ကျွန်တော်ချစ်တဲ့ မြို့ကလေး



 ကျွန်တော်ချစ်တဲ့ မြို့ကလေး

ဒီမြို့လေးက ကျွန်တော့်မြို့လေး ဖြစ်တယ်။ ဒီမြို့လေးမှာ ကျွန်တော်မွေးဖွားတယ်။ မိုင်တိုင်(၃၅)ထိတိုင် ကျွန်တော် နေထိုင်ခဲ့တဲ့မြို့လေးပေါ့။ ဟိုး ခပ်ငယ်ငယ် ကလေးဘ၀က (၃)နှစ်နီးပါး မြို့လေးရင်ခွင်နဲ့ ဝေးခဲ့ရချိန်ကတော့ ချွင်းချက်ပေါ့။ ဒီမြို့ကလေးဟာ ကျွန်တော့်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေအစစ်ပါ။

ဒီမြို့မှာ မွေးတယ်။ ဒီမြို့ရဲ့ ကျောင်းမှာနေတယ်။ ဒီမြို့ရဲ့ စာကိုအံတယ်။ ဒီကျောင်းကထွက်လို့ ဒီမြို့ရဲ့ တက္ကသိုလ်မှာပဲ ပညာဆက်ဆည်းပူး တယ်။ အချိန်တန်ပြီလို့ နှလုံးသားက ပူဆာတော့ ဒီမြို့ရဲ့ သမီးပျိုနဲ့ပဲ ဂဟေဆက်ခဲ့တယ်။ အဲဒီလိုနဲ့ ခုဆိုရင် ဒီမြို့သားလေး နှစ်ဦးတောင် တိုးလို့။ ဒီမြို့သားလေးနှစ်ဦးထဲက တစ်ဦးဟာ ကျွန်တော်ငယ်ငယ်က ဘကုန်းဘ၊ ၀လုံးဝ စခဲ့တဲ့ မူလတန်းကျောင်းလေးမှာ စာတွေအံလို့။
ကလေးဘ၀တုန်းက ပျိုရွယ်တဲ့အားမာန်နဲ့ စာသင်ပေးခဲ့ကြတဲ့ ခုချိန်ထိတိုင် ကျန်နေရစ်တဲ့ဆရာ၊ ဆရာမတို့ ပင်စင်ယူဖို့ ပြင်နေကြပြီ။ သူတို့ ခေါင်းထက်မှာ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်ဖြူဖြူတွေ နေရာယူပြီ။ ကျွန်တော့်ခေါင်းထက်မှာလည်း ကွက်တိကွက်ကြား နေရာယူစပြုလာတဲ့ ဆံဖြူတွေကို တွေ့နေရပြီ။ မပြောင်းလဲတာက ဆရာ၊ တပည့်ကြားမှာရှိနေကြတဲ့၊ ရှိနေကြဆဲ ချစ်ခြင်းတရား။ ချစ်ကြောက်ရိုသေဆိုတဲ့ စကားလုံးတို့ တပည့်တို့ရင်ထဲ ပန်းအဖြစ်ပွင့်လန်းနေဆဲ။
ခေတ်အသီးသီး၊ စနစ်အသီးသီး၊ ဘ၀အသီးသီးကိုဖြတ်ကျော်လာတဲ့ တပည့်တွေနဲ့ဆုံတိုင်း ဆရာ၊ ဆရာမတွေရင်ထဲက ချက်ခြင်းသီးပွင့်လာတဲ့ ချစ်ခြင်းမေတ္တာ။ ဘယ်လောက်ပဲ ပူလောင်တဲ့ ကန္တာရကို ဖြတ်ခဲ့ရပါစေ အကြောပြိုင်းပြိုင်းထနေတဲ့ ဆရာ့လက်အစုံနဲ့ သပ်လိုက်တယ်ဆိုရင်ပဲ ကျောက်စက်ရေ ရေကြည်တစ်ခွက် သောက်လိုက်ရသလို ဘ၀အမောတွေပြေလို့။ သွားကျိုးနေတဲ့ဆရာ့စကား နားထဲမှာ ပီသယုံမက ကြည်မြလို့။ ဝေသီနေတဲ့မျက်ဝန်း၊ ဒါပေမယ့် တပည့်ရင်ထဲ ခုထိတိုင် အမှောင်ခွင်းပေးနေတုန်း။ ဆရာဝတ်ထားတဲ့ တိုက်ပုံက အရောင်လွင့်ယုံမက အနားဖွာလို့ ဂုတ်စုတ်နေပြီ။ ဆရာမ၀တ်ထားတဲ့ အဖြူရောင် ၀ါကြန့်ကြန့်အဖြစ်အရောင်တွေပြောင်းလို့ ပိုးတောက်ရာတောင် တွေ့နေရပြီ။ ဆရာတို့ရဲ့ကျောင်းစိမ်းလုံချည် ရေလျှော်များလို့ ရိရွဲလို့။ ဆရာတို့ ပြောခဲ့တဲ့စကား ချက်ခြင်းအမှတ်ရမိတယ်။ ဓားသွေးကျောက်ဘ၀ဆိုတာ ဒါလား။ ဓားတွေထက်မြိဖို့ သွေးပေးရင်းကပဲ ခါးသိမ်ဘ၀နဲ့ ချောင်မှာရောက်သွားရတယ်ဆိုတာကိုလေ။
ဆရာတို့က ဒီမြို့သား ကျွန်တော်တို့အတွက်၊ ဒီမြို့ကလေးအတွက် တာဝန်ကျေခဲ့ကြပြီ။ ကျွန်တော်တို့တွေကရော တစ်ပြန်တစ်လှည့် ဆရာတို့အတွက်၊ ဒီမြို့ကလေးအတွက် တာဝန်ကျေခဲ့ကြပြီလား။ အကြောပြိုင်းပြိုင်းထနေတဲ့ ဆရာ့လက်နဲ့ ကျောသပ်ခံလိုက်ရချိန်မှာ မျက်ရည်ဖြိုင်ဖြိုင် ကျတယ်။ ဆရာပြောတာကတော့ မငိုပါနဲ့ သားရယ်တဲ့။ မျက်ရည်ဆိုတာ ကြည်နူးတဲ့အခါလည်း ကျတတ်ပါလားဆိုတာ ဆယ်စုနှစ် သုံးခုကျော်မှ သိခဲ့ရတယ်။ ကျွန်တော်တို့ အဖြစ်ကိုကြည့်ပြီး မြို့ကလေးက ပြုံးတယ်။ နောက် သူ့ကိုယ်က ထွက်လာတဲ့ ချွေးတချို့ကို သပ်ချလိုက်တယ်။ အဲဒီအခါကျမှပဲ ကျွန်တော့်မြို့ကလေး အခြေအနေကို သတိပြုမိတော့တယ်။ ကျွန်တော်မွေးဖွားတော့ မြို့သားသစ်တစ်ယောက်တိုးပြီဆိုပြီး လက်ခမောင်းခတ်ခဲ့တဲ့ မြို့ကလေး၊ ကျွန်တော်ကျောင်းစတက်တော့ ပညာတတ်ကြီးဖြစ်တော့မယ်ဆိုပြီး ပြုံးပြုံးကြီး ကြည့်နေခဲ့တဲ့မြို့ကလေး၊ ဆယ်တန်းအောင်တော့ ဘုရားစူး ဂုဏ်ထူးတစ်ခုပါလို့ နှုတ်ခမ်းလေးတွန့်ပြီး ပြုံးတဲ့ မြို့ကလေး၊ ကျွန်တော်ဘွဲ့ရတော့ ကျွန်တော့်မိဘနဲ့အတူ ဂုဏ်ယူနေတဲ့မြို့ကလေး၊ ကျွန်တော်အိမ်ထောင်ကျတော့ အပြုံးနဲ့အတူ ဆုံးမသြ၀ါဒတွေချွေပေးတဲ့မြို့ကလေး၊ သားနှစ်ယောက်မွေးလာတော့ မင်းမွေးတုန်းကလိုပဲ ၀မ်းသာရပါတယ်ဆိုတဲ့ မြို့ကလေး။ ခုတော့ ဒီမြို့ကလေးက အချိန်မတိုင်ခင်ပဲ အိုမင်းနေပါပေါ့လား။ ဒါမှမဟုတ် ကားတ၀ီးဝီး၊ တိုက်အသီးသီးနဲ့ ကတ္တရာလမ်းမကြီးခင်းပြီး ဆင်းရဲနေတဲ့ မြိုကလေးပါလား။
ကျွန်တော်တို့ငယ်ငယ်တုန်းက နွေရောက်ရင် သနပ်ခါးဘဲကြားလိမ်းပြီး အပူဒဏ်ကာခဲ့ကြတယ်။ လူကြီးတွေက ထန်းသားယပ်လေးတွေခပ်ပြီး အပူဒဏ်ခံခဲ့ကြတယ်။ ခုတော့ ဒီလောက်နဲ့ မကာကွယ်နိုင်တော့ဘူး။ မြို့ကလေးမှာ ထနောင်း၊ မကျည်း၊ တမာတွေနည်းသွားပြီ။ လမ်းဘေးတလျောက် လူနှစ်ဖက်၊ သုံးဖက် အပင်ကြီးတွေ ပျောက်သွားပြီ။ သစ်ကြီး၊ ၀ါးကြီးဆိုလို့ ဘုန်းကြီးကျောင်း ကွက်ကွက်လောက်ပဲ ရှိတော့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့မြို့ကလေး ဖုန်ထူရောဂါစွဲခဲ့ရတာ။ ဒါကြောင့် ကျွန်တော်တို့မြို့ကလေး ပူလောင်ရောဂါ သည်းခဲ့ရတာ။ ဒီရောဂါကြီးကိုကုဖို့ သမားတော်ကြီး ရောက်အလာကို စောင့်နေဦးမလား။ အဲဒီမေးခွန်းကိုတော့ ချက်ခြင်းပဲ ပြန်ဖြေပစ်လိုက်ပါတယ်။ သမားတော်ကြီးကို စောင့်ဖို့မလိုပါဘူး။ ကျွန်တော်တို့တတ်သိထားတဲ့ တိုင်းရင်းဆေးနဲ့ကို ကုဖြစ်ပါတယ်။
ကျွန်တော်တို့ အားလုံး သစ်ပင်စိုက်ဖူးသူတွေချည်းပါ။ သရက်ပင်ပေါက်လေး မြောင်းဘေးမှာ မြှပ်ခဲ့ဖူးတယ်။ နောက် ချဉ်ပေါင်ရိုးလေး၊ ကန်စွန်းရိုးလေး ကန်သင်းဘေးမှာ ထိုးခဲ့ဖူးတယ် မဟုတ်လား။ စိုက်ခွင့်ရှိတဲ့နေရာ၊ စိုက်သင့်တဲ့နေရာတွေမှာ အရိပ်လည်းရ၊ အသီးလည်းစားခွင့်ရမယ့် သရက်ပင်မျိုးတွေ စိုက်ကြမယ်ဆိုရင်၊ ဒါမှမဟုတ် ရှင်သန်လွယ်၊ အရိပ်ရလွယ်တဲ့ ရေတမာပင်တွေ၊ အညာရဲ့သရုပ်ပြ တမာပင်တွေကို စိုက်ကြမယ်ဆိုရင် ဖုန်ထူ၊ နေပူရောဂါဒဏ်ကနေ ဆယ်စုနှစ်တစ်ခုအတွင်း ကင်းစင်စေပြီး ကျွန်တော်တို့မြို့ကလေးကို ကယ်ဆယ်နိုင်မှာပါ။ ဒါဟာ ကျွန်တော်တို့ချစ်တဲ့၊ ကျွန်တော်တို့ကို ချစ်တဲ့မြို့ကလေးကို တစ်ပြန်တစ်လှည့် ကျေးဇူးပြုတာ မဟုတ်လား။ ကျွန်တော့်စကားကို နားထောင်ရင်း ဆရာပြုံးတယ်။ ဆရာပြုံးရင်း ကြည့်နေတဲ့နေရာလေးကို လိုက်ကြည့်လိုက်တော့ Everyday Is Earth Day ဆိုတဲ့ တူညီဝတ်စုံလေးတွေဝတ်ထားတဲ့ လူငယ်တစ်စု။ သူတို့တွေလက်ထဲမှာတော့ ပျိုးပင်တွေ၊ ပေါက်ပြားတွေ၊ ရေပုံးတွေကိုယ်စီနဲ့။ သူတို့လက်သေးသေးလေးတွေနဲ့လေ ကမ္ဘာမြေကို ထုဆစ်နေကြ၊ ဖန်တီးနေကြပုံက လေပူတွေကြားမှာ ကျွန်တော့်တစ်ကိုယ်လုံး အေးမြလို့။
လေးစားစိတ်နဲ့ ဦးညွှတ်မိတယ်။ မြို့ကလေးအတွက် ရင်ဘတ်ထဲက စကားသံတွေက လှိုင်းရိုက်တဲ့အတိုင်းခုန်ထွက်လာတယ်။

သစ်ပင်စိုက်ကြရအောင်...

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း