Covid Author Challenge




#Covid Author Challenge

ဆရာ မောင်ပိုင်(လေးမျက်နှာ)ရဲ့ #Covid Author Challenge မေးခွန်းတွေအတွက် ကျွန်တော့်အဖြေတွေပါ။

၁။ ဆရာ ဝတ္ထုတစ်ပုဒ် ရေးတဲ့အခါ စပြီးအတွေးရတာကနေ နောက်ပိုင်း ရေးလို့ပြီးသွားတဲ့အထိ အခြေအနေအဆင့်ဆင့်ကို အကျဉ်းပြောပြပေးပါ။

          ကျွန်တော် ဝတ္ထုတို/အက်ဆေး တစ်ပုဒ် ရေးတဲ့အခါ ရေးချင်တဲ့ အကြောင်းအရာက ခေါင်းထဲ အရင်ရောက်ပါတယ်။ နောက်ပြီးမှ သင့်တော်တဲ့ ခေါင်းစဉ်ရှာပါတယ်။ တစ်ခါတစ်ခါတော့ ခေါင်းစဉ်က အရင်ရပါတယ်။ ရေးဖို့ အကြောင်းအရာ ရတာနဲ့ ချက်ခြင်းချရေးဖြစ်တာ နည်းပါတယ်။ ခေါင်းထဲမှာ စိမ်ထားတာ များပါတယ်။ အဲဒါကြောင့် ကျွန်တော် စာရေးရင် တစ်ဆက်ထဲ ရေးဖြစ်တာများပါတယ်။
အများအားဖြင့် တစ်ထိုင်တည်း ပြီးအောင်ရေးဖြစ်တယ်။ မပြီးရင် နောက်ရက်ဆက်ရေးတယ်။ မအားလို့၊ ဈာန်မဝင်လို့ နှစ်ရက်သုံးရက်ခြားပြီးမှ ဆက်ရေးတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ရေးနေရင်း စကားလုံးလှလှတွေ၊ အတွေးအသစ်လေးရလာရင် ရောက်ရာနေရာမှာ ချရေးထားလိုက်တယ်။ သင့်တော်တဲ့နေရာမှာ ထည့်သုံးဖြစ်အောင် သုံးတယ်။ တစ်ထိုင်ထဲပြီးတဲ့ ဝတ္ထု/အက်ဆေးကို ချက်ခြင်း (Edit) မလုပ်ဘူး။ နောက်ရက်မှ ပြန်ဖတ်တယ်။ ပြင်ဆင်ချင်တာ၊ ဖြည့်စွက်ချင်တာရှိရင် မှတ်တယ်။ ဟိုတုန်းက ဘောလ်ပင်နဲ့ ရေးတော့ ရေးရင်းအတွေးသစ်တွေရတယ်။ စာမူပို့ဖို့ အချောပြန်ကူးရင်းလဲ ထပ်ဖြည့်ချင်၊ ပြင်ချင်တဲ့စာပိုဒ်တွေ တွေ့တယ်။ အခုတော့ အကြမ်းရေးကတည်းက ကွန်ပျူတာနဲ့ စာစီတာဆိုတော့ အဲဒီအခွင့်အရေး လျော့တယ်။ (Print) ထုတ်ပြီးရင်တော့ ဆရာတစ်ဦးဦး ပေးဖတ်တယ်(ဟိုးတုန်းကပေါ့)။ ထင်မြင်ချက်ကို နားထောင်ကြည့်တယ်။ ဘယ်လိုလေး လုပ်လိုက်ရင် သင့်တယ်လို့ ပြောကြပေမယ့် ဘယ်တော့မှ ပြန်မပြင်ပါဘူး။ ကျွန်တော့်ဝတ္ထု/ အက်ဆေးကို တစ်ခြားသူရဲ့ စိတ်ကူးစွက်မှာကို လုံးဝ မလိုလားလို့ပါ။

၂။ အဲဒီမှာ ဆရာ့ရဲ့ အားသာချက်နဲ့ အားနည်းချက်က ဘာတွေလို့ ထင်ပါသလဲ။ ဆရာ့ရဲ့ အားနည်းချက်ကို ဘယ်လိုလိုက်ပြီး ထိန်းပါသလဲ။

          အားသာချက် ဟုတ်မဟုတ် မသေချာပေမယ့် ကျွန်တော် နှစ်သက်တဲ့/ခံစားမိတဲ့ အကြောင်းအရာကိုပဲ ရေးတတ်တာ၊ ရေးခဲ့တာကို အားသာချက်လို့ ထင်မိပါတယ်။ အားနည်းချက် အများကြီးထဲက နှစ်ချက်ကို ပြောပြချင်ပါတယ်။ ပထမအချက်က ကိုယ်ရေးပြီးတဲ့ စာမူကို ပြန်မပြင်ချင်တော့တာပါ။ အချက်အလက်အမှားကလွဲလို့ တခြားသူရဲ့ ထင်မြင်ယူဆချက်(အကြံဉာဏ်)ကို ပိုကောင်းမယ်ဆိုတာ သိနေရင်တောင် လက်မခံချင်တာပါ။ ဒုတိယအချက်က တခြားသူပြောပြတဲ့ သူတို့ရဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင် မရေးတတ်တာပါ။ တကယ့်အဖြစ်အပျက်က မျက်ရည်အတောင့်လိုက် ကျစရာ ကောင်းပါတယ်။ နားထောင်မိတဲ့သူတောင် မျက်ရည်ပေါက်ပေါက် ကျလောက်ပါတယ်။ ရေးမယ်ဆိုရင် ရသကောင်းဝတ္ထုတိုတစ်ပုဒ်ဖြစ်လာမယ်ဆိုတာ သိပေမယ့် ကျွန်တော် မရေးချင်ပါဘူး။ ချွင်းချက်အနေနဲ့ ကြယ်မြည်သံ ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်တော့ ရေးခဲ့ဖူးပါတယ်။ အက်ဆေးရေးမယ် စိတ်ကူးထားပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်လေး ထည့်ရေးလိုက်တော့ ဝတ္ထုတို ဟန်ဖြစ်သွားပါတယ်။ အရသာလည်းပျက်သွားတယ်လို့ ခံစားရပါတယ်။ ဒုတိယ အားနည်းချက်ကို ထိန်းဖို့ စိတ်ကူးမရှိပေမယ့် ပထမအားနည်းချက်ကိုတော့ ရေးနေစဉ်ကတည်းက မသေချာရင် ဆရာ၊ ဆရာမတွေဆီ မေးမြန်းပါတယ်။ ကိုးကားရမယ့်အချက်ဆိုလည်း စာအုပ်တွေမှာ ပြန်ရှာပါတယ်။

၃။ စာရေးနေရင်း စိတ်ကူးဉာဏ် ပိတ်ဆို့ပြီး ဆက်ရေးလို့မရဘဲ ရပ်သွားတာမျိုး ကြုံဖူးပါသလား။ အဲဒီလို အခြေအနေမှာ ဆရာဘယ်လို ဖြေရှင်းပါသလဲ။

          ကြုံဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က အတွေးထဲမှာ အကြောင်းအရာကို နှပ်ထားတော့ ဆက်ရေးလို့မရဘဲ ရပ်သွားတာမျိုး နည်းပါတယ်။ အများအားဖြင့် စာက ဆက်ရေးချင်သေးတယ်၊ လူက ပင်ပန်းနေပြီ၊ ခေါင်းကိုက်နေပြီ၊ ရပ်လိုက်ရင်လည်း နောက်ရက် အဲဒီ(Flow) မျိုး၊ (Feeling) မျိုး မရတော့မှာကြောက်လို့ ဆက်ရေးနေရတာမျိုးက များတယ်။ ရေးနေရင်း အကြောင်းအရာ ပြတ်သွားတဲ့အခါမျိုးမှာ ကြမ်းပြင်ပေါ်မှာ၊ အိပ်ယာပေါ်မှာ ဆန့်ဆန့်ရပ်ရပ် လှဲချလိုက်တယ်။ မျက်စိမှိတ်ထားပြီး စိတ်လျော့ထားလိုက်တယ်။ ပုခုံးနဲ့ ဦးခေါင်းတစ်ဝိုက်က အကြောတွေ တင်းနေတာများတယ်။ အဲဒါတွေ လျော့သွားရင် ဇာတ်လမ်းအတွက် အတွေးသစ်ထွက်လာတတ်တယ်။ နောက်တစ်နည်းက ကိုယ်ကြိုက်တဲ့ ဝတ္ထုတို/ အက်ဆေးတစ်ပုဒ်ကို ဖတ်ပြီးသားဖြစ်နေရင်တောင် ဖြည်းဖြည်းပြန်ဖတ်ကြည့်တယ်။ အဲဒီလိုနည်းနဲ့ ဖြေရှင်းပါတယ်။

၎။ ဝတ္ထုလုံးချင်းတစ်ပုဒ်အတွက် ဆရာခံယူထားတဲ့ (Editor) အခန်းကဏ္ဍ ပြောပြပေးပါ။ ပြီးတော့ အယ်ဒီတာရှားပါးမှုပြဿနာကို ဆရာဘယ်လို ဖြေရှင်းပါသလဲ။

          ဒီအပိုင်းကတော့ ကျယ်ပြန့်ပါတယ်။ ကိုယ်ကိုင်တဲ့ လိုင်းနဲ့ပတ်သက်ပြီး သိထားသင့်တာတချို့ကို ထူးထူးချွန်ချွန်မဟုတ်တောင် နှံ့နှံ့စပ်စပ် သိထားသင့်ပါတယ်။ ဥပမာ ဝေဒ မဂ္ဂဇင်း အယ်ဒီတာက ဗေဒင်ဆရာ မဟုတ်တောင် ဗေဒင်ဆရာနီးနီးတော့ သိထားသင့်သလိုပေါ့။ အယ်ဒီတာ လုပ်ချင်သူ ပေါများနေတာကို ကျွန်တော်သိပေမယ့် အယ်ဒီတာရှားပါးမှုပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တော့ ကျွန်တော် မသိပါဘူးခင်ဗျာ။ 

၅။ ဝတ္ထုတစ်ပုဒ်မှာ (Freedom Of Expression) ဘယ်လောက်အရေးပါတယ်လို့ ခံယူထားပါသလဲ။ (FOE) နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောရမယ်ဆိုရင် ဘယ်သူတွေကို ဘာပြောချင်ပါသလဲ။

          လွတ်လပ်စွာ ဖန်တီးခွင့်ဆိုတာ တကယ့်ကို အရေးကြီးပါတယ်။ စည်းမျဉ်းတွေ တင်းကြပ်စဉ်က ဖန်တီးထားတဲ့ အနုပညာက လှတယ်၊ ချိုတယ်လို့ ခံစားမိတယ် (စာပေကင်ပေတိုင်ကြီး ရှိတာ ကောင်းတယ်လို့ ထောက်ခံနေခြင်း မဟုတ်ပါ။)။ အခက်အခဲကြားက ရွက်ပုန်းသီးလို သီးပွင့်လာရလို့ လက်ရာမြောက်တယ်လို့ ဆိုချင်ပါတယ်။ အခု လွတ်လပ်ခွင့်တွေရလာတဲ့အခါ ပိုပြောင်မြောက်သင့်တယ်၊ ပိုလှလာသင့်တယ်လို့ ထင်မြင်မိပါတယ်။ လွတ်လပ်စွာ သီးပွင့်ခွင့်ရလာတဲ့အခါ ကြီးကြီးမားမား၊ လှလှပပ သီးပွင့်သင့်ပေမယ့် အခုထိတော့ သီးပွင့်မလာသေးလို့ ထင်မိပါတယ်။ အဖြစ်မှန်တွေ၊ ဇာတ်ကွက် ဇာတ်လမ်းကောင်းကောင်းတွေ ဖတ်ခွင့်ရမယ် ထင်ထားပေမယ့် ပုတ်ခတ်ဆဲဆိုတဲ့ ဇာတ်နာတွေပဲ ဖတ်နေရဆဲပါ။ ကျောင်းသားဘဝတုန်းက စာမေးပွဲပြီးရင် ဆိုပြီး အားခဲကြသလိုမျိုးပေါ့။ စာမေးပွဲလည်းပြီးရော လုပ်ချင်တာတွေ များခဲ့ကြပေမယ့် ဘာလုပ်ရမှန်း မသိဘဲ နွေကျောင်းပိတ်ရက်က ပျင်းစရာကြီးလို့ ညည်းသံတွေပဲ ကြားနေရတယ်။ ဒါကတော့ (Freedom Of Expression) ကျွန်တော့် ထင်မြင်ချက်သက်သက်ပါ။ 

၆။ လိင်ကိစ္စနဲ့ ပတ်သက်တာ၊ ဘာသာရေးနဲ့ ပတ်သက်တာ၊ လူမျိုးရေးနဲ့ ပတ်သက်တာ စသဖြင့် ခေါင်းစဉ်တစ်ခုခု၊ အဲဒီလို အထိအခိုက်များနိုင်တာတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ အဲဒီခေါင်းစဉ်မရေးဘူးလို့ ကိုယ်ပိုင်ဆင်ဆာ လုပ်တာမျိုး/ လုပ်သင့်တယ် ထင်တာမျိုး ရှိပါသလား။ ဘာ့ကြောင့်ပါလဲ။

          အဲဒါတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ထားတာမျိုးတော့ မရှိဘူးဗျ။ ဟိုးတုန်းကရော၊ အခုရော အဲဒါတွေနဲ့ ပတ်သက်ပြီး ရေးခဲ့ကြ၊ ရေးနေကြတာပါပဲ။ ရေးလည်း ရေးသင့်တယ် ထင်ပါတယ်။ ကျွန်တော်စာမရေးခင်က ဆုံးဖြတ်ထားတာတော့ ရှိတယ်။ (၁) နိုင်ငံရေး မရေးဘူး၊ (၂) သင်္ကြန်ဇာတ်လမ်း မရေးဘူး လို့။ နိုင်ငံရေးက ဘက်ပါတယ်။ ကျွန်တော်က ဘယ်သူ့ဖြစ်ဖြစ် မကြိုက်ရင် မကြိုက်ဘူး၊ ကြိုက်ရင် ကြိုက်တယ်ပဲ လွတ်လွတ်လပ်လပ် ပြောချင်တာ။          စာရေးဆရာတစ်ယောက်ဆို ဝေဖန်ထောက်ပြတာ ထောင့်စုံလို့ သိပ်သဘောကျတယ်။ ဒါပေမယ့် သူ့မှာ ဘက်ရှိတော့ နောက်ပိုင်းဖတ်ရတာ မကြိုက်တော့ဘူး။ စစ်ကိုင်းက စာရေးဆရာမကိုတော့ သဘောကျတယ်။ မှားရင်လည်း မှားတယ်၊ မှန်ရင်လည်း မှန်တယ် စသည်ဖြင့် မှန်တယ်ထင်တဲ့ မျဉ်းပေါ်မှာပဲ ရပ်တယ်။ အဲဒါကြောင့် သူ့ကို လေးစားတယ်။ နိုင်ငံရေးဆိုတာ အမှန်လည်း မြင်နိုင်ရမယ်၊ မြင်တဲ့အတိုင်းလည်း တည့်မတ်ပေးနိုင်/ချင် ရမယ်၊ မြင်တဲ့အတိုင်း တင်ပြနိုင်တဲ့ သတ္တိလည်း ရှိရမယ်။ ဒါ့ကြောင့် နိုင်ငံရေး မရေးဘူးဆိုပြီး ကိုယ်ပိုင် ဆင်ဆာ လုပ်ထားတာပါ။ ဒါတောင် တစ်နှစ်က ဘာကားစီးရမှ၊ ညာကားစီးရမှလို့ အသံကျယ်လာလို့ “ သူတောင်းစား ” ဆိုတဲ့ အက်ဆေးလေး ရေးခဲ့မိသေးတယ်။ စာကောင်းရေးချင် စိတ်ကောင်းမွေး ဆိုတဲ့ စကားလည်း မှတ်သားဖူးတော့ စိတ်ဆိုးပြီး ရေးတဲ့စာမို့ ဘယ်မှ မပို့ဘဲ သိမ်းထားတာပါ။ (Facebook) ပေါ်တော့ တင်လိုက်မိသေးတယ်။ သင်္ကြန်ဇာတ်လမ်းကတော့ သင်္ကြန်မိုးကလွဲရင် ပေါတောတော ဇာတ်လမ်းတွေ ထင်လို့ (ကိုယ်ရေးလည်း ပေါတောတော နေမှာပဲလေ) မရေးတာပါ။

၇။ ဆရာ့အနေနဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရင်း အီလာတာ၊ ပျင်းလာတာ၊ ငြီးငွေ့လာတာ၊ မထူးဆန်းဘူး၊ အကြောင်းအရာတွေ ထပ်နေတယ်၊ မဲပြာပုဆိုးတွေလို့ ခံစားမိဖူးမယ် ထင်ပါတယ်။ မတူကွဲပြားတဲ့ ဝတ္ထုတွေ ဖန်တီးနိုင်ဖို့အတွက် ဆရာ့အနေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာ ပြောပြပေးပါ။

          မတူကွဲပြားတဲ့ ခံစားမှုတွေ ဖန်တီးနိုင်ဖို့အတွက် စာဖတ်ပါတယ်။ တချို့ကတော့ ရုပ်ရှင်ကြည့်ပါတယ်။ တချို့ကတော့ ဝန်းကျင်ကို လေ့လာပါတယ်။ ကျွန်တော်ကတော့ စာဖတ်တာက ပိုအဆင်ပြေပါတယ်။ သူက အတည်အခန့် ရေးထားပေမယ့် သူ့စာဖတ်ရင်း ကိုယ့်မှာ ပြောင်ချော်ချော် ဇာတ်ကောင်တစ်ကောင် ရလာတာမျိုးပေါ့။ အရင်ခေတ်က စာရေးဆရာ၊ ဆရာမတွေရဲ့ ဝတ္ထုတိုတွေ ဖတ်တယ်။ အခုခေတ်ရေးနေကြတဲ့ အက်ဆေးတွေကို ဖတ်တယ်။ ကဗျာတွေ ဖတ်တယ်။ သူတို့ စကားလုံးတွေက လှတယ်၊ ဆန်းတယ်၊ ထိတယ်။ တခြားသူရဲ့ ဝတ္ထုတိုတွေ ဖတ်ပြီး ဇာတ်ကြောင်းကို ကူးယူဖို့ တချို့အားထုတ်ကြတာတွေ့ပါတယ်။ အသစ်အသစ်တွေရဖို့ ထိုင်တွေးနေရုံနဲ့ မရတတ်ပါဘူး။ တခြားသူစာဖတ်လိုက်မှ ကိုယ်ပိုင်ဇာတ်လမ်းအသစ်တစ်ပုဒ် ရလာတတ်တာမျိုးပါ။ သူ့စာဖတ်မှ ကိုယ့်စာတတ်တာပါလို့ အကြံပြုချင်ပါတယ်။

၈။ မြန်မာပြည် ရသစာပေ ဒီထက်မြင့်မားလာဖို့နဲ့ ပတ်သက်ပြီး ဘာတွေလိုအပ်နေတယ်လို့ ဆရာထင်ပါသလဲ။ အကြံလေးတွေ ပေးပါဦး။

          ရသာစာပေက နိမ့်ကျသွားဖို့ မရှိပါဘူး။ မြင့်တက်လာမှာနဲ့ ရေစီးကြောင်းလေးတွေ တိုးလာမှာပဲ ရှိပါတယ်။ မတူကွဲပြားတာကို လက်ခံပေးနိုင်ဖို့ပဲ လိုပါတယ်။ သာမန်အားဖြင့် စာရေးသူတစ်ယောက်ဟာ ကျောင်းသားဘဝမှာ ကဗျာလေးတွေ ရေးမယ်၊ နောက် ဒိုင်ယာရီလို စာတိုလေးတွေ ရေးမယ်၊ ဝတ္ထုတိုလေးတွေ စရေးတော့ အမေ၊ အဖေ၊ ဆရာ၊ တစ်ဖက်သတ်ချစ်နေရတဲ့ ကောင်လေး၊ ကောင်မလေး စသည်ဖြင့်ရေးမယ်။ ရေးရင်းနဲ့ သူအားသန်ရာ လိုင်းကို တွေ့မယ်။ တဖြည်းဖြည်း အနုပညာမြောက်တဲ့စာတွေကို ရေးနိုင်လာမှာပဲ။ ကာရံ ရေးတဲ့သူက၊ လေးချိုးရေးတဲ့သူက ခေတ်ပေါ်တွေ မခံစားတတ်ပါဘူး၊ အနုပညာမစစ်ပါဘူး ဆိုပြီး ဘူးခံ ငြင်းလို့ မသင့်ပါဘူး။ အသစ်အသစ်သော ရေစီးကြောင်းတွေကို လက်ခံရပါမယ်။ နားလည်ပေးနိုင်ရပါမယ်။ အခုလောလောဆယ်တော့ မြို့နယ်မဂ္ဂဇင်းတချို့မှာ ဒီအစွဲလေးတွေ မကျွတ်သေးတာ တွေ့နေရပါတယ်။ တချို့က ရသ နေဝင်ချိန်၊ ရသ မြောင်းနားရောက်နေပြီ ကျတော့မယ် စသဖြင့် ပြောနေကြပါတယ်။ စာအုပ်အငှားဆိုင်တွေ ပျောက်ကွယ်သွားပေမယ့် စာကြည့်တိုက်တွေရှိနေပါသေးတယ်။ အွန်လိုင်းပေါ်မှာပါ စာချစ်သူတွေက ရသဝတ္ထုတိုတွေ တင်ပေးနေကြတာမို့ ရသစာပေဟာ စာအုပ်အဖြစ်ကနေ စမတ်ဖုန်းအဖြစ် ပြောင်းစီးဆင်းနေတာပါလို့ ပြောချင်ပါတယ်ဗျာ။

ရှဥ့်ညိုလေး
(၇.၄.၂၀၂၀ ည ၁၀း၀၂ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း