ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၂)

ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၂)
ကလောင်အမည်=မောင်သာရ
                ရေဆိုတာ မြင့်ရာက နိမ့်ရာကို စီးတယ်လို့ပဲ ကြားဖူးပါတယ်။  ဒါပေမယ့် သည်နေရာမှာတော့ ငါလည်း မရေမရာ ဖြစ်တာနဲ့ မင်းကိုပဲ အားကိုးတကြီးနဲ့ ပြန်မေးရဦးမယ်။  ၅၅ - နှစ်ဆိုတဲ့ အရွယ်ဟာ သူငယ်ပြန်ပြီလား၊ ပြန်နိုင်ပြီလား၊ ပြန်တတ်ပြီလား။
အေးပါ .. ၅၅ - နှစ်နဲ့ သူငယ်ပြန်တယ်လို့တော့ ငါလည်း မကြားဖူးပါဘူး။
ဒါပေမယ့် မင်းသိတဲ့အတိုင်း ငါ့အသက်က အခုလာမယ့် အောက်တိုဘာလကျမှ ၅၄ ပြည့်မယ်။  သူငယ်ပြန်တဲ့အရွယ် ခုနှစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော် မဟုတ်သေးဘူး။  ပြီးတော့လည်း အထူးသန်တုန်း မြန်တုန်း။
ဟုတ်ပါတယ်။  ဒါပေမယ့် ငါ သူငယ်ပြန်စ ပြုနေပြီ။  သူငယ်ပြန်ချင်နေပြီ။  တခါတလေ ငါ့စိတ်ကို ငါမနည်း ထိန်းရတယ်။  ဒါတောင် မရချင်တဲ့အခါ မရဘူး။  လွတ်ချင်တဲ့အခါ လွတ်သွားတယ်။
မင်းက……….. မိန်းမ ငယ်ငယ်လေးတွေကို ယူချင်တဲ့စိတ် ပေါက်ရမှာလား။  တော်လောက်ပါပြီ မောင်ရာ၊ ကြောက်လှပါပြီ။
သည်မယ်.. ဟေ့ကောင် မနောက်နဲ့၊ ငါအတည်ပြောတာ။  အဲ့ဒါ ငါပြောပြမယ်။  မင်းရေး။  ရေးတတ်ရင် ဝတ္ထု ဖြစ်တယ်။  ကဗျာလည်း ဖြစ်တယ်။  စာတပုဒ် ဖြစ်တယ်ပေါ့ကွာ။
ငါကိုယ်တိုင် ရေးနိုင်တော့မှ သက်သက်မယ့် မင်းကို ရေးခိုင်းနေပါ့မလား။  ငါရေးလို့ မဖြစ်လို့ပေါ့ကွ။  သိတယ်မဟုတ်လား။  ငါရေးရင် ပြသနာ ဖြစ်မယ်။  ဖြစ်လာနိုင်တယ်။
မင်းကတော့ စာရေးတဲ့ လူချင်း တူပေမယ့် စာရေးတဲ့ မူချင်းမတူဘူး။  ပြီးတော့ လူငယ်လည်း လူငယ်။  ဘာအရောင်အဆင်းမှလည်း မရှိ။  လမ်းမပေါ်မှာ ပုဆိုးကွင်းသိုင်းပြီး ခွေလှိမ့်လည်း မင်းအနေနဲ့ ကတော့ တင့်တင့်တယ်တယ်။  ဘာကိစ္စမှ မရှိနိုင်ဘူး။
မင်းသိပါတယ်လေ။  တတ်နိုင်ရင် ငါ စာမရေးချင်တော့ဘူး ဆိုတာကို။  အသက်ကြီးလာပြီ ဟကောင်ရ။  မျက်စိတွေမှုန်၊ လက်တွေ တုန်နဲ့။  မျက်စိမှုန်တာက မျက်မှန် တပ်လို့ ရသေးတယ်။  လက်တုန်တာက ဘာမှ ကူလို့ ထောက်လို့ မရဘူး။
ပြောရတာလည်း ရှက်ပါတယ်ကွာ။  မရေးပြန်တော့လည်း ထမင်းစားစရာက မရှိပြန်ဘူးဟ။  ထမင်းစားစရာ မရှိလို့များ  သိသိတတ်တတ်နဲ့ လာပေးကြ ကမ်းကြလိမ့်မယ် လို့တော့ မမျှော်လင့်နဲ့။  ကြွေးရှင်က လူရှေ့မရှောင် သူရှေ့မရှောင် ကြွေးလိုက်မတောင်းရင်ပဲ ကံကောင်း။
ခက်သားပဲကွ။  သည်အသက် သည်အရွယ်ရောက်လာမှတော့ ငါလည်း တခြားအလုပ် လုပ်မစားတတ်တော့ဘူး။  ပြင်လို့ မရတော့ဘူး။  ခေါက်ရိုးကျိုးနေပြီ ဆိုပါတော့ကွာ။
မင်းမျက်မြင်ပဲ။  ငတ်တော့လည်း တွေ့ကရာ လျှောက်ရေးတော့တာပေါ့။  ဖေတော့ မောင်တော့တွေ ရေးလား ရေးရဲ့။  ကိုယ့်အကြောင်း ကိုယ်ပြန်ရေးလား ရေးရဲ့။  ဘတ်စ်ကားမှတ်တိုင်က အကြောင်းတွေ၊ လက်ဘက်ရည်ဆိုင်က အကြောင်းတွေ၊ လမ်းဘေးက အကြောင်းတွေ ဘာမှလည်း မဟုတ်ဘဲနဲ့ တောင်လျှောက်ရေး မြောက်လျှောက်ရေး။
ဟော . အခုတော့ မရေးချင်တော့ဘူး။  မရေးတော့ဘူး။  မင်းတို့ပဲ ရေးကြတော့။
အခု ငါပြောပြမယ် ဆိုတာကလည်း  ရေးတတ်ရင်တော့ စာကောင်းတပုဒ်ဖြစ်တယ်ကွ။ လှတယ်။  လှအောင်လည်း ရေးတတ်ရမှာပေါ့ကွာ။
အေး .. သည်ဝတ္ထုမှာတော့ ငါ့ကို အဓိက ဇာတ်ကောင်နေရာမှာ ထားရေးရမယ်။  နာမည်တော့ လွှဲထည့်လိုက်ပေါ။  လွယ်ပါတယ်။
အဲ ဝတ္ထု အစမှာ စောစောက ငါပြောတဲ့အတိုင်း ငါက ၅၅ နှစ်နဲ့ သူငယ်ပြန်စ ပြုနေပြီပေါ့။
ဘာဖြစ်လို့ သူငယ်ပြန်ပြီလို့ ပြောရသလဲဆိုတော့ မင်းသိတဲ့အတိုင်း ငါက အခု ကမာရွတ်က အဆောင်တဆောင်မှာ နေနေတယ်။  အဆောင်ဆိုတာက ကျောင်းသားတွေ၊ ဘွဲ့ရပြီးစ အလုပ်လက်မဲ့ လူငယ်တွေ၊ အလုပ်ဝင်စ လူငယ်တွေ စုပေါင်း ငှားရမ်း နေထိုင်ကြရတဲ့ နေရာ။  အားလုံး အသက် နှစ်ဆယ် အစိတ် ပတ်ဝန်းကျင် အရွယ်တွေ။  လူပျို ကိုယ်လွတ်တွေ။  ငါလိုလူမျိုး ငါက လွဲလို့ တယောက်မှ မရှိ။
စဉ်းစားကြည့်လေ။  အဲသည်လို အရွယ်လူငယ်ကလေးတွေနဲ့ချည်း နှစ်ရှည်လများ အနေကြာလာတော့ ငါကလည်း လွတ်နေ၊ စိတ်တွေလည်း ပြန်ငယ်လာတယ် ထင်ပါရဲ့။  အတွေးအခေါ်တွေလည်း ပြောင်းကုန်သလား မပြောတတ်ဘူး။  အင်အားချင်းကလည်း ငါက တယောက်တည်း။  သူတို့က အများ။  လွှမ်းမိုးလာတယ် အောက်မေ့ရတာပဲ။
ဟင့်အင်း မဟုတ်ဘူး။  မင်းပြောသလို တွဲချင်တဲ့စိတ်၊ နွှဲချင်တဲ့ ဆန္ဒမျိုးတော့ ဖြစ်မလာဘူး။  ဒါကတော့ သေချာတယ်။
နောက်တာ ပြောင်တာ၊ ရယ်စရာပြောတာက ပြောတာတခြား။  မိန်းမနဲ့ ပါတ်သက်လို့တော့  ငါ တော်တော် စိတ်ဓါတ်ကျသွားပြီ။  ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး။  ဒါအမှန်။
ဒါပေမယ့် ငါက ဘာလဲ မသိဘူး။ သတင်းစာဖတ်ရင် ခါတိုင်းလို မဖတ်ဘူး။  ခါတိုင်းဆိုရင် စာအုပ်ကြော်ငြာတွေ ပထမဆုံး လှန်ဖတ်လို့။  နောက် နာရေးကြော်ငြာတွေ ဖတ်လို့။  ဟောဗျ .. ခုတော့ 'အလိုရှိသည်' ဆိုတဲ့ အလုပ်လျှောက်လွှာ ခေါ်တဲ့ ကြော်ငြာတွေကိုပါ အရေးတကြီး ဖတ်နေပြီ။
ဘာလုပ်မှာလဲ။  ငါ့အသက်အရွယ်၊ ငါ့ပညာအရည်အချင်းနဲ့ ဘာဆိုင်သလဲ။  စဉ်းစားလို့ မရဘူး။  ဘာကြောင့် စိတ်ဝင်တစား ဖတ်မိနေတယ် ဆိုတာကို။
အလကား ပြောနေတာ မဟုတ်ဘူး။  တခါတလေ အဲဒီကြော်ငြာတဲ့ အလုပ်ကို စိတ်ကူးနဲ့ လျှောက်ကြည့်လိုက်တယ်။  ပြီးတော့ လူငယ်တွေ အလွတ်ကျက်ကြတဲ့ 'ပြည်မြန်မာ' စာအုပ် ဆိုရင်လည်း ကောက်ဖတ်ကြည့်၊ မှတ်။ ပြီးတော့ စာမေးပွဲ ဝင်ဖြေကြည့်။
တကယ်ရယ်ရတယ်။  ငါမအောင်ဘူး။  ငါ့ကိုယ် ငါသာ အပြင်ဘက်မှာ အထင်ကြီးနေတာ။  လူတွေ့အမေးခံရတဲ့ အဆင့်တောင် မရောက်လိုက်ဘူး။  ဖွတ်ကျား။  စိတ်ကူးထဲမှာတောင် အောက်တန်းကျ။
ဟေ့ကောင် . ဘာတွေ လိုက်ရေးမှတ်နေတာလဲ။  မဟုတ်တာတွေလည်း လျှောက်မထည့်နဲ့။  ငါပြောသမျှ အကုန်လုံးလည်း ထည့်ရေးဖို့ မလိုဘူး။  ဝတ္ထုတိုဆိုတာ တိုရမယ်။  တိုနိုင်သမျှ တိုရမယ်။ လျှာမရှည်နဲ့။  မလိုအပ်ရင် ထည့်မရေးနဲ့။  စာဖတ်တဲ့ လူတွေမှာလည်း အချိန်အား သိပ်ရှိတာ မဟုတ်ဘူး။  ပြောချင်တဲ့ စကားကို မြန်မြန်ပြော၊ တိုတိုပြော၊ ရှေးခေတ်က ရေးပုံရေးနည်းတွေကို အတုခိုး မမှားနဲ့။  စာအုပ်ဟောင်းပုံထဲက ပညာရှိဟောင်းတွေရဲ့ စကားတွေကိုလည်း နားယောင်မနေနဲ့။  မင်းရဲ့ အလုပ်က ရေး၊ ဆက်ရေး၊ စာရေးဆရာ ဖြစ်ချင်တယ် မဟုတ်လား။  ရေး၊ ပြောနေ ငြင်းနေလို့ စာရေးဆရာ မဖြစ်ဘူး။
ဟုတ်ပါ့။  လျှာရှည်တာက ငါ။  ပြောလက်စ စကားတောင် ဘယ်ရောက်သွားပါလိမ့်။
အေး .. လူငယ်တွေနဲ့ အတူနေတယ်။  လူငယ်တွေနဲ့ ပေါင်းတယ်။  ကိုယ့်ကိုယ်ကိုလည်း လူငယ်လို့ ထင်လာတယ်။
အခုမှ ဘွဲ့ရခါစ ပေါ့လေ။  အလုပ်မရှိသေးတော့ အလုပ်လျှောက်မယ်ပေါ့။  'အလိုရှိသည်' တွေကို သေသေချောချာ လိုက်ဖတ်။
ဆိုလိုတာက ဘဝကို အခုမှ စမယ်ပေါ့။  စာရေးဆရာ ဘဝကို မေ့လိုက်။  လူငယ်တယောက်။  မောင်သိန်းလွင်။ နောက်အသစ်တယောက်။
မောင်သိန်းလွင် ဘာဖြစ်ချင်သလဲ။  အနာဂတ်ဘဝအတွက် ဘယ်လို စိတ်ကူး ကြံစည်ထားသလဲ။  အလုပ် ရွေးပြီးပြီလား။  လမ်းရွေးပြီးပြီလား။  ဒါမှမဟုတ် ရရာအလုပ်လုပ်မှာလား။  လှေကြုံလိုက် မှာလား။  လွယ်တဲ့လမ်း သွားမှာလား။  ပန်းတိုင် သတ်မှတ်လျှောက်မှာလား။
ဟိုက် ဘယ်ဆိုးလို့တုန်း။
မောင်သိန်းလွင် အသစ်လည်း စိတ်မကျေပွဲ နွှဲချင်သေးတယ် ထင်ပါရဲ့။  ဘဝမှာ နောက်တကျော့ ထပ်ငတ်ချင်သေးတယ် ထင်ပါရဲ့။
ဆုံးဖြတ်ချက် ချလိုက်တယ်။  ကိုယ်ပိုင်အလုပ် လုပ်မယ်တဲ့
မင်းသိတယ် မဟုတ်လား။
ဝပ်ခါနီး ကြက်မတကောင်ကို ဝယ်ပြီး ကြက်ဥ ဆယ်ဥလုံး ထည့်ဝပ်ခိုင်းလိုက်တာ  အခု ပေါက်နေပြီ။  ဆယ်ကောင်။  တဥမှ မပျက်ဘူး။  အဝပ်ကောင်းလိုက်တဲ့ ကြက်မ။  သားထိန်းကောင်းလိုက်တဲ့ ကြက်မ။
ဟေ့ကောင် .. ငေးမနေနဲ့။  အဲဒါ သေသေချာချာ မှတ်။  တနိုင် မွေးမြူရေး ခေါ်တယ်။  မပါပါအောင် ထည့်ရေး။
အေး.. ကြက်ကလေးတွေအကြောင်း ကြုံလို့ ပြောအုန်းမယ်။  မင်းလဲ တိရစ္ဆာန် ချစ်တတ်တဲ့ အကောင်ပဲ။  အဆောင်ပိုင်ရှင် အပျိုကြီး အိုကလည်း တိရစ္ဆာန် ချစ်တတ်တယ်။  တော်သေးတာပေါ့။  ကြက်ဆိုတာ တံမြက်စည်း လှဲထားတဲ့ အမှိုက်ပုံကို ပြန်ဖွ ပစ်လို ဖွပစ်၊ ပေါင်းသင်မြေဖို့ထားတဲ့ ပန်းပင်ခြေရင်းတွေ ယက်လိုယက်နဲ့ ကောင်းကောင်း ပြသနာ တက်နိုင်တယ်။
အင်း .. ငါလည်း ဒီကြက်တွေ ပေါက်လာမှ အတော့်ကို အိမ်မြဲနေတယ်။  အဲ .. အဆောင်မြဲနေတယ်။
ဟန်တော့ကျတယ်။  မြို့ထဲကိုလဲ နေ့စဉ်မထွက်ဖြစ်တော့ဘူး။  ခရီးစရိတ် အကုန်အကျ သက်သာတာပေါ့။  ပြီးတော့ လက်ဘက်ရည် ဆိုင်တွေမှာလည်း သိပ်ကြာကြာ မထိုင်ဖြစ်တော့ဘူး။  အချိန်ပုပ် သက်သာတာပေါ့။
အလကားနေရင်း ငါ့ကြက်ကလေးတွေပဲ ငါထိုင်ကြည့်နေတယ်။  ကြက်ကျောင်းတယ် ဆိုပါတော့။
မင်းမသိဘူး။
လွှတ် စိတ်ဝင်စားဖို့ ကောင်းတယ်။
အစာတွေ့ရင် ကြက်မကြီးက အသံပြုပြီး လှမ်းခေါ်တယ်။  ကြက်ကလေးတွေ ပြေးလာပြီး စားကြတယ်။  ကြက်မကြီးက သူမစားဘူး။  အစာ သိပ်ပေါများနေမှ ဝင်စားတယ်။
နောက်တခါ ကျီးကန်းလာတယ်။  ရန်သူလာတယ်။  ကြက်မကြီးက အသံပြုလိုက်တယ်။  အတောင်နှစ်ဖက်ကို ဖွပေးတယ်။  ကြက်ကလေးတွေက အမေ့နား ပြေးလာကြပြီး ပုန်းကြတယ်။
မိဘမေတ္တာ ပြောပါတယ်။  တိရစ္ဆာန်တောင် ကိုယ့်သားသမီး ကိုယ်ချစ်တယ်။  ဒါလဲ ဖွဲ့နွဲ့ပြီး ရေးလို့ ရတာပဲ။
ငါပြောမယ်။  မနက်ကပဲ မြင်ခဲ့ရသေးတယ်။  ကြက်မကြီးက ပန်းအိုးအောက် အုတ်ခဲကြားက တီကောင်တကောင်ကို မိလိုက်တယ်။  ဆွဲထုတ်လိုက်တယ်။  ပြတ်ပါလာတယ်။  မစားဘူး။  သလင်းပြောင်မှာ ချပြီး ကတော့ ကတော့နဲ့ ကြက်ကလေးတွေကို လှမ်းခေါ်တယ်။  အသံပြု လိုက်တယ်။  ဒီတော့ ကြက်ကလေးတွေ ပြေးလာကြတယ်။   ဝိုင်းလုကြတယ်။
ကြက်ကလေးက ဆယ်ကောင်။  အစာက တခုတည်း။
ပထမဆုံး ရတဲ့အကောင်က အစာကို စားမယ်လို့ အပြင်မှာ နောက်တကောင်က ကောက်ယူပြေးတယ်။  နှုတ်သီးမှာ အစာတန်းလန်းနဲ့။  တကောင်က ပြေးတယ်။  ကိုးကောင်က လိုက်တယ်။
ချနားချိန် မရဘူး။  ချစားချိန် မရဘူး။  အချင်းချင်း အတင်းလုတယ်။
ပြေးတယ်။  လိုက်လုကြတယ်။  နားတယ်။  နောက်တကောင် ပါးစပ်ထဲ ပါသွားတယ်။  နောက်တကောင်က ပြေးရပြန်တယ်။
ဒီလိုနဲ့ ဆယ်ကောင်မှာ ဘယ်ကောင်မှ ဟုတ္တိပတ္တိ မစားလိုက်ရဘူး။  လုရင်းနဲ့ ပြတ်ကုန်တယ်။  ချီပြေးရင်းနဲ့ နည်းနည်း စားလိုက်တဲ့ကောင် စားရမယ်။
အစာကလေး အနည်းအပါး စားရပါမယ့် အရေး ပြေးကြရ၊ လွှားကြရ၊ လုကြရ၊ ယက်ကြရ။
ဒါလည်း ရေးတတ်ရင် ရေးလို့ ရတာပဲ။
ဟော .. နည်းနည်းကလေး အရွယ်ရောက်လာတော့ ကြက်မကြီးက သားမခွဲသေးဘူး။  သူတို့ အခေါ် 'အမွေလု' သတဲ့။  အချင်းချင်း ခွပ်ကုန်ကြပြီ။
ဒါလဲ ရေးလို့ ရတာပဲ။
ဟဲ့ကောင် အိပ်ငိုက်မနေနဲ့။  စာရေးဆရာ ဖြစ်ချင်တယ်ဆိုရင် မျက်စိကို ဖွင့်ထား။
မောင်သာရ

[ပေဖူးလွှာ ၁၉၈၆ မေလ]
(PS: http://mayaonlinemagazine.blogspot.com မှတစ်ဆင့် ကူးယူဖော်ပြပါသည်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း