက်မြဲပင် ဖြစ်သည်။ 
ကျွန်တော့်ဖေဖေသည် ဆေးလိပ်သောက်သူ တစ်ဦးမဟုတ်ပါ။ မေမေသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကျွန်တော့်အဖွားကတော့ ဆေးလိပ်သောက်သူ တစ်ဦးဖြစ်သည်။ ကျွန်တော် ဆေးလိပ် သောက်တတ်ခြင်းမှာ အဖွားကြောင့် သောက်တတ်ခြင်းလည်း မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ခါမျှပင် ဆေးလိပ်မီးညှိခိုင်းခြင်း မရှိသောကြောင့်ဖြစ်သည်။ အဖွားဆေးလိပ်သောက်ပုံကိုကြည့်၍လည်း အားမကျသည်လည်းတစ်ကြောင်းဖြစ်သည်။

ကျွန်တော်က လူဆိုးလေးပါဟု သတ်မှတ်ရန် မလွယ်သော်လည်း လူကောင်းလေးပါဟု တံဆိပ်ကပ်ရန်အတွက်လည်း ခက်ပါသည်။ (၈)တန်းနှစ်တွင် ကျောင်းသွားရင်း လမ်းတွင်ကျနေသည့် စီးကရက်ဗူးလေးကို တွေ့မိသည်။ ရွှေအိုရောင် ပြောင်လက်တောက်ပနေသည့် ဗူးလေးဖြစ်သည်။ စက်ဘီးပေါ်မှဆင်းကာ ကောက်ယူမိသည့်ခဏ အထဲတွင် ဘာမျှမပါဆိုသည်ကို သိလိုက်သည်။ ဗူးခွံလေးကို ပြန်လွှတ်ပစ်ခဲ့သော်လည်း ရင်ထဲတွင် ဆန္ဒတစ်ခုက ကပ်လျက်ပါလာသည်။ နောင်တစ်ချိန် ဆေးလိပ်သောက်ခဲ့လျှင် ထိုအမျိုးအစားလေးကို သောက်မည်ဟု ဆုံးဖြတ်မိခြင်းဖြစ်သည်။ ကျွန်တော် ကောက်ယူခဲ့ဖူးသည့် ဗူးခွံလေး၏ အမည်မှာ (London) ဖြစ်သည်။ 
(၉)တန်းနှစ်တွင် ကျွန်တော် လက်ဖက်ရည်ဆိုင် စ-ထိုင်ဖြစ်သည်။ လူကြီးမိဘများနှင့် မဟုတ်ဘဲ ကိုယ့်သဘောနှင့်ကိုယ် ထိုင်ခြင်းဖြစ်သည်။ ထိုသို့ ထိုင်ရန်အတွက် သူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်ရ သေးသည်။ ကံကောင်းသည်မှာ သူငယ်ချင်းဆိုသူက နှစ်ခါမခေါ်ရသည့် သူငယ်ချင်းဖြစ်နေခြင်းပင် ဖြစ်သည်။ ထိုထက်ပို၍ ကံကောင်းသည်မှာ ကျွန်တော်အချစ်ဆုံး ထိုသူငယ်ချင်းသည် မကြာခဏ လက်ဖက်ရည်ဆိုင်ထိုင်တတ်သလို ဆေးလိပ်ကိုလည်း ၀ါရင့်၊ သမာရင့် သောက်တတ်နေသူဖြစ်သည်။
ထို့နောက်မှာတော့ လက်ဖက်ရည်ဆိုင်ကို မကြာခဏ အတူတကွ ထိုင်ဖြစ်ကြသည်။ မထူးခြားသည့် ဇာတ်လမ်းလေးကို ဆက်ပြောရမည်ဆိုလျှင် ကျွန်တော်ချစ်သည့် သူငယ်ချင်းလေး ထံမှ ဆေးလိပ် သောက်နည်းအတတ်ပညာကို သေချာသင်ယူလိုက်ပါသည်။ ကျွန်တော်ချစ်သော၊ ဆရာဟု ၀န်မခံ သည့်တိုင် ဆရာတင်ထားသော သူငယ်ချင်းလေးကလည်း သေချာစွာ သင်ကြားပေးသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့်ကို အားနာလာသောကြောင့်ဖြစ်သည်။ ကျွန်တော်တို့ မကြာခဏ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသည်။ ကျွန်တော်ရှင်းသည့် အလှည့်တိုင်း သူ၏ဆေးလိပ်ဖိုးကို ပိုရှင်းပေးနေရသောကြောင့် ဖြစ်သည်။ သူငယ်ချင်းက ဆေးလိပ်သောက်ရန် မတိုက်တွန်းသော်လည်း ကျွန်တော် ဆေးလိပ် သောက်နည်းမေးသည့် အခါတွင်တော့ သေချာပြောပြပါသည်။
အစဦးပိုင်းတွင် မီးခိုးငွေ့ကို ရှိုက်သွင်းလိုက်သည့်အခါတိုင်း သီးသည်။ ချောင်းဆိုးချင်သလို
ခံစားရသည်။ ထို့နောက်များမှာတော့ ဆေးလိပ်ကောင်းစွာ သောက်တတ်သွားပါသည်။ ကျွန်တော်ချစ်သည့် သူငယ်ချင်းလည်း မျက်နှာပူ သက်သာသွားပါသည်။ ကျွန်တော်မြို့မှာရှိသည့် တံဆိပ်အမျိုးမျိုးနှင့် ဖက်ကြမ်းဆေးလိပ်မျိုးစုံကို စမ်းသောက်သည်။ ကျွန်တော် မကြိုက်။ ကျွန်တော့်သူငယ်ချင်းကတော့ အနုလည်းသောက်သည်။ သို့သော် အကြမ်းသမားဖြစ်သည်။ သူငယ်ချင်းကို ချစ်သော်လည်းဆေးလိပ် ကိုတော့ အနုပဲရွေးဖြစ်သည်။ မသောက်တတ်ခင်ကတည်းက ရွေးချယ်ထားသည့် (London) စီးကရက်ကိုပဲ ရွေးချယ်ဖြစ်ခဲ့သည်။ 
ထိုအချိန်က (London) စီးကရက်၏ အခြေအနေမှာ ယနေ့ခေတ်အခြေအနေမျိုး ဖွာစုတ်စုတ် မဟုတ်။ အရောင်ရင့်ရင့် အစီခံတွင် အပြောက်အမွမ်းလေးများက လိုက်ဖက်သည်။ စက္ကူသား အဖြူလေး သည်လည်း အရစ်အရစ်နှင့် ချစ်စရာကောင်းသည်။ ဆေးသားလေးများကလည်း သိပ်သည်းသည်။ အရသာကလည်း လေးပင်သည်။ မသောက်ခင် စီးကရက်လေး ကို နှာဖျားအောက်တွင်ထားကာ ပွတ်ဆွဲနမ်းရှိုက်ကြည့်မည် ဆိုပါက ဆေးလိပ်မသောက်သူများ မထောက်ခံနိုင်သည့် စီးကရက်နံ့ မွှေးမွှေးလေးကို ရသည်။ သုံးရှိုက်လောက် ရှိုက်ပြီးသည်နှင့် ယစ်သည့်အရသာလေးကို ခံစားရလာသည်။ သောက်ကာစ အချိန်တုန်းကတော့ ထိုသို့ယစ်တတ်သည်ကို မသိ၍ အနည်းငယ်ထိတ်လန့်ခဲ့ဖူးသည်။ အစီခံပတ်နှင့် ဆေးသားပတ်သည့် စာရွက်တို့ တစ်လိုင်းထဲကျလျှင် ရှယ်လိပ် ဟု မည်သူက ပြောမှန်း မသိသော်လည်း လက်ဖက်ရည်ဆိုင်ထိုင်၍ စီးကရက်သောက်တော့မည်ဆိုလျှင် ထိုစီးကရက်ကို ရှာတတ်သေးသည်။
(Triple Five) ကိုလည်း သောက်ကြည့်သည်။ (Marlboro) လည်း သောက်ကြည့်သည်။ (Lucky Strike) ကိုလည်း သောက်ကြည့်သည်။ အားလုံးကို (London) လောက် မကြိုက်သည်မှာ သေချာသည်။ (Lucky Strike) ကိုတော့ အနည်းငယ် ကြိုက်သည်။ ထိုအချိန်က နှစ်မျိုးလာသည်။ (Lucky) ရိုးရိုးနှင့် (Light) ဖြစ်သည်။ (Lucky Light) က အစီခံအဖြူရောင်နှင့် ပရုတ်ပါသောကြောင့် သောက်သည့်အခါ တစ်မျိုးလေးဖြစ်သည်။ ကျွန်တော့်မုန့်ဖိုးသည် သူငယ်ချင်းများစုထိုင်သည့်ဝိုင်းကို မရှင်းနိုင်သော်လည်း သူငယ်ချင်းတစ်ယောက်ကိုတော့ လက်ဖက်ရည်သောက်၊ မုန့်စားကာ စီးကရက်အ၀တိုက်နိုင်သော ပမာဏဖြစ်သည်။ စီးကရက်တွေကလည်း သောက်ပျော်သည့် နှုန်းဖြစ်သည်။ (Triple Five) ဆိုလျှင် ဆယ့်ငါးကျပ်၊ (Lucky) ဆိုလျှင် ငါးကျပ်နှင့် (London) ဆိုလျှင် လေးကျပ်ဖြစ်သည်။ တစ်ဗူးဝယ်လျှင် ခုနှစ်ဆယ်မျှသာ ပေးရသည်။ အထက်တန်းကျောင်းသားဘ၀တွင် ဗူးလိုက်ဝယ်သောက်သည်မှာ မရှိသလောက်နည်းပါးသည်။ အိမ်ကမသိအောင် ဖွက်ရသည်မှာ မလွယ်သောကြောင့် ဖြစ်သည်။
စီးကရက်သောက်သည်မှာ အရည်မရ၊ အဖတ်မရဟု ဆိုသော်လည်း အရသာတော့ ရှိပါသည်။ ထိုထက်ပို၍ အရသာရှိသည်မှာ စီးကရက်သောက်သူအချင်းချင်း ထိုင်၍ ဆွေးနွေးငြင်းခုန်သော အကြောင်းအရာများသည် လေးနက်သယောင်ထင်ရခြင်းဖြစ်သည်။ ထို့ပြင် စီးကရက်သောက် တတ်ပြီးနောက် သူငယ်ချင်းများလည်း တိုးလာသည်။ ဟိုအရင်က လက်ဖက်ရည်ဆိုင်ထိုင်မည်ဆိုလျှင် သူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်ရသေးသည်။ ယခုတော့ ထိုင်နေကြလက်ဖက်ရည်ဆိုင်သို့ တစ်ယောက်တည်း ထွက်ခဲ့လိုက်သော်လည်း ခပ်ကြောင်ကြောင်ဖြစ်မှာ မစိုးရိမ်ရတော့။ အတွင်းဘက်ရှိ အဖြူအစိမ်းနှင့် ၀ိုင်းတစ်ဝိုင်းမှ ကိုယ့်နာမည်ကို လှမ်းခေါ်မြဲဖြစ်သည်။
ကျွန်တော်က စာတော်သော ကျောင်းသားတစ်ဦး မဟုတ်ပါ။ ထို့အတူ အားကစားတွင်ထူးချွန်သည့် ပေါ်ပြူလာဖြစ်သည့် အထဲတွင်လည်း မပါခဲ့ချေ။ ရုပ်ရည်သန့်ပြန့်ချောမောသူလည်း မဟုတ်သောကြောင့် သူငယ်ချင်းမလေးများ ပါးစပ်ဖျားတွင် ရေပန်းမစားခဲ့သည်မှာလည်း သေချာသည်။ ရန်မကြာခဏ ဖြစ်တတ်သော၊ သနပ်ခါးဘဲကြားကြီးများလိမ်းကာ ပုဆိုးချက်လျောဝတ်သည့် ကျောင်းသားဒီဇိုင်း လန်းလန်းကြီးကိုလည်း မဆင်ယင်တတ်သောကြောင့် အပေါင်းအသင်းလည်း လွန်စွာနည်းခဲ့လေသည်။ လက်ဖက်ရည်ဆိုင်ထိုင်တတ်၊ ဆေးလိပ်သောက်တတ်ပြီးနောက်မှ ကိုယ့်နာမည်ခေါ်သံကို  မကြာခဏ ကြားလာရခြင်းဖြစ်သည်။
ဆယ်တန်းရောက်သောအခါ ကျွန်တော် ကျောင်းပုန်းတတ်လာသည်။ သူငယ်ချင်းလည်း ပို၍ များလာသည်။ စီးကရက်များကိုလည်း ပို၍သောက်ဖြစ်လာသည်။ အိမ်က မသိအောင် ခိုးသောက်နေရဆဲ ဖြစ်သည်။ သူငယ်ချင်းတချို့က ၎င်းတို့မိဘရှေ့တွင် သောက်နေကြပြီဖြစ်သည်။ ဘယ်ကဲ့သို့ အစပျိုးကာ ဘယ်ပုံသောက်ရမည်ကို သူငယ်ချင်းများက သင်သည်။ သို့သော် ကျွန်တော်လိုက်မလုပ်ဖြစ်။ တချို့တွေက ပြောသည်။ မိဘကွယ်ရာမှာလုပ်သည်က ပို၍ မလေးစားရာရောက်သည်ဟု ပြောကြသည်။ ထိုအယူအဆကိုတော့ ကျွန်တော်လက်မခံနိုင်။ မည်သည့် မိဘမျှ သားသမီးဆေးလိပ်သောက်သည်ကို သဘောကျနှစ်ခြိုက်လိမ့်မည်မဟုတ်ဆိုတာ သေချာသည်။ 
မိဘတွေ မနှစ်သက်သည့် အပြုအမူကို ရှေ့တွင်လုပ်ဆောင်နေခြင်းက ပို၍ မလေးစားရာ ရောက်သည်ဟု ကျွန်တော်ထင်သည်။ ထို့ကြောင့် ကျွန်တော်ခိုးသောက်သည်။ ဆယ်တန်းစာမေးပွဲတွေပြီး၍ ပြင်ပစာပေများကို ဖတ်ဖြစ်လာသည်။ တစ်ဦးတစ်ယောက်ကိုကြောက်၍ ခိုးကြောင်ခိုးဝှက်လုပ်နေရသည့် အရာမှန်သမျှကို မနှစ်သက်တော့။ ဆရာတော် ဦးဇောတိက၏လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ ဆိုသော စာအုပ်လေးကို ဖတ်မိသည်။ စာအုပ်ထဲတွင် ဆရာတော်ရေးထားသည်က ဆေးလိပ်သောက်တယ် ဆိုတာ တကယ်တော့ ကိုယ့်ကိုယ်ကို အရစ်ကျစနစ်နဲ့ သတ်နေတာ ဟူ၍ ဖြစ်သည်။  ကျွန်တော် ဆေးလိပ်ဖြတ်သည်။ ဆရာတော်၏ စာသားလေးကိုလည်း နားထဲတွင် စွဲသွားသည်။ ဆယ်တန်း အောင်စာရင်းတွေထွက်တော့ ကျွန်တော့် ဆရာသူငယ်ချင်း ကျသည်။ ထို့နောက် ထပ်ကျသည်။ ဒီတစ်ခါကျသည်က အိမ်ထောင်ဖြစ်သည်။ 
မင်္ဂလာဆောင်တွင် ကူလုပ်ပေးနေသည့် ကျွန်တော့်ကို ဆေးလိပ်တိုက်သည်။ ငြင်းသည်။ မရ။ ငါ့ မင်္ဂလာဆောင်မို့ တိုက်တဲ့ဆေးလိပ်ပါကွာ၊ မင်္ဂလာဆေးလိပ်လေး သောက်စမ်းပါကွ ဆိုသော စကားတစ်ခွန်းက ဆေးလိပ်သောက်တာ ကိုယ့်ကိုယ်ကို အရစ်ကျစနစ်နဲ့ သတ်နေတာ ဆိုသော ဆရာတော် ဦးဇောတိက၏ နားထဲစွဲနေသည့် စာသားတို့ လွင့်ဝဲသွားစေခဲ့သည်။ ထို့နောက်မှာတော့ ကျွန်တော် ဆေးလိပ်ပြန်သောက်ဖြစ်သည်။ တက္ကသိုလ်တက်သည့်အခါ ဗူးလိုက်ဝယ်သောက်ဖြစ်သည်။ မီးခြစ်ကိုလည်း ဇစ်ပိုမီးခြစ်ကိုသာ သုံးသည်။ 
ထိုအချိန်က ကျွန်တော် ကရာတေး ကစားသည်။ (၇)တန်းဖြေပြီး နွေကျောင်းပိတ်တွင် တက်သည်မှစကာ ထိုအချိန်ထိတိုင် ကစားသည်။ တစ်ခါတစ်ရံ သင်တန်းမရောက်မီ လမ်းတွင် ဆေးလိပ်သောက်သည်။ (Training) မပျက်သည်မို့ သက်လုံမကောင်းသည်ကို သိပ်မသိသာလှ။ အများထက် ချွေးပိုထွက်သည်ကိုတော့ သတိထားမိသည်။ လက်ဖက်ရည်ဆိုင် ပိုထိုင်ဖြစ်သည်။ ဆေးလိပ်ပိုသောက်ဖြစ်သည်။ တစ်ဦးတစ်ယောက်ကို စောင့်ဆိုင်းနေစဉ် ဆေးလိပ်ကို ပို၍ ပို၍ သောက်ဖြစ်သည်။
အိမ်နှင့်ခပ်လှမ်းလှမ်းရှိ ကားဂိုထောင်တွင် ညီဝမ်းကွဲတစ်ယောက်နှင့်အတူ ပြောင်းနေသည်။ ညအခါ ချစ်သူဓာတ်ပုံလေးကြည့်ရင်း ဂစ်တာတီးသည်။ ဆေးလိပ်သောက်သည့်အခါ ပြာများကို ချစ်သူလက်ဆောင်အဖြစ်ပေးထားသည့် ဆေးလိပ်ပြာခွက်လေးထဲသို့ ချွေသည်။ ကျွန်မကို ချစ်ရင် ဆေးလိပ်မသောက်နဲ့ကွယ်ဆိုသော အများသုံးဘာသာစကားကို ကျွန်တော်က မယုံကြည်သူဖြစ်သည်။ ထို့အတူ ရှေ့တွင်လိမ္မာချင်ယောင်ဆောင်ကာ ကွယ်ရာမှသောက်တတ်သူ မဟုတ်ခဲ့ချေ။ ထို့ကြောင့် ဆေးချေးတို့က အဆုတ်ထက်တွင် တစ်ရစ်ပြီးတစ်ရစ် တက်လာခဲ့သည်။
စီးကရက်သောက် များလာသည့်အခါ သောက်စတုန်းကလို အရသာ မတွေ့တော့။ ထို့ကြောင့် အုန်းထန်းလျက်လုံးလေးကို အိတ်ထဲတွင် ဆောင်ထားရသည်။ ထန်းလျက်တစ်ကိုက် ကိုက်လိုက်၊ စီးကရက်တစ်ဖွာ ရှိုက်လိုက်နှင့် ဖြစ်လာသည်။ ကျန်းမာရေးဆုတ်ယုတ်မှုက တိုးတက်လာသည်။ စီးကရက် တစ်ဖွာရှိုက်လိုက်သည်နှင့် လူကပျို့တက်လာသည်။ အန်ချ၍လည်း မရ။ တစ်ခါရှိုက်၊ တစ်ခါပျို့ဖြစ် လာသည်။ ထို့နောက် ကိုးထစ်မျှရှိသည့် လှေကားကိုတက်ပြီးသည်နှင့် မောသွားသည်ကို သတိထားမိသည်။ ရင်ခုန်သံတွေ တဒိတ်ဒိတ်ဖြစ်နေသည်ကို နားမှကြားယောင်မိသည်။ သို့သော် ကျွန်တော် ဆေးလိပ်ဖြတ်ဖို့ စိတ်ကူးမဝင်သေး။
အိမ်ထောင်ကျပြီး (၄)နှစ်ခန့်ရှိသည်အထိ ကျွန်တော် ဆက်သောက်သည်။ (၂၀၀၈)တွင် သူငယ်ချင်းမလေးတစ်ဦး မင်္ဂလာဆောင်ဖိတ်၍ ရေဦးသို့သွားသည်။ တက္ကသိုလ်တက်စဉ်တုန်းက တစ်အုပ်စုထဲဖြစ်သည်။ သူမကိုတစ်ဖက်သတ်ကြွေခဲ့သည့် ကျွန်တော့်သူငယ်ချင်းလည်း လာနိုင်သည်။ ဖိတ်ထားသည်ဟုလည်း သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းများ မဆုံဖြစ်ကြလျှင်တောင် မင်္ဂလာဆောင်၊ အလှူပွဲများ လုပ်လျှင် မရောက်ရောက်အောင် လာကြမည်ဟု နောက်ဆုံးနှစ်စာမေးပွဲ ကျင်းပကာနီးတွင် ကတိကဝတ်များ ထားခဲ့ကြဖူးသည် မဟုတ်လား။ ယခုတော့ ထိုကတိတို့ မတည်နိုင်ကြတော့။
          ဖော်ရွေပျူငှာသည့် ရေဦးမှ သူငယ်ချင်းများကြားတွင် ကျွန်တော့်မှာ အထီးကျန်ခံစားချက်တို့ ဖြစ်တည်နေသည်။ ကျွန်တော် တစ်ခုခုကို ခံစားနေရသည်။ ထိုခံစားချက်သည် ဘာမှန်းမသိ။ သူငယ်ချင်းတွေ မဆုံနိုင်ကြတော့တာကို စိတ်မကောင်းဖြစ်နေတာလား။ ဒါမှမဟုတ် သူငယ်ချင်းတွေဆုံပြီး ပျော်ရွှင်ရယ်မောမိသည့် ခံစားချက်တို့ကို အမှတ်ရနေတာလား။ ကျောင်းသားဘဝ သူငယ်ချင်းများကို တမ်းတနေတာလား။ အချိန်တွေ အကုန်မြန်လွန်းတာကို အံ့သြနေတာလား။ ဖီလင်တစ်ခုခုကြောင့် ကျွန်တော်တစ်မျိုးဖြစ်နေသည်ကို သိသည်။ ထို့ကြောင့် ရေဦး၏လမ်းမထက်တွင် စီးကရက်ခဲရင်း လမ်းလျှောက်သည်။ အတွေးတို့က လွင့်လွင့်ဝဲဝဲ။ ကျွန်တော်မှုတ်ထုတ်လိုက်သည့် စီးကရက်မီးခိုးများသည် တစ်ချိန်က ရေဦးမြို့ပေါ်တွင် ပျော်ရွှင်ပေါ့ပါးစွာ မှုတ်ထုတ်ခဲ့ဖူးသည့် စီးကရက်မီးခိုးများနှင့် ပေါင်းစည်း သွားနိုင်သလား။ ကျွန်တော် မသိပါ။ ထိုနေ့ညက စီးကရက်မီးခိုးများကြားမှ လကိုကြည့်ရသည်မှာ အထီးကျန်ကာ ဝမ်းနည်းနေသည်ကို ကျွန်တော်သိသည်။
          မနက်ဖြန်တွင် မင်္ဂလာဆောင်မည့် သတို့သမီးလောင်း သူငယ်ချင်းမလေးသည် ဟိုတုန်းကလို သူငယ်ချင်း အချင်းချင်း လွတ်လပ်ပေါ့ပါးစွာ စကားပြောချင်နေသည်ကို ကျွန်တော်သိသည်။ ဧည့်ဝတ်ကျေပွန်လိုသည်ထက် သူငယ်ချင်းနှင့် ရောက်တတ်ရာရာ စကားပြောလိုခြင်းသာဖြစ်သည်။ ကျွန်တော် သူမကိုကြည့်သည့်အခါ ပျော်ရွှင်ကျေနပ်နေသည်ကိုတွေ့ရသည်။ သို့သော် ထိုပျော်ရွှင်မှုသည် ချည်နှောင်မှုတစ်ခုဖြစ်နေသည်။ ကျွန်တော်မြင်နေရသည့် ထိုချည်နှောင်မှုကို သူမကလည်း သိမြင်နေသည်။ ရေဦးသည် ဟိုတုန်းကထက်ပို၍ စည်ကားနေသည်။ ကတ္တရာလမ်းများကလည်း ပို၍ဖြူးဖြောင့်နေသည်။ အဆောက်အဦးများကလည်း ပို၍ခိုင်ခံ့ကာ တောက်ပလာသည်။ သို့သော် ကျွန်တော့်အတွက် ခြောက်ကပ်သည့် မြို့ဖြစ်သွားသည်။ ရေဦးသည် ဟိုတုန်းကလို မဟုတ်တော့။ နောင်ဘယ်တော့မှ မလာတော့ဟု ဆုံးဖြတ်မိသည်အထိ အထီးကျန် ခြောက်သွေ့လွန်းသည့်မြို့ဖြစ်သည်။ ကျွန်တော်သည်၊ ကျွန်တော့်သူငယ်ချင်းမလေးသည် တစ်ဦးတစ်ယောက်ကို သတိရနေသည်။ သို့မဟုတ် သူငယ်ချင်းများကို သတိရနေသည်။ စီးကရက်ကို နာနာရှိုက်ရင်း စီးကရက်မီးခိုးများကြားသို့ လေပူများကို မှုတ်ထုတ်မိချိန် လည်း ဖြစ်သည်။
          သူငယ်ချင်း၏ မင်္ဂလာပွဲပြီးသည်နှင့် ကျွန်တော်ချက်ခြင်းပင် ပြန်ဖြစ်ခဲ့သည်။ တစ်ချိန်က အားလုံး၏ရင်တွင် ချစ်သူရည်စားဟူသည် သူငယ်ချင်းဆိုသည့် ခေါင်းစဉ်အောက်မှ ခေါင်းစဉ်ခွဲလေး တစ်ခုမျှသာဖြစ်သည်။ ယခုတော့ ထိုသို့မဟုတ်နိုင်ကြတော့။ ကျွန်တော်တို့ကို ချစ်သည့်၊ ကျွန်တော်တို့က ချစ်သည့် ဆိုင်သူများက ပိုင်သွားကြပြီဖြစ်သည်။ သူတို့အတွက် ကျွန်တော်တို့ ရှင်သန်ရဦးမည် မဟုတ်လား။ မြို့နှစ်မြို့ကြား (၅၄)မိုင် လမ်းမကြီးထက်တွင် စီးကရက်ခဲရင်း ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်သည် ရင်ခေါင်းထဲမှနေ၍ သိစိတ်အာရုံအားလုံးဆီသို့ လှိုင်းထတုန်ခါနေသည်။
          “ ဆေးလိပ်မသောက်တော့ဘူး …”
          ထိုနေ့သည် (၂၀၀၈) အောက်တိုဘာ(၂၁)တွင် ဖြစ်သည်။ မည်သည့်အရာမျှ မတည်မြဲသည့် ကမ္ဘာကြီးတွင် ကျန်းမာရေးအတွက် မကောင်းဘူးဟု သိနေသည့် ဆေးလိပ်သောက်သည့်အကျင့်က ကျွန်တော့်ထံမှာ အဘယ့်ကြောင့် စွဲမြဲနေရသနည်း။ ကျွန်တော် ပီကေမဝါး၊ ကွမ်းမစားဘဲနှင့် ယတိပြတ် ဖြတ်ပစ်လိုက်သည်။ ကျွန်တော်ချစ်သော၊ ကျွန်တော့်ကိုချစ်သော သူများအတွက် ကျန်းကျန်းမာမာနှင့် ရှင်သန်ဖို့ လိုပါသေးသည်။ ထို့အတူ သူတို့အတွက် ကောင်းမွန်သည့်အရာများနှင့် လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်မှာ တာဝန်ရှိသည်။
          ဆေးလိပ်ဖြတ်ကာစ ကာလများသည် အနည်းငယ် ယောင်ချာချာနိုင်သည်မှအပ အစစ၊ အရာရာ ပိုကောင်းလာသည်ကို ကျွန်တော်ခံစားမိလာသည်။ မကြာခဏ ဆေးလိပ်သောက်ဖြစ်တော့မယောင် မက်သည့် အိပ်မက်များကြောင့် စိတ်ပင်ပန်းသည်မှအပဖြစ်သည်။ (၁၂)နှစ်မျှ သောက်ခဲ့သည့် ဆေးလိပ်ကိုဖြတ်လိုက်သည့်အခါ ဝါကြန့်ကြန့် လက်ဖဝါးသည် သွေးရောင်လွှမ်းလာသည်။ ဝါကျင်ကျင် လက်သည်းများကလည်း အရောင်ပြောင်းလာသည်။ အဆုတ်အတွင်းမှ နစ်ကိုတင်းဓာတ်တို့ ပါးလျလာသည်။ ဆေးလိပ်သောက်စဉ်က အသုံးပြုခဲ့သည့်အတိုင်း ငွေကြေးတို့ကို သပ်သပ်ဖယ်ကြည့် သည့်အခါ လကုန်ရက်တွင် စုဆောင်းမိသည့် ပမာဏကိုကြည့်၍ အံ့သြဘနန်းဖြစ်ရသည်။ 
          ယခုအခါတွင် ကျွန်တော့်ထံ၌ အပိုဖြစ်နေသည့် ဆေးလိပ်ပြာခွက်လေးရှိပါသည်။ ချစ်ဇနီးထံမှ အပျိုလူပျိုဘဝတွင် ချစ်သက်လက်ဆောင်အဖြစ်ပေးသည့် လက်ဆောင်များထဲမှ တစ်ခုဖြစ်သည်။ ဘယ်တော့မှ တစ်ခြားလူထံရောက်မသွားသင့်သည့် အမှတ်တရလေးလည်းဖြစ်သည်။ သို့သော် ထိုအရာလေးသည် ကျွန်တော့်အတွက် လုံးဝမလိုအပ်တော့သည့် ပစ္စည်းလေးလည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ပိုင်ရှင် ချစ်ဇနီးသည် အစဉ်ထာဝရ အနားမှာရှိနေသူ ဖြစ်သောကြောင့် ဖြစ်သည်။
          ဆေးလိပ်ပြာခွက်လေး၏ ချည်နှောင်မှုကို ခံယူနိုင်မည့်၊ သို့မဟုတ် ဆေးလိပ်ပြာခွက်လေးကို လက်ခံယူမည့် ပိုင်ရှင်သစ်တစ်ယောက်ကို လိုအပ်နေပါသည်။ ထိုသူမှာ ချစ်ခင်နှစ်သက်သူတို့၏ ချစ်ခြင်းမေတ္တာကို လစ်လျူရှုကာ ဆေးလိပ်သောက်မြဲသောက်နေသည့် သူတစ်ဦးဖြစ်မည်။ သို့မဟုတ် ဘဝမှာ တွယ်တာစရာမရှိသည့်၊ ဘဝ၏ ကောင်းမွန်သည့် အခြားအစိတ်အပိုင်းများကို မခံယူနိုင်သဖြင့် ဆေးလိပ်ကိုတွင်တွင်ဖွာနေသည့် လူစားမျိုးလည်း ဖြစ်မည်။
“ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည် ”
ဆိုသော စာတန်းကို ဖတ်ကာ မခိုးမခန့်ပြုံးရင်း ဆေးလိပ်မီးညှိနေသည့် ပတ်ဝန်းကျင်ကို အဆိပ်ခတ်နေသော မာကျောသည့် နှလုံးသားပိုင်ရှင်သည် သင်ဖြစ်ခဲ့မည်ဆိုပါက ကျွန်တော့်ထံတွင်ရှိသည့် ဆေးလိပ်ပြာခွက်လေးကို သင်၏မိုက်ရိုင်းယုတ်မာသည့် စိတ်နှလုံးအတွက် ဂုဏ်ပြုသည့် အထိမ်းအမှတ် အဖြစ် ပေးအပ်လိုပါသည်။ တန်ဖိုးအားဖြင့် များစွာထိုက်တန်မည် မဟုတ်သော်လည်း ဂုဏ်ပြုဆု ဖြစ်နေသဖြင့် ထိုဆုကလေးကို သင်ရယူရန် ထိုက်တန်သည်ဟု ယူဆမိပါလျှင် သင်ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ……။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း