သင်္ချာဆရာလေး ကိုဖြိုးမောင်

 
သင်္ချာဆရာလေး ကိုဖြိုးမောင်
 
          ယခုအခါတွင် ဖြိုးမောင်တစ်ယောက် ဆရာတစ်ပိုင်းကျောင်းသားတစ်ပိုင်းဖြစ်နေသည်။ တက္ကသိုလ် တက်ရင်း အိမ်နားလေးမှ ဆယ်တန်းကျောင်းသူလေးတစ်ဦးကို ဂိုက် လုပ်ပေးနေရသောကြောင့်ဖြစ်သည်။ သူက အနစ်နာ မခံနိုင်သော်လည်း စေတနာနှင့် ဝါသနာကြောင့် အခမဲ့ကူညီပေးနေခြင်း ဖြစ်သည်။ စေတနာမှာ ဆယ်တန်းကို ဂုဏ်ထူးများများနှင့် အောင်စေချင်သည်။ ဝါသနာမှာ …အဲ ဝါသနာမှာ…။
အခြေအနေတိုးတက်မှုတို့က အားရစရာပဲဖြစ်သည်။ ကောင်မလေးက စာတော်ရုံ၊ ကြိုးစားရုံ သာမက ဥာဏ်လည်းကောင်းသည်။ အရိပ်ပြလိုက်လျှင် အကောင်မြင်ရုံသာမက အလေးချိန်ပါ တွက်ချက်ပြ နိုင်သူဖြစ်သည်။ စာသင်နေရာမှ စိတ်ဝင်တစား နားထောင်ရင်း စာအုပ်ကို အာရုံစိုက်နေသည့် ကောင်မလေး ကို ရွှတ်ခနဲ နမ်းပစ်လိုက်သည်။ အံ့အားသင့်ကာ မော့်ကြည့်လာသည့် ကောင်မလေး၏ နဖူးကို ထပ်နမ်း လိုက်သည်။ ထို့နောက် တိုးတိုးလေး ပြောလိုက်သည်။
“ အဲဒါ ပေါင်းခြင်း …”
အရိပ်ပြလျှင် အကောင်သာမက အလေးချိန်ပါ တွက်ချက်နိုင်သည့် ကောင်မလေးမှ ချက်ခြင်းပင် လက်တုန့်ပြန်လိုက်သည်။ ထိုလက်တုန့်ပြန်သံက ရွှတ်ဆိုသော အသံထွက်သွားသည်။
“ အဲဒါ နှုတ်ခြင်း …”
ဖြိုးမောင် ပြုံးလိုက်သည်။ ထို့နောက်နှစ်ယောက်သား ဘာမျှ မပြောဖြစ်တော့ဘဲ ခေါင်းနှစ်လုံးပူး သွားသည်။ နှစ်ယောက်စလုံးထံမှ ပြိုင်တူအသံထွက်လာသည်။
“ အဲဒါ မြှောက်ခြင်း …”
ထိုအသံနှင့်အတူ “ ဖုန်း …” ဆိုသော အသံကြီးထွက်လာသည်။
“ မှတ်ထားကွ အဲဒါ အကြွင်းမဲ့စားခြင်း …”
ကောင်မလေး၏ အစ်ကိုထံမှ ထိုကြုံးဝါးသံအဆုံး ဖြိုးမောင်တစ်ယောက် စာကြည့်ခန်းထဲတွင် မှောက်ရက်ကြီးလဲနေရာမှထကာ ဝရုန်းသုန်းကားဖြင့် ထွက်ပြေးလာခဲ့လိုက်သည်။ အိမ်ရောက်သော် နာကျင်နေသည့် မြီးညောင့်ရိုးလေးစမ်းရင်း သူသင်ပေးသည့် သင်ခန်းစာထဲမှာ ပေါင်းခြင်း၊ နှုတ်ခြင်းနှင့် မြှောက်ခြင်းသည် ကောင်မလေးအစ်ကို၏ အကြွင်းမဲ့စားခြင်းနှင့် ညီမျှခြင်းကျပါရဲ့လားဆိုတာကိုပဲ ဖြစ် သည်။
ထို့နောက်များတွင် ကိုဖြိုးမောင်တစ်ယောက် ရပ်ကွက်ထဲတွင် ဂိုက် မလိုက်တော့သော်လည်း သင်္ချာဆရာလေးအဖြစ် နာမည်ကြီးသွားတော့သည်။ ထိုနာမည်ကြီးမှုကြောင့် စိတ်ဖိစီးမှုများနေသဖြင့် သင်္ချာဆရာလေးသည် တက္ကသိုလ်စာမေးပွဲတွင် ဆပ်ပလီထိလေတော့သည်။ ဆပ်ပလီထိသည့် မေဂျာကို သတ်မှတ်ရက်တွင် ပြန်ဖြေသော်လည်း မအောင်ဘဲ ကျခဲ့ရလေသည်။ ထိုဘာသာမှာ သင်္ချာဖြစ်လေသည်။
တစ်နေ့ ဖြိုးမောင်တစ်ယောက် ကျွန်တော့်အိမ်သို့ အလည်ရောက်နေသည်။ အဝေးသင်တက်နေ သည့် နယ်မှ နှမဝမ်းကွဲတစ်ယောက်လည်း အိမ်သို့ရောက်နေချိန်ဖြစ်သည်။ သူတို့နှစ်ယောက်ကို ဧည့်ခန်း ထဲထားခဲ့ရင်း နံရံတစ်ချပ်သာခြားသည့် စာကြည့်ခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ကျွန်တော်က စာရူးပေရူးဖြစ်သည်။ မည်သည့် မဂ္ဂဇင်း၊ ဂျာနယ်မျှ ပေးပို့ဖော်ပြဖူးခြင်းမရှိသော်လည်း ပေါက်တတ်ကရ ရေးထားသည့် စာတိုလေးများကို သူငယ်ချင်းများအား လက်ဖက်ရည်တိုက်ကာ ဇွတ်ဖတ်ခိုင်းရင်း ကဗျာဆရာယောင်ယောင်၊ စာရေးဆရာယောင်ယောင် ထင်မှတ်နေသူဖြစ်သည်။
အိမ်နီးနားချင်း ကလေး တစ်ယောက်ထံမှ လွယ်အိတ်အသစ်တစ်လုံးနှင့် လဲထားရသည့် ပေါက်နေသည့် လွယ်အိတ်ဟောင်းလေးကို လွယ်ကာ စာပေဟောပြောပွဲများရှိရာသို့ အလည်ရောက်တတ် သူ ဖြစ်သည်။ ယခုအခါတွင် စာရေးဆရာတော်တော်များများ ဒီဇိုင်းမျိုးစုံ ပါဝါမျက်မှန်ကိုယ်စီနှင့် ဖြစ်နေ၍ ပါဝါမပါသည့် မျက်မှန်တစ်လက်ကို အပြင်ထွက်တိုင်း တပ်သွားတတ်သည်မှာ မကြာသေးချေ။ ဒီအတိုင်း ကြည့်လျှင် ကြည်လင်နေသော်လည်း မျက်မှန်တပ်လိုက်မှ မြင်းကွင်းတို့က ဝေဝါးသွားကာ မမြင်မစမ်းနှင့် ဆိုင်ကယ်နှင့် ကားတို့ တိုက်မိမလိုဖြစ်သည်မှာ မကြာခဏဖြစ်သည်။ ယခုလည်း ပေါက်တတ်ကရ ရေးထားသည့် စာမူလေးကို အလိုက်ကမ်းဆိုးမသိ အလည်ရောက်လာသည့် ကံဆိုးသူ မောင်ရှင်ကို ပေးဖတ်ရန်အတွက် စာကြည့်ခန်းထဲသို့ဝင်ကာ စာမူလာရှာခြင်းဖြစ်သည်။ ထိုစဉ် ဧည့်ခန်းရှိ ဖြိုးမောင်ထံမှ စကားသံထွက်လာသည်။
“ ညလေး စာတွေလိုက်နိုင်ရဲ့လား …”
ညီမလေးဟု ပြောခြင်းဖြစ်သော်လည်း မေးစေ့ချွန်ချွန်လေးနှင့် မခို့တရို့ပြောတတ်သည့် သူ၏ လေသံတိုးတိုးကြောင့် ညလေးဖြစ်သွားခြင်းဖြစ်သည်။ ကျွန်တော် နားစွင့်နေလိုက်သည်။
“ ဘာတွေ သင်မှန်းလည်း မသိပါဘူးအစ်ကိုရာ၊ မှီအောင်ကို မနည်းလိုက်နေရတယ်…”
ရွာသူ အဲလေ တောသူမက ဒီငတိအထာကို မသိဘဲ ညည်းပြနေသေးသည်။
“ မသိတာရှိရင်မေးလေ၊ အစ်ကိုရှင်းပြပေးမယ်…”
မဖြစ်တော့ ကျွန်တော်ထွက်မှ ဖြစ်တော့မည်။ ကိုယ့်စာမူလေး မပြလိုက်ရဘဲ သူ့စာတွေ နှမဝမ်းကွဲ ပြသွားမှဖြင့်…။ ကျွန်တော်အလောတကြီး ပြန်ထွက်လိုက်သည်။
“ ဘယ့်နှယ်လဲ ကိုဝေဖြိုး၊ ကျွန်တော် ဂိုက်လုပ်ပေးရမလား၊ ဒီက ညမကို…”
ကျွန်တော်လည်း ရယ်ကျဲကျဲဖြင့်
“ မောင်ရင် သင်္ချာဘာသာ မပြဘူးလို့ကတိပေးရင်တော့ သဘောပဲလေ…”
“ ငိ …”
ထိုနေ့မှစကာ ဆရာလေး ကိုဖြိုးမောင်တစ်ယောက် ကျွန်တော့်အိမ်သို့ အလည်မရောက်တော့။ လက်ဖက်ရည်ဆိုင်ထိုင်ရအောင်ဟု ဖုန်းဆက်ခေါ်လိုက်လျှင်ပင် နယ်ရောက်နေလို့၊ အလုပ်ရှုပ်နေလို့ စသဖြင့် ဆင်ခြေပေးတတ်သူဖြစ်သည်။ သို့သော် (E-Library) သို့ တစ်ရက်ခြားလာတတ်သည်ဟု ကိုစိုးထက်ထံမှ သတင်းရထားသည်။ (Miss EPC) ဟု နာမည်ကြီးသည့် လျှပ်စစ်ရုံးမှ အင်ဂျင်နီယာ အပျိုကြီးထံမှထပ်ဆင့်၍ လျို့ဝှက်သတင်းကြားရသည်မှာ စာကြည့်တိုက်မှူးကိုစိုးထက်အား လူပျိုကြီးတို့ တတ်အပ်သည့် အဌာရသပညာများ တိတ်တဆိတ်သင်ကြားပေးနေသည်ဟူ၍ ဖြစ်သည်။ အပျိုကြီးမမသည် လူပျိုကြီးတို့၏ အတွင်းရေးကို မည်သို့မည်ပုံသိသည်ကို ကျွန်တော်စဉ်းစားမရအောင်ဖြစ်ရသည်။ သို့သော် ခိုင်လုံသောရပ်ကွက်မှရသည့် သတင်းအဖြစ်ဖြင့် ယုံပစ်လိုက်သည်။
တစ်ရက်တွင် ရေးပြီးသား ပေါက်တတ်ကရလေးကို လွယ်အိတ်ပေါက်ထဲထည့်ကာ စာကြည့်တိုက် ဆီသို့ ထွက်လာခဲ့လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဖြိုးမောင်မောင်ကို စာကြည့်တိုက်မှူး၏ စားပွဲရှေ့တွင် တွေ့လိုက်ရသည်။ ကျွန်တော် ရုံးခန်းထဲသို့ဝင်သွားသည်နှင့် နှစ်ယောက်စလုံးမှာ အွန်လိုင်း တွင် ကောင်မလေးနှင့် (Chat) ကောင်းနေစဉ် ဖုန်းအားကုန်သွားသလိုမျိုးဖြစ်သည်။ ကျွန်တော်ကတော့ ဖေ့စ်ဘွတ်သုံးနေစဉ် ကျွန်တော်ကြိုက်နေသည့် ကောင်မလေး အွန်လိုင်းတက်လာသည်ကို မြင်လိုက်ရသူ ပမာ ဝမ်းသာသွားသည်။ သူဘာလုပ်လုပ် (Like) ပေးကာ ဝင်ရောရန် အသင့်ဖြစ်သွားသည်။ လွယ်အိတ်ထဲ သို့ လက်ကိုဖြတ်ခနဲ နှိုက်လိုက်သည်။ ကိုစိုးထက်က မျက်လုံးပြူးလေးနှင့် လှမ်းကြည့်သည်။ ဖြိုးမောင်က ဗိုက်ကိုလက်ဖြင့်နှိပ်ကာ မျက်နှာကို တစ်ဖက်သို့ ချာခနဲလှည့်သွားသည်။ ကျွန်တော် ပြုံးလိုက်သည်။ လွယ်အိတ်ထဲမှ လက်ကိုပြန်ထုတ်လိုက်တော့ အဘထ ရှူဆေးဗူးကြီးထွက်လာသည်။ ဖြိုးမောင် သူထင်ထားသလို စာမူမဟုတ်သဖြင့် ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာသည်။
“ လက်ဖက်ရည်ဆိုင်သွားရအောင် …”
ကိုစိုးထက်က လိုက်ရန် ဟန်ပြင်လိုက်သောအခါ ဖြိုးမောင် ခွကျသွားသည်။ ၎င်းတို့နှစ်ဦး ပြောလက်စ စကားကို ဆက်ပြောလိုသေးပုံလည်းရသည်။ ကျွန်တော့် လွယ်အိတ်ထဲမှ စာရွက်တွေထွက် လာမှာကိုလည်း ကြောက်ပုံရသည်။ ကျွန်တော့်လက်ထဲမှ ရှူဆေးဗူးကြီးကြည့်ပြီး မဝင့်မရဲဖြင့် လိုက်လာ သည်။
ဆိုင်ရောက်၍ စားစရာများကို မှာပြီးနောက် ပထမဆုံးသော ပလာတာတစ်ဖတ်ကို ကောက်ဝါး လိုက်စဉ် ကျွန်တော့်လွယ်အိတ်ထဲမှ စာရွက်တို့ကို မျက်လှည့်ပြသူပမာ ဆွဲထုတ်လိုက်သည်။
“ ဒီမှာ ဖြိုးမောင် …”
ဖြိုးမောင် မုန့်နင်သွားသည်။ ရှူဆေးဗူးအဖြစ်မှ ဖြတ်ခနဲပြောင်းသွားသည့် စာရွက်တို့ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်နေသည်။ ကျွန်တော်က မိန့်မိန့်ကြီးပြုံးလိုက်ရင်း …
“ ဖတ်ကြည့်ပါဦးကွ ငါ့စာလေး …”
ကျွန်တော် သူ့ထံသို့ ဗူးသွင်းပြီးဖြစ်၍ သူထွက်မပြေးနိုင်တော့ဘူး ဆိုတာကို အတတ်သိသည်။ အနည်းဆုံး သူမှာထားသည့် လက်ဖက်ရည်နှင့် မုန့်ကို ကုန်အောင်စားရဦးမည်မဟုတ်လား။ ယနေ့သည် ကျွန်တော့်အတွက် ကံကောင်းပျော်ရွှင်ဖွယ်ရာ နေ့တစ်နေ့ ဖြစ်သည်။ အတွက်အချက်ပိုင်သည့် သင်္ချာ ဆရာလေးကို အပိုင်ချုပ်ကာ လက်ဖက်ရည်တိုက်ရင်း စာမူပေးဖတ်နိုင်သောကြောင့်ဖြစ်သည်။ ပို၍
ကံကောင်းမည့် တစ်နေ့တွင် မဂ္ဂဇင်းထက်မှ ပုံနှိပ်စာမူလေးများကို မုန့်ကျွေးရင်း သင်္ချာဆရာလေး ဖြိုးမောင်အား ပြသနိုင်ပါလိမ့်မည်။
ထိုနေ့သည် စာကြည့်တိုက်မှူးလေး မိန်းမယူရန် စုထားသည့် ပိုက်ဆံပြည့်သွားသော နေ့လည်း ဖြစ်နိုင်သည်။ သို့မဟုတ် လူပျိုကြီးများ မဖြစ်မနေ အိမ်ထောင်ပြုရန် ဥပဒေပြဌာန်းလိုက်သော နေ့လည်း ဖြစ်နိုင်ပါသည်။
မှတ်ချက်
(၁) ကြားဖူးနားဝ ဟာသလေးကို စိတ်လိုလက်ရ ပွားထားခြင်း ဖြစ်ပါသည်။
(၂) ထိုစဉ်က စာကြည့်တိုက်မှူးလေး အိမ်ထောင်မကျသေးပါ။
(၃) ယခုအခါတွင် သင်္ချာဆရာလေးနှင့် စာကြည့်တိုက်မှူးမှာ လက်ဖက်ရည်တိုက်၍ စာမူဇွတ်ဖတ်ခိုင်းသော ရုပ်ချောအသံကောင်းသည့် စာရူးပေရူးလေးနှင့် မဆုံရ၍ လွန်စွာ စိတ်ချမ်းသာနေကြောင်း သိရပါသည်။
 (၄) ဓာတ်ပုံမှ အွန်လိုင်းတွင် တွေ့သည့်ပုံတစ်ပုံကို ကောက်တင်ထားခြင်း ဖြစ်၍ ဤစာထဲမှ ကိုဖြိုးမောင်ဟု ယူဆလိုက ယူဆနိုင်ပါသည်။

ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း