စာရေးချင်သူများသို့


စာရေးချင်သူများသို့
စာရေးသူ=ရွှေကူမေနှင်း

                    စာရေးဆရာဖြစ်ဖို့ကြိုးပမ်းသူအာလုံးသည် လုံ့လ၀ီရီယထုတ်ရန်လိုကြောင်း အထူးပြောရန်လိုမည်မထင်ပါ။လုံ့လစိုက်ထုတ်ကြရသည်ချည်းဖြစ်သည်။သို့သော်လုံ့လစိုက်ထုတ်ကြပုံခြင်းကားတူညီခြင်းမရှိကြပေ။ထို့ကြောင့်လည်း အောင်မြင်မှု့ရပုံခြင်း မတူညီကြခြင်းဖြစ်သည်။ထိုသို့လုံ့လစိုက်ထုတ်ရာတွင် မရေးသားမှီလုံ့လစိုက်ထုတ်ရခြင်း၊ရေးသားဆဲလုံ့လစိုက်ထုတ်ရခြင်းနှင့် ရေးသားပြီးလုံ့လစိုက်ထုတ်ရခြင်းဟု ရှိပါသည်။
မရေးမှီလုံ့လစိုက်ထုတ်ရခြင်းမှာ မိမိရေးမည့်စာမူအတွက်အချက်အလက်ရှာဖွေစုဆောင်းခြင်း၊ သန္ဓေတည်ရခြင်းများဖြစ်သည်။ရေးသားဆဲလုံ့လစိုက်ရခြင်းမှာ စိတ်ရောကိုယ်ရော အပင်ပန်းခံရ၏။စာမူတစ်ပုဒ်လုံးပြီးဖို့အရေး လနှင့်ချီပြီးကြာလျှင် ထိုစာမူမပြီးမချင်း စားလည်းသည်စိတ်၊အိပ်လည်းသည်စိတ် ဖြစ်ရ၏။ရေးသားပြီးလုံ့လထုတ်ရခြင်းမှာ မိမိစာမူကိုပြန်လှန်သုံးသပ် အချောကိုင်ခြင်းကိုဆိုလိုပါသည်။
ထိုတတိယလုံ့လကိုကား စာရေးဆရာတိုင်းအပြည့်အ၀မလုပ်နိုင်ကြပေ။ကမ္ဘာကျော်ဝတ္ထုကြီးများ၏ သမိုင်းကိုဖတ်လျှင် စာမူကို အကြိမ်ငါးဆယ်ပြန်ရေးကြောင်းသိရသောအခါ တအံ့တသြဖြစ်ရ၏။ကျွန်မတို့သည် အများအားဖြင့် အချောပြန်မကိုင်နိုင်ကြပေ။စာမူကို ကတိုက်ကရိုက်ရေးကြရ၏။ရေးရင်း စဉ်းစား၊စဉ်းစားရင်းရေးလုပ်ကြရ၏။
တခါတရံ ပြန်၍ပင်မဖတ်နိုင်ဟုဆိုလျှင် မိုက်ရာကျမည်လားမသိ။တစ်ခါတစ်လေ တစ်ပိုဒ်ချင်းလောက်သာဖတ်ပြီးတစ်ပိုဒ်လုံးပြန်မဖတ်ဖြစ်ကြပေ။အခြေအနေအရအရင်လိုနေတာလည်း ဖြစ်မည်။အကျင့်ပါနေတာလည်း ဖြစ်နိုင်ပါသည်။အကျင့်ပါနေတာဆိုလျှင်တော့ ထိုအကျင့်ဆိုးကို ဖျောက်ဖျက်ရန်လိုပါသည်။လူတော်စာရေးဆရာများ၏စာမူများကို ကျွန်မဖတ်ဖူး၏။ပြင်ထားဖျက်ထားတာတွေ တွေ့ရမြဲဖြစ်သည်။ဘာကိုဖျက်ပြီး ဘာကိုပြင်သလဲဟု ကျွန်မစပ်စုဖူးပါသည်။သူတို့ဖျက်ထားပြီးသောစာလုံးထက် ပြင်ရေးထားသောာလုံးက ပိုကောင်းကြောင်းကိုလည်း တွေ့ခဲ့ရပါသည်။လုံးဝမဖျက်သော ပြင်စရာမရှိသောစာမူများကိုလည်း တွေ့ဖူး၏။၎င်းတို့မှာ အသစ်ပြန်ရေးသောစာမူများရှိသကဲ့သို့ သေချာစွာစဉ်းစားပြီးမှ ပြန်မပြင်တော့ဘဲ ချရေးတာမျိုးလည်း ရှိသည်။ပြန်ပြင်ရမှာကြောက်ပြီး သို့မဟုတ် ပျင်းပြီးမပြင်တော့တာမျိုးလည်း ဖြစ်နိုင်သည်။
မည်သို့ဆိုစေ စာရေးကောင်းသူဖြစ်ချင်လျှင်ကား Revision ခေါ်ပြန်လှန်သုံးသပ်ခြင်းကို မဖြစ်မနေပြုလုပ်သင့်ပါ၏။အထူးသဖြင့် လက်သင်စာရေးဆရာများအဖို့ဆိုလျှင် Revision ကိုလုပ်ကိုလုပ်ရမည်ဖြစ်သည်။Revision လုပ်ခြင်း၏အကျိုးများကိုလည်း လုပ်ကြည့်လျှင် သိနီုင်ပါသည်။ထို့ကြောင့် ယခုလစာရေးချင်သူများအတွက် “The Pleasure of Revision”ဆောင်းပါးကိုတင်ပြလိုက်ပါသည်။ဆောင်းပါးရေးသူ MARGARET CHITTENDEN သည်စာရေးသက်နှစ်ဆယ့်ငါးနှစ်ရှိပြီး ၀တ္ထုပေါင်းများစွာရေးခဲ့သူဖြစ်သည်။ထို့ပြင်စာရေးနည်းသင်တန်းတွင် လူကြိုက်များသော၊ထင်ပေါ်သော လက်ချာရာ သင်တန်းဆရာတစ်ဦးလည်းဖြစ်ပေသည်။ယခုဆောင်းပါးမှာ သူရေးသားသောစာအုပ်အသစ်တစ်အုပ်ဖြစ်သည့် HOW TO WRITE YOUR NOVEL မှထုတ်နှုတ်ချက်ဖြစ်ပါသည်။
ပြန်လှန်သုံးသပ်ခြင်း၏အရသာ
မြောက်များလှစွာသောဝတ္ထုစာမူများကို ကျွန်မဖတ်ခဲ့ရသည်။နှစ်ပေါင်းများစွာအတွင်း အတွေအကြုံနှင့်အတတ်ပညာ နည်းပညာပေးသောစာမူပေါင်းများစွာကို ဖတ်ခဲ့ရာ၌အားလုံးတူညီနေသောအချက်တစ်ချက်ကိုတွေ့ရသည်။ထိုတစ်ခုတည်းသောတူညီသည့်အချက်ကား အခြားမဟုတ် ၎င်းတို့သည် ယခုထက်ပို၍အလုပ်လုပ်ဖို့လိုနေသည်ဆိုသော အချက်ပင်တည်း။ထိုအတိုင်းပင်အမြဲတမ်းတွေ့ခဲ့ရပေသည်။
စာမူကောင်းဟူသည် အပြန်ပြန်ရေးခြင်းမှရလာသော ရလာဒ်ပင်ဖြစ်သည်။မည်သည့်စာရေးဆရာမှ ပထမတစ်ကြိမ်တည်းရေးရုံနှင့် စာမူအပြည့်အ၀ကို မရရှိကြပေ။စာရေးသူဆိုလျှင် မိမိအတတ်နိုင်ဆုံးအကောင်းဆုံး လုပ်နိုင်သည်အထိ အပြန်ပြန်ရေးသည်။အပြန်ပြန်စဉ်းစားခဲ့လေသည်။စာရေးသူ၏စာရေးစားပွဲမှလွှတ်လိုက်သောစာမူသည် စာရေးသူအနေနှင့် ထိုအချိန်၌ အကောင်းဆုံးထုတ်လုပ်နိုင်သမျှ အစွမ်းကုန်လုပ်လိုက်ခြင်းပင်ဖြစ်သည်။
မိတ်ဆွေသည်လည်း စာရေးခြင်းနှင့်ပါတ်သက်ပြီး မိမိကိုယ်မိမိ လူရောစိတ်ပါ အပင်ပန်းခံ၊အနစ်နာခံပြီး မိမိစာအပေါ်သစ္စာရှိရပါမည်။ရေးပြီးသားစကားလုံးတွေထဲမြှ ပြန်လည်ပြုပြင်ပြောင်းလဲရန် တစ်လုံးမျှမရှိဟု မတွေးပါလေနှင့်။ရေးနေစဉ်မှာလည်း မိမိ၏စကားလုံးရွေးချယ်မှု့နှင့်ပါတ်သက်၍ပင်ပန်းသည်ဟု သဘောမထားပါလေနှင့်။ပင်ပန်းသည်ဟုထင်လျှင် စာမူကို ပြန်လည်ဖတ်ရှု့သုံးသပ်သောအချိန်၌ရရှိမည့်အရသာကို လက်လွတ်သွားပေလိမ့်မည်။မိမိစာမူပေါ်၌လက်ချောင်းကလေးများ ခေါက်တုံ့ခေါက်ပြန်ရွေ့လျား ၀ဲပျံရင်း စာလုံးအသစ်များ စိတ်ထဲပေါ်လာလျှင် ပေါ်လာချင်း ပြန်ပြင်ရးသောအခါ ဖြစ်ပေါ်လာသည့်အရသာကို မသိဘဲဖြစ်သွားလိမ့်မည်။
စာရေးသူအဖို့ဆိုလျှင် နောက်ဆုံးပြန်လည်သုံးသပ်ရခြင်းသည် အလွန်ပျော်မွေ့သောကိစ္စဖြစ်သည်။ပြန်လည်ဖတ်ရှု့သောအခါ မိမိကိုယ်တိုင် စာရွက်ပေါ်၌ချရေးခဲ့သော စာလုံးအချို့၊အရေးအသားအချို့သည် ယခုအခါ ဘယ်နေရာ၌မှားနေကြောင်းမြင်နိုင်သည်။အကြိမ်ပေါင်းများစွာ ရေးခဲ့ပြီးနောက်တွင် အကောင်းဆုံးကိုတွေ့ရပေသည်။အကြိမ်ပေါင်းများစွာစစ်ဆေးကြည့်ခြင်းဖြင့် အကြိမ်တိုင်းမှာပင် စာမူထဲမှအကြောင်းအရာတစ်ခုချင်းဆီကို စစ်ဆေးရ၏။မိမိစာမူတွင် အတိုင်းအတာ၊အခင်းအကျင်း၊လှုပ်ရှားမှု့၊နေရာချထားမှု့စသညို့ကို တစ်ခုချင်းသုံးသပ်ရ၏။သို့မဟုတ်ပါက မိမိစာ၊မိမိဝတ္ထုထဲတွင် ချုပ်နှောင်မိပြီး အဆုံးသတ်သွားမည်ဖြစ်၏။
ပထမတွင် မိမိစာမူကို ပြန်ဖတ်သည်ဆိုသော်လည်း ဖတ်ရုံမဟုတ်၊စစ်ဆေးခြင်းဖြစ်၏။မိမိစာမူအစသည် နှေးကွေးနေသလား၊စာမျက်နှာတိုင်းမှာ စိတ်ဝင်စားစရာကောင်းရဲ့လားစသဖြင့် စစ်ဆေးခြင်းဖြစ်သည်။အစသည် စိတ်ဝင်စားစရာကောင်းမကောင်း၊အလည်မှာအီနေမနေ၊စာမူတစ်ခုလုံး၏အချိုးနှင့်ကြည့်သောအခါ တိုလွန်းရှည်လွန်းမရှိဘဲ အချိုးအစားမျှမမျှတို့ကိုလည်း စစ်ဆေးရသည်။
ဝတ္ထုဖြစ်လျှင် မိမိဇာတ်ကောင်များကိုနေရာချရာ၌ထင်သာမြင်သာဖြစ်ရဲ့လား၊ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားဖြစ်ရဲ့လား၊စိတ်ဝင်စားစရာဖြစ်ရဲ့လား၊ဇာတ်ကောင်များ၏အပြုအမူကို မြင်သာရဲ့လား စသဖြင့်စစ်ဆေးရသည်။စာမူအလယ်သို့ရောက်လာလျှင်လည်း မိမိဘာသာမေးရသည်။တစ်ခုခုဖြစ်ပျက်နေရဲ့လား။ဇာတ်က လှုပ်ရှားရဲ့လား၊သေနေသလား၊မျောနေသလား မဟုတ်ပါက ထိုစာမျက်နှာများကို ဂရုပြုပြီးပြန်ပြင်ရန်လိုလေသည်။ဇာတ်ကောင်တစ်ကောင်သည် အကြာကြီးထိုင်ပြီးစဉ်းစားတွေးတောနေတာမျိုး မဖြစ်စေရန်လည်း သတိပြုရပေလိမ့်မည်။ထို့ပြင် မိမိရေးထားသောစာမူ သို့မဟုတ် ဇာတ်လမ်းသည် အကျိုးနှင့်အကြောင်းညီညွတ်ရဲ့လား၊သဘာဝကျရဲ့လားဟု စစ်ဆေးရသည်။ဝတ္ထုဆိုလျှင်လည်း အားပြိုင်မှု့ရှိရဲ့လား၊လှုပ်ရှားမှု့ရှိရဲ့လား၊စာဖတ်သူများငြီးငွေ့ပြီး စာမျက်နှာတွေကျော်သွားနိုင်လား စသဖြင့် စစ်ဆေးရပေလိမ့်မည်။
၎င်းနောက် စာမူ၏အဆုံးသတ်ကိုလည်း ပြန်လည်သုံးသပ်စစ်ဆေးရန်လိုသည်။ဝတ္ထုဆိုလျှင်လည်း အဆုံးသတ်အခန်းသည် ကျေနပ်ဖွယ်ရှိရဲ့လား၊ယုံကြည်ဖွယ်ဖြစ်ရဲ့လား၊ကြိုတင်မှန်းဆထားသည့်အတိုင်းမဟုတ်ဘဲ မထင်ထားတာမျိုးဖြစ်နေသလား၊ဇာတ်၏အရွေ့အလျားသည် စာဖတ်သူကို လွှမ်မိုးချုပ်ကိုင်နိုင်ရဲ့လား စသဖြင့် ဆန်းစစ်ရ၏။
စာရေးသားရာတွင်လည်း အချိန်ကိုလည်းဂရုစိုက်ရသည်။မိမိ၏ဇာတ်ကောင်များသည် အခြေအနေနှင့် လိုက်ဖက်အောင် ၀တ်စားတတ်ရ၏။အပြုအမူနှင့် လိုက်လျောညီထွေဖြစ်အောင် ၀တ်စားတတ်ရ၏။လွန်ခဲ့သောနှစ်ပေါင်းများစွာက စာရေးသူသည် စတူဒီယိုတစ်ခုတွင် မှတ်တမ်းတင်သူအဖြစ် အလုပ်လုပ်ဖူးသည်။ရုပ်ရှင်ရိုက်ရင်း အခန်းစဉ်မပြတ်ဘဲ နောက်တစ်ခါဆက်ရိုက်ရသည်ဆိုလျှင် မှတ်တမ်းတင်သူသည် အစစအရာရာကို ဂရုစိုက်ရသည်။ဥပမာ-ဇာတ်လိုက်မိန်းကလေးက လက်သုတ်ပုဝါကို ကြမ်းပြင်ပေါ်သို့ပစ်ချထားခဲ့သောအခန်းကို ရိုက်ပြီးပြတ်သွားသည်ဆိုပါစို့။နောက်ဆက်ရိုက်သောအခါ လက်သုတ်ပုဝါသည် အခေါက်မပျက် စားပွဲပေါ်ပြန်ရောက်နေတာမျိုးမဖြစ်သင့်ပေ။ဇာတ်လိုက်မင်းသားသည် နက္ကတိုင်စီးထားသည်ဖြစ်လျှင် အခန်းမပြောင်းသေးပါမူ ယခင်နက္ကတိုင်ကိုပင် စည်းထားရပေလိမ့်မည်။ထိုကဲ့သို့ရုပ်ရှင်ရိုက်ရာတွင် အသေးစိတ်အချက်အလက်များအရေးပါသကဲ့သို့ စာရေးရာတွင်လည်း အသေးစိတ်အချက်များကို ဂရုပြုရန် အရေးကြီးလှပေသည်။
ဝတ္ထုရေးသောအခါ ရာသီဥတုကိုလည်း သတိထားရသည်။မိုးရွာနေချိန်ဟုရေးထားလျှင် ထိုအချိန်၌ ပါဝင်နေသော ဇာတ်ကောင်များ အပြင်ထွက်လျှင် ထီးပါကြရဲ့လား။မိုးရွာနေသည်ဆိုပြီး ထီးမပါဘဲ ခြောက်ခြောက်သွေ့သွေ့စကားရပ်ပြောနေကြသလား စသည်ဖြင့် စစ်ဆေးရမည်။
အထက်ပါအတိုင် တိတိကျကျ အပင်ပန်းခံပြီး စစ်ဆေး၊ပြန်ရေး စသည်ဖြင့် အကြိမ်ကြိမ်ပြုလုပ်ပြီးသည့်တိုင် စာမူကို အစမှအဆုံး တစ်လုံးချင်း ပြန်ဖတ်ရသည်။ဘာကြောင့်နည်း။
အထက်ပါအချက်များအားလုံး ကျေနပ်လောက်သည်ဆိုလျှင်ပင် အချက်အလက်များမှန်ရဲ့လားဟု ပြန်စစ်ရန်လိုပါသေးသည်။ဥပမာ ၀တ္ထုထဲ၌ ‘ဂျာမေကာအင်းကို ဘော့မင်မိုးအရပ်၌ ရှိသည်’ဟုရေးထားရာ တစ်ကယ်ရှိရဲ့လား။မှောင်ခိုသမားများအကြောင်းရေးသူသည် ရုဒ်ယာဒ်ကစ်လိန်းဟုဖော်ပြထားရာသေချာရဲ့လား၊ဇာတ်ကောင်များ၏အမည်များကို စာလုံးပေါင်းထားတာ မှန်ရဲ့လား စသဖြင့် စစ်ဆေးရပေဦးမည်။
မိမိရေးထားသော အချက်အလက်များအားလုံး မည်မျှခိုင်မာသနည်း။မိမိရေးခဲ့သောဝါကျများသည် တစ်ပုံစံတည်းဖြစ်နေသလား။ဥပမာ ဂျန်နာသည် တံခါးပေါက်မှ ခေါင်းလောင်းခေါ်သံကို ပြန်ထူးလိုက်သည်။သူသည် တံခါးကိုဖွင့်လိုက်သည်။တံခါးဝတွင် မိန်မတစ်ယောက်ရပ်နေသည်။ဂျန်နာက ထိုမိန်းမကိုကြည့်နေသည် ဆိုတာမျိုး တစ်ပုံစံတည်းဖြစ်နေသလား။
ထို့နောက်မိမိ၏ဇာတ်ကောင်များကို ပြန်လည်သုံးသပ်ရပေဦးမည်။မိမိဇာတ်ကောင်များသည် ရှင်သန်လျှက်ရှိကြရဲ့လား။လှုပ်လှုပ်ရှားရှားရှိရဲ့လား။ဇာတ်အစမှအဆုံး သွက်သွက်လက်လက်လှုပ်ရှားသွားကြရဲ့လား။စာဖတ်သူတွေက မိမိဇာတ်ကောင်များကို ဂရုစိုက်မိကြပါ့မလား။မထင်မရှားဖြင့်အရးမပါ ဖြစ်နေကြသလား။
စကားအပြန်အလှန်ပြောခန်းတွေကကော ဟန်ကျရဲ့လား။စာရေးသူဆိုလျှင် စကားပြောခန်းများကို ပြန်ဖတ်သောအခါ မသေချာသောစာလုံးများကို နှုတ်မှ အသံထွက်၍ စကားပြောကြည့်၏။အများအားဖြင့် မိမိ၏နားအာရုံ၌ ကြားယောင်ပြီ့း ယုံကြည်ရလေသည်။ဇာတ်ကောင်များသည် တူနေကြသလား။စကားပြောလျှင်လည်း တစ်ယောက်ကအကြာကြီးပြောပြီး တစ်ယောက်ကထောက်ရုံဖြင့် ပြောနေသလား။မိန့်ခွန်းရှည်ကြီးလို ဖြစ်နေသလား စသဖြင့်ဖေန်ကာ တည်းဖြတ်ရသည်။အချို့စကားပြောခန်းများတွင် နှုတ်ဆက်စကားပြောရာ၌ မလိုအပ်ဘဲ ရာသီဥတုအကြောင်း၊နေကောင်းရဲ့နော်ဆိုတာမျိုး ပြောနေမိလျှင် ပြင်ရသည်။
ထို့ပြင်သဒ္ဒါနှင့်သတ်ပုံအမှားများကိုပြန်ရန်လည်း ပြောဖို့လိုမည်မထင်ပါ။မိမိစာမူကိုပြန်ဖတ်သောအခါ သဒ္ဒါအမှားရေးထားခြင်းရှိမရှိ ရှာဖွေရသည်။သတ်ပုံအများများကို ရှာဖွေရသည်။သဒ္ဒါအရာ၌ နောက်အဆက်များကို အထူးသတိထားရပါသည်။(ဥပမာ ကျွန်တော်သည် ရေချိုးပြီး၊ထမင်းစားပြီး၊အိမ်ကိုတံခါးပိတ်ပြီံး ထွက်ခဲ့၏ ဆိုတာမျိုးလည်းရှိပေသည်။)မိမိစာမူတစ်လျှောက်လုံး နောက်ဆက်များသုံးရာတွင် ထပ်မနေဖို့၊စကားလုံးတစ်လုံးကို အကြိမ်ကြိမ်မသုံးမိဖို့လည်း ဂရုစိုက်ရသည်။
နောက်ဆုံးတွင် မိမိ၏၀တ္ထု(သို့မဟုတ်)အခြားစာမူမျိုးကို အစမှအဆုံး ဖြစ်နိုင်လဆင် မနားဘဲ တောက်လျှောက်ဖတ်ပစ်လိုက်ရသည်။ထိုသို့ဖတ်လိုက်သောအခါ မိမိဘာသာစိတ်ဝင်စားသည်ဆိုပါက အယ်ဒီတာများလည်း စိတ်ဝင်စားလိမ့်မည်။စာဖတ်သူများကလည်း စိတ်ဝင်စားမှာ သေချာလေသည်။
ထို့ကြောင့် စာရေးဆရာတစ်ယောက်သည် မိမိ၏စာမူကို အယ်ဒီတာထံမပို့မှီ မိမိကိုယ်တိုင် အပြန်ပြန်ပြုပြင်ပြီး မိမိ အတတ်နိုင်ဆုံးဖြစ်သွားပြီ၊သည့်ထက်ပိုကောင်းအောင် မထုတ်လုပ်နိုင်တော့ပါဟု ပြောရသည်အထိ ပြုလုပ်ရပါမည်။၎င်းသည်ပင်လျှင် စာရေးဆရာ၏တာဝန်ယူမှု့ဖြစ်၏။စာရေးဆရာ၏ ပျော်မွေ့ဖွယ်လည်းဖြစ်၏။

MAGRET CHITTNDEN
The Pleasure of Revision
စတိုင်သစ်၊အမှတ် ၆၂၊မေလ
ရွှေကူမေနှင်း
စာရေးချင်သူများသို့
(မှတ်ချက်။ ။ Nan Kyar Phyu ထံမှ ကူးယူပါသည်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း