မောင်ဖိုးချို သို့မဟုတ် (ယက္ခ)ရဲကြီး
မောင်ဖိုးချို သို့မဟုတ် (ယက္ခ)ရဲကြီး
အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ဦးဆောင်ဆွေးနွေးဖို့ ရွေးချယ်လိုက်တဲ့ စာအုပ်ကတော့ မောင်ဖိုးချို စာစုများ ဖြစ်ပါတယ်။ ဘာကြောင့် ရွေးချယ်လိုက်ရသလဲ ဆိုတော့ သူက ထွက်ထားတာ မကြာသေးတဲ့ စာအုပ်တစ်အုပ် ဖြစ်နေတယ်။ နောက်ပြီး သူ့စာအုပ်ထဲမှာ ခေတ်ကိုထင်ဟပ်ထားတဲ့ အချက်အလက်တွေ ပါနေတယ်။ အပြစ်တင် ပုတ်ခတ်တာ မဟုတ်ဘဲ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ လွဲနေတာတွေ၊ အံချော်နေတာတွေကို ပါးပါးလေးပြထားပါတယ်။
မောင်ဖိုးချိုစာစုကို မပြောခင် သူ့ရဲ့ခေါင်းကိုင်ဖခင်အကြောင်း အနည်းငယ် ပြောချင်ပါတယ်။ (ယက္ခ)ရဲကြီးပါ။ သူ့နာမည်က ရဲဖြိုးကျော်ပါ။ သူက ဆရာဝန်ပါ။ အခုလောလောဆယ် ဘိုကလေးမှာ ပုဂ္ဂလိက ဆေးရုံဖွင့်ထားပါတယ်။ မုံရွာအနောက်ဘက်က ကြေးစင်တောင် (မိုင်း) မှာ ငယ်ငယ်တုန်းက နေသွားဖူးပါတယ်။ သူက ဆရာဝန် စာရေးဆရာဖြစ်ပေမယ့် ခင်မင်တဲ့ စာရေးဆရာတိုင်းကို သူငယ်ချင်းလို ဆက်ဆံတတ်သူပါ။ အဆင့်နိမ့်လို့၊ အဆင့်မြင့်လို့၊ စာနိမ့်လို့၊ စာမြင့်လို့ စသဖြင့် ခွဲခြားမဆက်ဆံဘဲ ပုခုံးဖက် ပေါင်းတတ်တဲ့ သူ့စိတ်ဓာတ်ကို သဘောကျတာပါ။ သူရေးတဲ့စာတွေမှာ ပညာပြရေးတာ၊ ဆရာလုပ်တာ မဟုတ်ဘဲ သူငယ်ချင်းအချင်းချင်း သူ့အမြင်ကို ပြောပြတဲ့ပုံဟန်ဖြစ်တဲ့အတွက်လည်း သူ့စာကို နှစ်သက်ပါတယ်။
သူ့ဇာတ်ကောင် မောင်ဖိုးချို ဖြစ်လာပုံလေးကိုလည်း ပြောပြချင်ပါတယ်။ တစ်နေ့ သူ့သူငယ်ချင်း အိမ်အလည် သွားတယ်။ “ ဖိုးချို ရေ မင်းသူငယ်ချင်းရောက်နေတယ် ” လို့ အလည်သွားတဲ့အိမ်က ပြောသံကြားလိုက်ရတယ်။ သူ့သူငယ်ချင်းမေးကြည့်တော့ ဟုတ်တယ် ဖိုးချိုဆိုတာ သူ့အိမ်နာမည်တဲ့။ သူက နာမည်လေးက မြန်မာဆန်တယ်ဆိုပြီး ကြိုက်လွန်းလို့ သူ့ဇာတ်ကောင်ကို မောင်ဖိုးချို နာမည်ပေးလိုက်တော့တယ်။
သူရေးတဲ့ စာလေးတွေက သွက်တယ်။ ဆရာ သိပ္ပံမောင်ဝ လို ဟန်မျိုးလို့ ကျွန်တော်ထင်ပါတယ်။ ဆိုပါတော့ သူ့အဒေါ်က ထမင်းချက်ခိုင်းတဲ့ အခန်းမှာ သူက မီးပျက်နေတဲ့အတွက် မီးသွေးနဲ့ ချက်တယ်။ အဲဒီမှာ ပေပွနေတော့ သူ့ပုံကို ဖွဲ့ထားတာက …
“ ပေပွသော ကိုယ်ကို ကြည့်မိ၏။ ဉာဏ်ကောင်းသော ဖိုးချိုနှင့် လားလားမျှ မလျော်၊ ရေချိုးမှ တော်တော့မည်။ ရေချိုးခန်းသို့ ဝင်လေသတည်း …”
စသဖြင့် သရော်တော်တော်လေး ရေးတယ်။ စာတိုလေးတွေနဲ့ သွက်အောင် ရေးထားတယ်။ အဲဒီလို ဟန်လေးတွေနဲ့ အသွက်ရေးတတ်ချင်တယ်။ ကျွန်တော် မရေးတတ်ဘူး။ အဲဒီတော့ ကျွန်တော် ကြိုက်တဲ့သူ့စာကို ပိုဖတ်ဖြစ်သွားတာပေါ့။ ကျွန်တော့် အမျိုးသမီးကလည်း မောင်ဖိုးချိုကို သဘောကျတယ်။ ဟိုတနေ့က စာဖတ်ရင်း အသံထွက်ရယ်နေလို့
“ မင်းကွာ ငါ့စာများ အဲဒီလို စိတ်ပါလက်ပါဖတ်ရင် ကောင်းမှာ”
လို့ပြောတော့ သူက
“ မဖတ်ချင်ပေါင်၊ ရှင်ရေးထားတာတွေက အလွမ်းအဆွေးတွေနဲ့ ခေါင်းကိုက်စရာကြီး၊ မောင်ဖိုးချိုလို ပေါ့ပေါ့ပါးပါးမှ ကြိုက်တာ”
လို့ ပြန်ပြောသဗျ။ ဆိုချင်တာက မောင်ဖိုးချိုဟာ ပေါ့ပေါ့ပါးပါးနဲ့ ခေတ်ကိုထင်ဟပ်ပြနိုင်တယ်။ လူတွေ နှစ်သက်တာ သုံးမျိုးလောက် ရှိမယ်ဗျ။ တစ်မျိုးက အားကျတာ၊ နောက်တမျိုးက ကိုယ်ဖြစ်စေချင်တာကို ဇာတ်ကောင်က လုပ်ပေးတာ၊ နောက်ဆုံးက ကိုယ့်အဖြစ်နဲ့ တူနေတာ၊ တိုက်ဆိုင်နေတာမျိုးပေါ့။
သူရေးတဲ့အထဲက ကျွန်တော်နှစ်သက်တဲ့ စာပိုဒ်တချို့ပြောပြချင်ပါတယ်။
“ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ မလိုက်နာနိုင်သရွေ့ ယာဉ်ကြောပိတ်ဆို့မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာမှာပါပဲ …”
“ ရုပ်ရှင်ပိတ်ကားပေါ်က နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းရှေ့မှာ ဒူးချိတ်ခြေဆင်းထိုင်နေတတ်သရွေ့တော့ အိမ်အပြင်ဘက်ရောက်တိုင်း “ ရွှေ” တွေကို “ ရွှေ” တွေလို ဆက်ဆံတာ ခံနေရဦးမှာပဲ ”
အဲဒီလိုစာလေးတွေ သူရေးတဲ့အထဲမှာ အများကြီးတွေ့ရတတ်တယ်။ အခု မောင်ဖိုးချိုနှင့် ထမင်းတစ်အိုးထဲမှာ ဆိုလည်း သူ့အဒေါ်နဲ့ သူ့ရဲ့ ခေတ်ဟောင်းနဲ့ လက်ရှိ ကွာဟချက်လေးတွေကို ပြသွားတယ်။ သူ့အဒေါ်က ခေတ်ပေါ် အသုံးအဆောင်တွေ ကောင်းကောင်း မသုံးတတ်ဘူး။ သူက သုံးတတ်တယ်။ ထမင်းချက်တဲ့အခါကျ သူအဆင်မပြေတော့ဘူး။ ဟိုးတုန်းက ရိုင်းတဲ့စကားလုံးက ဒီနေ့ခေတ်မှာ မရိုင်းတော့တဲ့အပြင် ရင်းနှီးတဲ့ အသုံးတွေဖြစ်လို့ အဲဒီလိုမျိုးတွေပေါ့။ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးပွဲဆိုတဲ့အတိုင်း စာအုပ်လေးတွေလဲ ဝေထားတာမို့ ဖတ်ပြီးသွားတဲ့ကိုယ့်အမြင်၊ သူ့အမြင်လေးတွေကို ဝိုင်ပြီးဆွေးနွေးပေးကြပါခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(PS:၁၆.၁၁.၂၀၁၉ တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာတချို့ကို မှတ်မိသလောက် စာစီထားခြင်းသာ...။ ပုံကတော့ ဆရာ (ယက္ခ)ရဲကြီး ကေလေးစာပေပွဲ ဟောပြောနေတုန်းကပုံပါ။)
ရှဥ့်ညိုလေး
(၁၆.၁၁.၂၀၁၉)
Comments
Post a Comment