ဆရာ မောင်ပိုင်(လေးမျက်နှာ)
#CovidAuthorChallenge
********************
ဆရာ မောင်သြလေး ရဲ့
#CovidAuthorChallenge
မေးခွန်းတွေအတွက် ကျွန်တော့် အဖြေတွေကတော့ -
၁။ ဆရာ ဝတ္ထုတစ်ပုဒ်ရေးတဲ့အခါ စပြီး အတွေးရတာကေန နောက်ပိုင်း ရေးလို့ပြီးသွားတဲ့အထိ အခြေအနေအဆင့်ဆင့်ကို အကျဉ်း ပြောပြပေးပါ။
အဖြေ - ကျွန်တော့်အနေနဲ့ ၀တ္ထုတိုရေးတဲ့အခါ များသောအားဖြင့် မူလအတွေးတစ်ခုကို ဆန့်ထွက်ပြီး ရေးတာများပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ဝတ္ထုတိုင်းမှာ Frame , Plan တွေ မပါခဲ့ပါဘူး။ စတင်ရေးစမှာ ပေါ့။ ရေးချင်တဲ့အကြောင်းရာလေးတစ်ခု၊ အတွေးလေးတစ်ခု ရလာတဲ့အခါ အဲဒီပေါ်အခြေခံပြီး ဘယ်လိုပြောရင် ကောင်းမလဲ၊ တင်ပြရကောင်းမလဲဆိုပြီး စရေးဖြစ်ပါတယ်။ စတည်ပြီးရေးရင်းနဲ့ ကိုယ်ပြောချင်တဲ့အကြောင်း ရာနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းမျိုးပေါ်လာတတ်ပါတယ်။ ဒီအပေါ်မူတည်ပြီး ၀တ္ထုတစ်ပုဒ်ကို ရေးပါတယ်။
ရေးပြီးသွားတဲ့အခါမှသာ ပြန်လည်ပြင်ဆင်တတ်ပါတယ်။ တစ်ခန်းနဲ့တစ်ခန်း ပြန်လည်ချိတ်ဆက်တတ်ပါတယ်။ အဓိကကတော့ ပြောချင်တဲ့အကြောင်းအရာနဲ့ အတွေးလေးတစ်ခုအပေါ်အခြေခံပြီးရေးတာပါပဲ။
၂။ အဲဒီမွာ ဆရာ့ရဲ့ အားသာချက်နဲ့ အားနည်းချက်က ဘာတွေလို့ ထင်ပါသလဲ။ ဆရာ့ရဲ့ အားနည်းချက်ကို ဘယ္လို လိုက်ပြီး ထိန်းပါသလဲ။
ဖြေ- အားသာချက်ရယ်လို့တော့ မထင်မိပေမယ့် ကျွန်တော်ဝတ္ထုတစ်ပုဒ်စတည်ပြီး ရေးတဲ့အခါ ကိုယ်ပြောချင်၊ တွေးမိတဲ့အကြောင်းအရာပေါ်မူတည်ပြီး ဆက်ဆက် ထွက်လာတဲ့အတွေးတွေကတော့ ကိုယ့်အတွက် အဆင်ပြေနေပါတယ်။
အားနည်းချက်ကတော့ Frame Work မရှိတာ၊ Plan မရှိတာ တွေက ဆွဲဆောင်မှု အတက်အကျ အားနည်းပြီး ၀တ္ထုတစ်ပုဒ်ကို ဖတ်ရပျင်းစေတယ်လို့ထင်ပါတယ် ။ ပြောချင်တဲ့အကြောင်းအရာကို ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဇာတ်ဆောင်တွေ၊ အခန်းတွေ မထည့်သွင်းနိုင်တာ အားနည်းချက်ပါပဲ။ ကြိုတင် စီမံမှု အားနည်းချက်ပါ။
၃။ စာရေးနေရင်း စိတ်ကူးဉာဏ်ပိတ်ဆို့ပြီး ဆက်ရေးလို့မရဘဲ ရပ်သွားတာမျိုးကြုံဖူးပါသလား။ အဲဒီလို အခြေအနေမှာ ဆရာ/ဆရာမ ဘယ္လို ဖြေရှင်းပါသလဲ။
ဖြေ- ရှိပါတယ်။ ဒီလိုနဲ့ ရပ်လိုက်ရတဲ့ ၀တ္ထုတွေ အများကြီးပါပဲ။ အဓိက အပေါ်မှာပြောခဲ့သလို ပြောချင်တဲ့ အကြောင်းရှိပေမယ့် ကြိုတင် ဇာတ်ကွက်စိတ်ကူးမရှိတဲ့အတွက် ရပ်လိုက်ရတာတွေပေါ့။ ဘယ်လိုဖြေရှင်းလဲဆို ရေးရင် ရပ်သွားတဲ့ ၀တ္ထုတွေကို ဒီအတိုင်းထားလိုက်ပါတယ်။ အချိန်လေးကြာလာတဲ့အခါမှ ပြန်ဖတ်ဖြစ်ပါတယ်။ အဲဒီအခါ မူလ ကိုယ်ပြောချင်တဲ့အကြောင်းနဲ့ တူချင်မှ တူနိုင်ပေမယ့် နောက်ထပ်အကြောင်း အရာတစ်ခုကို ရလာတတ်ပါတယ်။ အဲဒီအခါ ဆက်ရေးဖြစ်ပါတယ်။
၎။ ဝတ္ထုလုံးချင်းတစ်ပုဒ်အတွက် ဆရာ ခံယူထားတဲ့ editorရဲ့ အခန်းကဏ္ဍ ပြောပြပေးပါ။ ပြီးတော့ အယ်ဒီတာရှားပါးမှုပြဿနာကို ဆရာဘယ္လို ဖြေရှင်းပါသလဲ။
ဖြေ- လုံးချင်းဝတ္ထုလည်းမရေးဖူးတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ အယ်ဒီတာရဲ့ အခန်းကဏ္ဍကတော့ ကဏ္ဍတိုင်းမှာလိုအပ်တယ်လို့ထင်ပါတယ်။ အယ်ဒီတာဆိုတာ ကိုယ့်စာကို စာမျက်နှာထက်ရောက်ဖို့ ဆုံးဖြတ်ပေးလိုက်တဲ့လူတစ်ယောက်ဆိုတာကတော့ ကျွန်တော့်အမြင်အရ ဒုတိယအချက်ပါ။ ပထမဆုံးကတော့ ကိုယ့်စာကို ဖတ်လိုက်တဲ့ ပထမဆုံး ပရိတ်သတ်တစ်ဦးပါပဲ။ သူကြိုက်လို့ သုံးတဲ့အခါ စာဖတ်ပရိတ်သတ်များများ ထပ်ဖတ်ရတာပေါ့။ မကြိုက်လို့မသုံးဖြစ်တဲ့အခါ နောက်ထပ် ပရိတ်သတ်ဆီ ထပ်ပို့ လိုက်တာပါပဲ။ အယ်ဒီတာ တွေကတော့ သူ့ကဏ္ဍတိုင်းမှာရှိနေတယ်လို့ထင်ပါတယ်။ ရှားပါးခြင်း မရှားပါးခြင်းကတော့ ဟိုဘက်ခေတ်က စာပေလောကနဲ့ပတ်သက်ပြီး ကိုယ်လည်း မမီခဲ့တဲ့အတွက် ချိန်ထိုးလို့တော့ မရပါဘူး။
၅။ ဝတ္ထုတစ်ပုဒ်မှာ Freedom of expression က ဘယ်လောက်အရေးပါတယ်လို့ ခံယူထားပါသလဲ။ FoE နဲ့ပတ်သက်ပြီး တစ္ခုခု ပြောရမယ်ဆို ဘယ်သူတွေကို ဘာပြောချင်ပါသလဲ။
ဖြေ - လွတ်လပ်မှုနဲ့ ဖန်တီးခြင်း ဆိုတာကို ကျွန်တော့်အမြင်ရတော့ ပထမ ကာယကံရှင်၊ ဒုတိယ စာဖတ်သူ၊ တတိယကတော့ အချိန်ကာလလို့မြင်ပါတယ်။ ကာယာကံရှင်အနေနဲ့ အချိန်ကာလတစ်ခုမှ စာဖတ်သူထံ လွတ်လပ်စာ ကိုယ်တိုင်ဖန်တီးတဲ့အခါ ဘယ်လောက်အထိ ကိုယ့်ရေးသားမှုကို လွှတ်ပေးမလဲ၊ ဘယ်လောက် တာဝန်ခံနိုင်သလဲ ဆိုတာ အရေးကြီးတယ်လို့မြင်ပါတယ်။ ချွန်းမအုပ်နိုင်တဲ့ ဆင်ကတော့ တစ်တောလုံး တစ်ရွာလုံးကို ပတ်ဒုက္ခပေးမယ်လို့တော့ မြင်မိပါတယ်။
၆။ လိင်ကိစ္စနဲ့ပတ်သက်တာ ဘာသာရေးနဲ့ပတ်သက်တာ လူမျိုးရေးနဲ့ပတ်သက်တာ စသဖြင့် ခေါင်းစဉ်တစ်ခုခု၊ အဲဒီလို အထိအခိုက်များနိုင်တာတွေနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ အဲဒီခေါင်းစဉ် မေရးဘူးလို့ ကိုယ်ပိုင်ဆင်ဆာ လုပ်တာမျိုး/လုပ်သင့်တယ်လို့ ထင်တာမျိုး ရွိပါသလား။ ဘာကြောင့်ပါလဲ။
ဖြေ- လိင်ကိစ္စနဲ့ ပတ်သက်တာ၊ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်တာကတော့ ရေးသင့်ပါတယ်။ ဒါပေမဲ့လည်း လိင်ကိစ္စရေးတဲ့အခါ ကိုယ့်နှမသားချင်းနဲ့ အတူဖတ်နိုင်မလား၊ ကိုယ့်အမေနဲ့အတူ ဖတ်နိုင်မလား၊ ကိုယ့်သားသမီးနဲ့အတူ ဖတ်နိုင်မလားအရင်တွေးမိပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်တာတွေကိုတော့ ခပ်ပါးပါး တင်ပြတာ၊ ရေးသားတာမျိုးကိုတော့ လက်ခံပါတယ်။
ဘာသာရေး၊ လူမျိုးရေးကလည်း ဒီအတိုင်းပါပဲ။ ကိုယ်ယုံကြည်ရာကို စွဲနိုင်သလို ဆွဲကိုင်ရေးတဲ့အခါ အဓမ္မ၊ တစ်ဖတ်သတ်ဝါဒတွေနဲ့ မှိုင်းသွင်းတဲ့ အဆိပ်သင့်စေတဲ့စာမျိုးမဖြစ်ဖို့ ဆင်ခြင်ပါတယ်။ ဘက်မျှတဲ့အတွေး၊ အရေးမျိုးဖြစ်အောင်ဆင်ခြင်ပါတယ်။ ခေတ်အရ ဘာသာရေး၊ လူမျိုးရေးအနေနဲ့ ချို့ယွင်းချက်တွေ လစ်ဟာမှုတွေ အစွန်းကျနေတာတွေကိုတော့ ရေးသင့်တယ်လို့ထင်ပါတယ်။ အဲဒါတွေရေးရင်လဲ ကိုယ်တိုင်ပဲ သင့် မသင့် ဆင်ဆာပြန်တည်းဖြတ်ပါတယ်။
၇။ ဆရာ့အနေနဲ့ ဝတ္ထုတစ်ပုဒ်ပုဒ်ကို ဖတ်နေရင်း အီလာတာ၊ ပျင်းလာတာ၊ ငြီးငွေ့လာတာ၊ မထူးဆန်းဘူး၊ အကြောင်းအရာတွေ ထပ်နေတယ်၊ မဲပြာပုဆိုးတွေလို့ ခံစားမိဖူးမယ်ထင်ပါတယ်။ မတူကွဲပြားတဲ့ဝတ္ထုတွေ ဖန်တီးနိုင်ဖို့အတွက် ဆရာ့အနေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာ ပြောပြပေးပါ။
ဖြေ- ချစ်ကြိုက်ကွဲညား၊ နာကျင်ဝမ်းနည်း၊ မေတ္တာဖွဲ့တွေဆိုတာ မရိုးနိုင် မကုန်ဆုံးနိုင်၊ မပြီးနိုင်တဲ့ ၀တ္ထုတွေပါပဲ။ ဘယ်တော့မှ ပျက်စီးသွားမယ့် အကြောင်းအရာတွေလည်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း မဲပြာပုဆိုးလို ဖတ်ပျင်းတဲ့ ၀တ္ထုတွေလည်းရှိပါတယ်။ အဲဒီတွေကနေ ခွဲထွက်ချင်တာလည်း အမှန်ပါပဲ။ ကြိုးစား ဖန်တီးရေးကြည့်ဖူးပါတယ်။ ဒါပေမဲ့ စာဆိုတာက ဖန်တီးမှုနဲ့ ခံစားမှုတော့ ကွာမယ်ထင်ပါတယ်။ ဖန်တီးမှုက ခံစားမှုအား လျော့နေရင်တော့ ဘယ်လိုမှ အဆင်ပြေမယ့် ရေးသားမှုမျိုးဖြစ်လာမယ်မထင်ပါဘူး။ ခံစားမှု အားကောင်းရင်တော့ ဖန်တီးတင်ပြမှုကလည်း ဆန်းသစ်မယ်ထင်မိပါတယ်။ ကိုယ်တိုင်က အီတာ၊ ငြီးငွေ့တာတွေ ဖတ်ရရင် မကြိုက်တဲ့အတွက် ကိုယ်တိုင် အကြောင်းအရာမပြောင်းပေမယ့် တင်ပြပုံဖြစ်ဖြစ် မငြီးငွေ့အောင် ကြိုးစားကြည့်နေပါတယ်။
၈။ မြန်မာပြည် ရသစာပေ ဒီထက်မြင့်မားလာဖို့နဲ့ ပတ်သက်ပြီး ဘာတွေ လိုအပ်နေတယ်လို့ ဆရာ ထင်ပါသလဲ။ အကြံလေးတွေ ပေးပါဦး။
ဖြေ - ရသစာပေကတော့ နိမ့်နေတယ်လို့ မထင်မိပါဘူး။ လတ်တလောအမြင်အရကို လူငယ်တွေဟာ ကဏ္ဍတိုင်းမှာ ရသထိရှမှု အားကောင်းနေပါတယ်။ စာပေနဲ့ပတ်သက်တဲ့ ရသ မြင့်မားမှုဆိုတာထက် ကျယ်ပြန့်မှု ပိုအဓိက ကျတယ်လို့မြင်မိပါတယ်။ ရသတွေ ဘယ်လောက်ထုတ်ထုတ်၊ ရသတွေ ဘယ်လောက်ကောင်းကောင်း ကျယ်ပြန့်မှုမရှိ၊ ဖတ်သူလက်ထဲမရောက်ရင်တော့ မြင့်မားမှုဆိုတာ ရှိမယ်မထင်မိပါဘူး။ လက်ထဲရောက်လာတဲ့ စာအုပ်က သုတပဲဖြစ်ဖြစ်၊ ရသပဲဖြစ်ဖြစ်၊ အပျော်ပဲ ဖြစ်ဖြစ် လက်ထဲရောက်ပြီး ဖတ်မိနေဖို့ဦးဆုံး လိုတယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ရသရေးတာလို့ ကြွေးကြော်ကြပေမယ့် ကျွန်တော်တို့ကိုယ်တိုင်လည်း အပျော်ဖတ်ကနေ စခဲ့ကြတာပါ။
တစ်ခုတော့ရှိတော့ပေါ့ Online ကျယ်ပြန့်လာတဲ့အခြေအနေမှာ ဖတ်အားအတွက် Online ကနေ ပြန်လည်ပျိုးထောင်ပြီး စာအုပ်တွေဘက်ပြန်လည် ရောက်ရှိလာဖို့တော့ အတူတူကြိုးစားကြရမယ်လို့ မြင်မိပါတယ်။
မေတ္တာဖြင့်
မောင်ပိုင်(လေးမျက်နှာ)
၀၇၀၄၂၀၂၀၁၅၅၈
ဆရာ Htoo AungWint
ဆရာ Yekkha YeJee ဆရာတို့ကို challenge ခေါ်ပါရစေဆရာတို့။ မျှော်နေပါရစေ။
Comments
Post a Comment