လေသံ ပြောင်းသွားသော အာဠာဝက
လေသံ ပြောင်းသွားသော အာဠာဝက
ဂေါတမ ဘုရားရှင်၏ အပြင် အောင်ခြင်း ရှစ်ပါးတွင် အာဠာဝက ဘီလူးကို အောင်မြင်သည့် အကြောင်း လည်း တစ်ပါး အပါအဝင်ဖြစ် သည်။ အဆိုတော်ကြီး ဒေါ်မေရှင် သီဆို သော “အောင်ခြင်းရှစ်ပါး” သီချင်းမှ “အာဠဝီပြည်အနီး၊ ညောင်ပင်ကြီးမှာ၊ တစ်ဦးတည်း ဘီလူးကြီး အာဠာဝက စံရာ” ဟူသော အပိုဒ်ကို ကြားဖူးသူ တိုင်း အာဠာဝက အကြောင်း သိကြ ပါသည်။ပထမဆုံး ဗုဒ္ဓစာပေ ဝတ္ထုဖြစ် သော ရှင်မဟာသီလဝံသ၏ “ပါရာ ယနဝတ္ထု” တွင်လည်း ဘုရားရှင်နှင့် အာဠာဝက အကြောင်း ပါဝင်သည်။ အာဠာဝက ဘီလူး နတ်သဘင်အစည်း အဝေးသွားနေစဉ် ဘုရားရှင်က အာဠာဝက၏ ဗိမာန်သို့ ကြွရောက် စံမြန်းပုံ၊ အာဠာဝက အမျက် ထွက်၍ လက်နက် အမျိုးမျိုးဖြင့် တိုက်ခိုက်ပုံ၊ တိုက်ခိုက် မရသောအခါ ဘုရားရှင် ကို မေးခွန်း အမျိုးမျိုးမေးပြီး မဖြေ နိုင်လျှင် ရန်ပြုမည်ဟု စိတ်ကူး ထား ပုံ၊ ဘုရားရှင်က အာဠာဝက မေးသမျှ မေးခွန်း အားလုံးကို ရှင်းလင်းဖြေ ကြားသောအခါ အာဠာဝက ကျေနပ် သွားရုံမက ဘုရားရှင် ၏ဖြေကြား ချက်များကို နာယူရသည့် အတွက် သောတာ ပန်တည်ပြီး အကျွတ်တရား ရသွားပုံ တို့ကို ရေးသားထားပါ သည်။
ပါရာယန ဝတ္ထုသည် အရေး အသား ရှင်းလင်းပြေပြစ်သည်။ သရုပ်ပေါ်သည်။ အာဠာဝကက ဘုရားရှင်ကို တိုက်ခိုက်ပုံ၊ ဘုရားရှင် က သိမ်မွေ့စွာ တုံ့ပြန်ပုံ၊ အပြန် အလှန် မေးကြ၊ ဖြေကြပုံများကို ဖတ် ရသည်မှာ စိတ်ဝင်စားစရာကောင်း ပါသည်။ ထူးခြားချက် တစ်ချက် မှာ အာဠာဝက၏ စိတ်နေစိတ်ထား တဖြည်းဖြည်း ပြောင်းလဲလာပုံကို အာဠာဝကက ဘုရားရှင်ကို တိုက်ရိုက် ရည်ညွှန်း ခေါ်ဝေါ်သော စကား လေး သုံးခွန်းဖြင့် ထင်ရှားစွာ ရေးဖွဲ့ ဖော်ပြထားခြင်းဖြစ်သည်။
အာဠာဝကသည် ဘုရားရှင်ကို မိမိ၏ ဗိမာန်အတွင်းမှ ထွက်ပြေးစေ ရမည်ဟု ရည်ရွယ်လျက် လက်နက် အမျိုးမျိုးဖြင့် တိုက်ခိုက် သည်။ ပြင်းထန်သော မုန်တိုင်း၊ သည်းထန်သော မိုးကြီး၊ ကျောက်ခဲမိုး၊ လက်နက်မိုး၊ မီးကျီးမိုး၊ ပြာပူမိုး၊ သလဲပူမိုး၊ ညွန် ပျောင်းမိုး၊ အမိုက်မှောင်ကြီး ဟူသော လက်နက်ကြီး ကိုးပါးဖြင့် တိုက်ခိုက် သော်လည်း ဘုရားရှင်ကို မထိခိုက် သဖြင့် နောက်ဆုံး ဝရဇိန် လက်နက် ဖြင့် ပစ်ခတ်ပြန်ရာ ဝရဇိန် လက်နက် သည်လည်း ဘုရားရှင်၏ ခြေတော်ရင်းသို့ ခြေသုတ် ပုဆိုးသဖွယ် ကျ ရောက် သည်။ မေတ္တာဖြင့်သာ တုံ့ပြန် တော်မူသော ဘုရားရှင် ကို အန္တရာယ် မပြုနိုင်။
ထိုအခါ အာဠာဝက သည် ဘုရားရှင်ကို “မေးခွန်းလက်နက်” ဖြင့် တိုက်ခိုက်ရန် စီမံတော့သည်။ ထိုမေးခွန်း များမှာ အာဠာဝက၏ အမိအဖ တို့က သင်ပေးထားသော မေးခွန်း များဖြစ်သည်။ သင်ပေးစဉ်က အမေး ရောအဖြေပါ ပါသော်လည်း အာဠာဝက မှာ မေးခွန်း များကိုသာ မှတ်မိပြီး အဖြေ များကို မေ့သွားသည်။ အာဠာဝက သည် မိမိ၏ ဗိမာန်ကို ကြုံကြိုက် ၍ဝင်ကြည့်ကြသော သူများကို ထို မေးခွန်း များ မေးပြီး မဖြေနိုင်သူများ ကို ညှဉ်းပန်း နှိပ်စက်သည်မှာ ကြာခဲ့ ပြီဖြစ်သည်။ မည်သူမှလည်း မဖြေနိုင် ခဲ့။ ယခု ထိုမေးခွန်း များဖြင့် ဘုရား ရှင်ကို နှိပ်စက်ရန် ကြံသည်။ “မဖြေ နိုင်လျှင် နှလုံးပျက်ပြီး ရူးမူးအောင် လုပ်မည်၊ ရင်ဘတ်ကို ခွဲမည်၊ သမုဒ္ဒရာ တစ်ဖက် သို့ပစ်မည်” ဟု ကြိမ်းဝါး သည်။ ဘုရားရှင်က မေးလိုရာ မေးရန် ခွင့်ပြုသည်။
ထိုအခါ အာဠာဝကက ဘုရား ရှင်ကို “ငါ့ရှင်ရဟန်း” ဟု ရည်ညွှန်း ခေါ်ဝေါ်ပြီး ပထမ မေးခွန်းလေးခု မေးသည်။ အဘယ်ဥစ္စာသည် မြတ် သနည်း၊ အဘယ်အကျင့် သည် စိတ်ချမ်းသာမှု ကိုဆောင်သနည်း၊ အဘယ် အရသာသည် မြိန်သနည်း၊ အဘယ်အသက်မွေးမှု သည် မြတ် သနည်း ဟူ၍ဖြစ်သည်။ ဘုရားရှင်က သစ္စာတရား ဟူသော ဥစ္စာသည် မြတ် သည်၊ ကုသိုလ် အကျင့်သည် စိတ် ချမ်းသာမှု ကိုပေး သည်၊ သစ္စာ အရသာသည် မြိန်သည်၊ ပညာဖြင့် အသက်မွေးခြင်း သည် မြတ်သည် ဟူ၍ အကျယ်တဝင့် ရှင်းလင်းဖြေ ဆိုတော်မူ သည်။
အာဠာဝက သည် နောက် မေးခွန်းလေးခု ကို ထပ်မေးပြန်သည်။ ဤ အကြိမ်တွင် ဘုရားရှင်အား ရည် ညွှန်းခေါ်ပုံ အနည်းငယ်ပြောင်း သွား သည်။ “အရှင်ရဟန်း” ဟူ၍ခေါ်ပြီး မေးခွန်းလေးခု မေးပြန်သည်။ သစ္စာ၊ သတိ၊ လုံ့လ၊ ပညာ ဟူသော အကြောင်း တရားလေး ပါးနှင့် ဆိုင်သည့် မေးခွန်းများ ဖြစ်သည်။ ဘုရားရှင် ကလည်း အကျယ် ရှင်းလင်း ဖြေ ကြားတော်မူသည်။ ထိုအခါတွင် အာဠာဝက ဘီလူး သည် သစ္စာလေးပါး ကိုသိမြင်ပြီး သောတာပန် တည်သွား လေတော့သည်။ ထို့နောက် အာဠာ ဝကသည် “ပညာ” ဟူသော စကားကို မူတည်၍ မေးခွန်း ငါးခုကို ထပ်မေး ပြန်သည်။ ထိုအခါတွင်မူ ဘုရားရှင် ကို “အရှင်ဘုရား” ဟု ရည်ညွှန်း ခေါ် ဝေါ်လေတော့သည်။ ဘုရားရှင် က ဖြေ ကြားတော်မူ ပြီးသောအခါ အာဠာဝက သည် များစွာ ဝမ်းမြောက် ဝမ်းသာ ဖြစ်ပြီး ဘုရားရှင် ကို ဥဒါန်း စကား လျှောက် ကြားလေတော့သည်။
ပါရာယန ဝတ္ထုတွင် ရှင်မဟာသီလဝံသသည် အာဠာဝက ဘီလူးက ဘုရားရှင်ကို ရည်ညွှန်း ခေါ်ဝေါ်သည့် စကားသုံးခွန်းကို ကွဲ ကွဲပြားပြား ဖော် ပြထားပုံမှာ မှတ်သားစရာ ကောင်း ပါသည်။ ပထမ အကြိမ်မေးစဉ်က ဘုရားရှင်ကို “ငါ့ရှင်ရဟန်း” ဟုခေါ် သည်။ ထိုစကား သည် တန်းတူချင်း ခေါ်သော စကားလည်းဖြစ်နိုင်သည်။ ဂုဏ်ကြီးသူက ဂုဏ်ငယ်သူ ကိုခေါ် သော စကားလည်း ဖြစ်နိုင်သည်။ “ငါ့ရှင် ရဟန်း” ဟူသော အသုံးအနှုန်း သည် ရိုသေလေးစားသည့် သဘော မပါဝင်သည့် အသုံးအနှုန်း ဖြစ်သည်။ ထိုအချိန်တွင် အာဠာဝက သည် ဘုရားရှင်ကို အမျက် မပြေသေး။ ရန်သူ အဖြစ် သဘောထား နေဆဲဖြစ် သည်။ မဖြေနိုင်လျှင် သတ်ဖြတ် နှိပ်စက် မည် ဟု တေးထားဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကို တန်းတူလို၊ ကိုယ့်ထက် နိမ့်ကျသူလို သဘောထားပြီး “င့ါရှင်ရဟန်း” ဟူ၍ လေသံ တင်းတင်းဖြင့် ခေါ်ခြင်းဖြစ် သည်။
မေးခွန်းလေးခု ဖြေပြီးသော အခါ အာဠာဝက ကျေနပ်သွားသည်။ သူသိလိုသည့် အဖြေကို ရသည့် အတွက် စိတ်ပြေသွားသည်။ ထို့ ကြောင့် ဘုရားရှင်ကို နောက်မေးခွန်း လေးခုမေးရာ တွင် ခေါ်သောလေသံ သည် “အရှင်ရဟန်း” ဟူ၍ ဖြစ်သွား သည်။ လေးစား သည့် သဘောထင် ဟပ်နေသည့် အခေါ်အဝေါ် ဖြစ်သည်။ ထိုမေးခွန်းများ ဖြေကြားပြီး သောအခါတွင် မူ အာဠာဝက သည် သောတာပန် တည်သွားလေပြီ။ ဘုရားရှင်၏ တပည့် ဒါယကာဖြစ် သွားလေပြီ။ ထို့ကြောင့် ဘုရားရှင် ကို ခေါ်သော လေသံသည် “အရှင် ဘုရား” ဟူ၍ ပြောင်းသွားပါတော့ သည်။ ရိုသေပျပ်ဝပ်မှု အပြည့်အဝ ပါသော လေသံဖြစ်သည်။
အာဠာဝက၏ စိတ်နေ စိတ်ထား သည် ခက်ထန်ရာမှ တဖြည်းဖြည်း ပျော့ပျောင်းသွားပြီး နောက်ဆုံး တွင် ဘုရားရှင် ၏ခြေတော်ရင်းတွင် ဝပ် ဆင်းသော တပည့်ဒါယကာ အဖြစ် စိတ်ထား အနူးညံ့ဆုံး ဖြစ်သွားပုံကို ရှင်မဟာသီလဝံသ က “ငါ့ရှင်ရဟန်း”၊ “အရှင်ရဟန်း”၊ “အရှင်ဘုရား” ဟူ၍ လေသံပြောင်းသွား ပုံဖြင့်အထင်အရှား ရေးဖွဲ့သရုပ်ဖော်ထားပါသည်။
-
မောင်ခင်မင် (ဓနုဖြူ)
Popular Journal
Comments
Post a Comment