ဝတ္ထုရေးတယ်ဆိုတာ......


ဝတ္ထုရေးတယ်ဆိုတာ......
================
ဝတ္ထုဆိုတာ..
လူတစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င်
အချက်အလက်အစုံပါတဲ့ အထ္ထုပ္ပတိတစ်ပုဒ်
မဟုတ်ပါဘူး။

ဝတ္ထုတစ်ပုဒ်ရေးဖို့
အကြောင်းအရာတွေ
အားလုံးသိထားစရာမလိုဘူး။
ခံစားချက်ရှိရင်
ဝတ္ထုရေးလို့ရတယ်။
မြန်မာစာ ၀ါကျကောင်းကောင်း
တည်ဆောက်တတ်ရင်ဝတ္ထုရေးလို့ရတယ်။
ကိုယ်ချင်းစာတရား မျှဝေခံစားလိုခြင်းနဲ့
ဝတ္ထုရေးလို့ရတယ်။
စေတနာ မေတ္တာ နဲ့
ဝတ္ထုရေးလို့ရတယ်။
ဖြန့်ဖြူး ဖြည့်ဆည်းလိုတဲ့ပရဟိတစိတ်နဲ့
ဝတ္ထုရေးလို့ရတယ်။

ဝတ္ထုဆိုတာ
လူတစ်ယောက် (သို့မဟုတ်)
ဘ၀တစ်ခု(သို့မဟုတ်)ဘ၀များစွာရဲ့
ခံစားချက်တွေ
အဖြစ်အပျက်တွေကို
ခင်းကျင်းပြသရတဲ့
ကွင်းတစ်ခုဖြစ်တယ်။

အဲဒီအတွက်
ခံစားချက်မရှိဘဲ
ရေးတဲ့ဝတ္ထုတွေဟာ
အဖြစ်အပျက်တွေကိုတင်ပြရုံသက်သက်ပဲမို့
စာဖတ်သူရဲ့ စိတ်နှလုံးကို
ညို့ငင်သိမ်းပိုက်နိုင်ဖို့ မလွယ်ကူတတ်ဘူး။

ဝတ္ထုရဲ့ အသက်ဟာ
ခံစားချက်ပဲဖြစ်တယ်။
ဝတ္ထုတစ်ပုဒ်ရေးတော့မယ်လို့
စဉ်းစားတဲ့အခါ
ကိုယ်တင်ပြမဲ့
ဇာတ်ကောင်တစ်ကောင်
ကောင် ရဲ့ စိတ်ကိုဝိညာဉ်တစ်ခုပူးကပ်ရေးရမယ်။

စာရေးသူရဲ့စိတ်ဝိညာဉ်က
ဇာတ်ကောင်ထဲမှာ ပူးဝင်ကပ်ငြိနေတဲ့
ဝတ္ထုတွေဟာ ဘယ်အချိန်ဖတ်ဖတ်
အသက်ဝင်နေတဲ့ ၀တ္ထုတွေအဖြစ်ကျန်ရစ်ခဲ့လိမ့်မယ်။

ဝတ္ထုထဲကဇာတ်ကောင်တွေဟာ
အပြင်ကလူအစစ်တွေလိုပဲရုပ်လုံးကြွလာလိမ့်မယ်။
စာဖတ်သူတွေကဇာတ်ကောင်ရဲ့ နှလုံးသားကို
အလိုလိုနားလည်လိမ့်မယ်။
ဇာတ်ကောင်ဘာပြောမလဲ
စာဖတ်သူကနားထောင်လိမ့်မယ်။
မျှဝေခံစားပေးလိမ့်မယ်။
အယူအဆ မတူညီတာတွေအတွက်
အမျက်ဒေါသရ သက်ပြင်းချ ကြမယ်။
အယူအဆတူညီတာတွေအတွက်
နှစ်လိုအားရ၀မ်းသာကြလိမ့်မယ်။

စာဖတ်သူတွေ
ကျေနပ်ခြင်း မကျေနပ်ခြင်းတွေဖြစ်တဲ့
ဝတ္ထုတွေဟာ အနည်းဆုံးတော့အသက်ရှိတဲ့
ဝတ္ထုတွေအဖြစ်တန်းဝင်အဆင့်ရောက်လိမ့်မယ်။

ဝတ္ထုရေးသူဟာ
ခံစားချက်ဝိညာဉ်မထည့်နိုင်ဘဲ
ဝတ္ထုရေးနည်းအတတ်ပညာနဲ့
အကြောင်းအရာလှပအောင်ဖွဲနွဲ့ 
ရေးထားတဲ့ဝတ္ထုတွေဟာ
စာတစ်ပုဒ်ဖြစ်ဖို့လွယ်ကူသည့်တိုင်
စာဖတ်သူစွဲဖို့ မလွယ်ကူနိုင်ဘူး။

ဝတ္ထုရေးသူတစ်ယောက်အတွက်
ဝတ္ထုအပုဒ်တိုင်းမှာ
ဝိညာဉ်တစ်ခု ပူးကပ်ရေးနိုင်ဖို့ဆိုတာခက်ခဲမယ်။

ဒီအတွက်
ဝတ္ထုရေးကာစ
ကလောင်သက်နုတဲ့အချိန်မှာ
ကိုယ်ရဲ့ဝိညာဉ်ပူးကပ်နိုင်မဲ့
ဇာတ်လမ်းဇာတ်ကွက်ဇာတ်ကောင်များကိုသာ
အဦးဆုံးချရေးနိုင်ဖို့ စဉ်းစားတွေးတောနေရမယ်။

ဝတ္ထုရေးလိုသူဟာ
ကိုယ်သက်ဝင်ခံစားမှုမရှိနိုင်တဲ့
အကြောင်းအရာမျိုးကို
ဝတ္ထုတစ်ပုဒ်အဖြစ်မဖွဲ့နွဲ့သင့်ဘူး။
အပြင်လောကမှာ
ကိုယ်ကြုံတွေ့ သိမြင်ထိစပ်ရတဲ့
ဘ၀တွေကိုဝတ္ထုအဖြစ်
အသက်သွင်းပုံဖော်တဲ့အခါ
ကိုယ်ရဲ့ နှလုံးသား
စိတ်ဝိညာဉ်ပူးကပ်ခံစားလို့ရမှ
ဝတ္ထုတစ်ပုဒ်အဖြစ်
စာစီခင်းကျင်းပြသရမှာဖြစ်တယ်။

ဝတ္ထုဟာ ဖြစ်ရပ်မှန်မဟုတ်ဘူး။
အပြင်လောကက
ဇာတ်လမ်းဇာတ်ကွက်တွေကို
ဒဲ့ချပြတဲ့ဝတ္ထုတွေဟာလည်း
စွဲလန်းဖွယ်မဖြစ်တတ်ဘူး။
ခံစားမှုမှာ အတတ်ပညာလည်း
လိုအပ်သလောက်ပါမှဖြစ်မယ်။

ဝတ္ထုဆိုတာ
အပြင်လောကမှာတကယ်ရှိတဲ့ဘ၀တွေကို
အဟုတ် တကယ်ပါလားလို့
စာဖတ်သူတွေကသိမြင်ခံစားလို့ရအောင်
တကယ်မဟုတ်တဲ့
ဘ၀တွေကိုလည်း
အပြင်မှာ တကယ်ရှိသယောင်
ယုံစားနိုင်တဲ့အထိ သက်ဝင်နိုင်ဖို့
စကားလုံးတွေနဲ့
ခံစားမှုပေါင်းပြီး
ဖန်တီးရတဲ့အနုပညာပစ္စည်းဖြစ်တယ်။

ဝတ္ထုရေးပြီဆိုရင်
အပြင်မှာ မပြောသည့်တိုင်
အပြင်မှာ ပြောလို့ရသလောက်
လေးနက်တဲ့ အဓိပ္ပါယ်ရှိတဲ့
စကားပြောတွေကို
ဇာတ်ဆောင်တွေမှာ
လိုအပ်သလိုထည့်ပြောပေးရတာဟာလည်း
ဝတ္ထုရဲ့ ပါဝါတစ်မျိုးပဲဖြစ်တယ်။

ဝတ္ထုတစ်ပုဒ်ဖန်တီးရာမှာ
အဓိက အရေးကြီးဆုံးဖြစ်တဲ့
စာရေးသူရဲ့ ၀ိညာဉ်ပူးကပ်နိုင်တဲ့
ခံစားချက်မျိုးရပြီဆိုရင်
ဝတ္ထုတစ်ပုဒ်ချရေးကြည့်လိုက်ပါတော့....။

မဂ္ဂဇင်းတိုက်တွေကိုဝတ္ထုစာမူ
ပို့တဲ့အပိုင်းကတော့
အယ်ဒီတာရဲ့ရွေးချယ်မှုနဲ့ သာ
သက်ဆိုင်ပါလိမ့်မယ်။

ကျွန်မရဲ့မဂ္ဂဇင်းဝတ္ထုတို/ရှည်များ
ဖြတ်သန်းမှုကတော့
နှစ်ကာလအတန်ငယ်ကြာတယ်လို့ခေါ်နိုင်ပါတယ်။
ဒါကကျွန်မတစိုက်မက်မက်မလုပ်ဘဲ
အလစ်အလပ်ရှိလို့သာ
ကာလတစ်ခုကြာခဲ့တာဖြစ်တယ်။
တကယ်တမ်းကျွန်မ၀တ္ထုတိုတွေ
ခပ်များများရေးပြီးပို့ခဲ့ပါခဲ့တဲ့ကာလက
နှစ်နှစ်အတွင်းမှာဖြစ်ပါတယ်။

ဒါကြောင့်
တကယ်တစိုက်မက်မက်
ရေးနိုင်ပြီးရေးအား၊ပို့အားကောင်းမယ်ဆိုရင်
ကလောင်တစ်ခုရှင်သန်ဖို့မလွယ်သည့်တိုင်
ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့သာရေးနေရင်
ဖြစ်ကိုဖြစ်လာပါလိမ့်မယ်လို့ပြောချင်ပါတယ်။

ကျွန်မဘယ်အယ်ဒီတာတစ်ယောက်နဲ့မှမသိသလို
ဘယ်စာရေးဆရာတစ်ဦးတစ်ယောက်နဲ့မှ
ခင်မင် ရင်းနှီးသိကျွမ်းတွေ့ဆုံဖူးခြင်းလုံးဝမရှိဘဲ
မဂ္ဂဇင်း ၀တ္ထုတို/ရှည်ရေးခဲ့သူဖြစ်ပါတယ်။
အယ်ဒီတာ မဂ္ဂဇင်းတိုက်များအားလုံးကျွန်မကို
ခုထိမတွေ့မြင်ဖူးသူများလည်းရှိပါတယ်။

ကျွန်မရဲ့ကလောင်ကို
ရှင်သန်အောင်ဖြည့်ဆည်းပေးခဲ့သူတွေက
စာအုပ်တွေမှာသာကျွန်မသိမြင်ခဲ့ရတဲ့
ကျွန်မအရင်စာရေးခဲ့သော
စာရေးဆရာများအားလုံးပဲဖြစ်ပါတယ်။
သူတို့ကသာကျွန်မရဲ့ကျေးဇူးရှင်တွေဖြစ်ပါတယ်။

ဆိုလိုတာက
ကလောင်တစ်ချောင်းဖြစ်ဖို့
ပံ့ပိုးပေးနိုင်သူ
ရင်းနှီးတဲ့အယ်ဒီတာရှိမှ
နီးစပ်ခင်တွယ်ရာ
ပံ့ပိုးပေးနိုင်တဲ့ နာမည်ရှိ
စာရေးဆရာ /မတွေရှိမှဆိုတာကျွန်မကတော့
လက်မခံပါဘူး။
အဲဒီနည်းနဲ့ အလွယ်လိုက်သူများဟာလည်း
ရေရှည်မတည်တံ့နိုင်ပါဘူး။
အနုပညာအရည်အသွေး
ပြည့်မှီတဲ့ ကလောင်ဟာ
အယ်ဒီတာတွေရဲ့ ရှေ့ကို
သူ့အရည်အချင်းနဲ့သူ
ရောက်ကို ရောက်လာပါလိမ့်မယ်။

သူများပံ့ပိုးပေးနိုင်လည်း
ကိုယ့်စာမကောင်းရင်
ဘယ်အယ်ဒီတာမှ
ကာလတစ်ခုကြာအောင်
အသိမှတ်ပြုပေးမှာမဟုတ်ပါဘူး။
ကိုယ့်ဘာသာပိုက်ဆံရှိလို့
ထုတ်ပြီး ဝေလို့ပဲရနိုင်ပါတယ်။

ကျွန်မကတော့
ကိုယ့်ကလောင်ကို
ကိုယ့်အရည်အချင်းစစ်စစ်မှန်မှန်နဲ့သာ
ရှင်သန်အောင်တည်ဆောက်နိုင်တယ်လို့
ပြောချင်ပါတယ်။
အချိန်တစ်ခုသာလိုပါလိမ့်မယ်။

ခုခေတ်မှာဘာစာရေးချင်ရေးချင်
ချရေးလို့ရတဲ့
အယ်ဒီတာမလို ဆင်ဆာမလိုတဲ့
ကွင်းတစ်ကွင်းရှိနေတာကိုက
ကလောင်သစ်များရဲ့ကြီးစွာသော
အားသာချက်ကြီးဖြစ်ပါတယ်။

ဒါကြောင့်မို့
ကလောင်သစ်များ
အားမငယ်ဘဲ
ကိုယ်လုပ်ရမဲ့အလုပ်တွေကိုသာ
ဘယ်သူဘာပြောပြော
မလျော့သောဇွဲလုံ့လနဲ့
ကြိုးစားဆောင်ရွက်ကြပါလို့
တိုက်တွန်းအားပေးလိုက်ပါတယ်။


မေတ္တာဖြင့်
ယုဒါ
12.9.2016(Monday)


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း