အမှန်တရားဟာ ယုံချင်စရာမကောင်းဘူး
အမှန်တရားဟာ ယုံချင်စရာမကောင်းဘူး
အမြွှာညီအစ်ကို သို့မဟုတ် အမြွှာညီအစ်မများကြားတွင် ထူးခြားသော အဖြစ်အပျက်များ၊ ထူးဆန်းသော ဆက်နွယ်မှုများ ရှိတတ်သည်။ တစ်ယောက်နှင့်တစ်ယောက်ကြားရှိ တူညီသည့်အဖြစ်အပျက်များသည် တစ်ခါနှစ်ခါ သို့မဟုတ် သုံးခါဆိုလျှင် တိုက်ဆိုင်မှုဆိုသည့် ခေါင်းစဉ်အောက်သို့ ပို့ရမည် ဖြစ်သည်။ ထိုထက်ပို၍ တိုက်ဆိုင်လာလျှင်မှု ထူးဆန်းမှုဟု ခေါင်းစဉ်တပ်ရတော့မည် ဖြစ်သည်။ ထိုထက်ပိုတိုက်ဆိုင်လာလျှင်ကား မဖြစ်နိုင်ဘူးဟူ၍လည်းကောင်း မယုံနိုင်ဘူး ဟူ၍လည်းကောင်း မျက်စိနှင့်မြင်နေရသည့်တိုင်၊ ကိုယ်တိုင်ကြုံတွေ့ နေရသည့်တိုင် ငြင်းဆိုချင်လာတော့သည်။ အောက်ပါအဖြစ်အပျက်သည် ကျွန်တော်ကိုယ်တိုင် ငြင်းဆိုချင်မိသည့် အဖြစ်အပျက် ဖြစ်ပါသည်။
ကျွန်တော်သိသည့် အမြွှာညီအစ်ကိုနှစ်ယောက် ရှိသည်။ ၎င်းတို့ထဲမှ တစ်ယောက်ကိုသာ ကျွန်တော် သိခြင်း ဖြစ်သည်။ သူ၏ အမည်မှာ ထူးမောင် ဖြစ်သည်။ အရေးအခင်းကာလအပြီး ကျွန်တော်တို့ ရပ်ကွက်ထဲ ပြောင်းလာခြင်း ဖြစ်သည်။ ထိုစဉ်က ကျွန်တော်မှာ သုံးတန်းတက်နေပြီဖြစ်ပြီး ထူးမောင်မှာ ကျောင်းနောက်ကျ၍ ကျွန်တော်နှင့် ရွယ်တူဖြစ်သော်လည်း ဒုတိယတန်းတွင် ကျွန်တော့်ညီမလတ်နှင့် တစ်ခန်းထဲ စာသင်ရသည်။ နောက်မှ ခင်မင်၍ သိရသည်မှာ သူ၏မိဘအရင်းဟု ရပ်ကွက်ထဲမှ သိထားသူများမှာ မွေးစားမိဘများ ဖြစ်နေသည်။ ထို့အပြင် သူပြောပြ၍ သိရသည်မှာ သူ့မှာ အမြွှာအစ်ကိုတစ်ယောက် ရှိနေသည်ဆိုတာကို ဖြစ်သည်။ မေးကြည့်သောအခါ သူ့အမြွှာအကြောင်းကို သူဘာမျှ မပြောနိုင်၊ ယုတ်စွအဆုံး ကလေးဘဝ တွင် တွဲရိုက်ထားသည့် ဓာတ်ပုံပင် မရှိ။ သူလည်း သူ့မွေးစားမိဘများက ပြော၍ သိထားရသည်ဟု ဆိုပါသည်။ သူ၏ဇာတ်လမ်းကို တခြားသူများကိုလည်း သူက မပြောပြသလို ကျွန်တော်ကလည်း မပြောပြခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ကလေးသဘာဝ သူ့ကို စိတ်ဝင်စားအောင် ဇာတ်လမ်းဆင်ပြောသည်ဟုသာ ထင်မိ၍ ဖြစ်သည်။ နောင်တွင်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ထပ်မမေးမိတော့။ ရပ်ကွက်ထဲတွင် အနေကြာ၍ ဆယ်နှစ်ခန့်ရှိသော အခါ ရပ်ကွက်သားလုံးလုံး ဖြစ်သွားသည်။ အနှစ်နှစ်ဆယ်ကျော်လာသောအခါ သူ တစ်ခြားအရပ်က ပြောင်းလာသည်ဆိုတာကို ကျွန်တော်ကဲ့သို့ လူအနည်းငယ်မှအပ တခြားသူတွေ မသိကြတော့။
သူကျောင်းပြီး၊ ဘွဲ့ရပြီးနောက် ရပ်ကွက်ထဲရှိ တစ်လမ်းကျော်မှ ကောင်မလေးနှင့် အိမ်ထောင်ကျသည်။ အိမ်နာမည် “ စွာစိ ” ကျောင်းနာမည် “ စိမ်းမေ “ ဆိုသည့် ကောင်မလေးနှင့် ဖြစ်သည်။ တစ်နှစ်လောက် ပေါင်းပြီးနောက် အိမ်ထောင်ကွဲသွားသည်။ ထိုနှစ်မှာပင် သူ့မိဘများလည်း ရှေ့ဆင့်နောက်ဆင့်ပင် ဆုံးသွားသည်။ ထို့နောက်မှာတော့ အိမ်ပြောင်းသွားသည်။ မလေးရှားသွား အလုပ်လုပ်သလိုလို၊ မှော်ထဲသွားသလိုလိုနှင့် သတင်းသဲ့သဲ့သာ ကြားရတော့သည်။ နှစ်အနည်းငယ်အကြာမှာတော့ သူနှင့် ထပ်ဆုံသည်။ ကျွန်တော်တို့ရပ်ကွက်နှင့် ရပ်ကွက်နှစ်ခုခြားသည့် အင်းရွာသစ်တွင် သူအိမ်ရှိသည်။ သူ အိမ်ထောင်ကျနေပြီ ဖြစ်သည်။ သူနှင့်ဆုံရသည်မှာ သူ့ကလေး ရက်တစ်ရာပြည့်ပွဲလေးလုပ်ရာတွင် ကျွန်တော့်ကို လာဖိတ်ခြင်း ဖြစ်သည်။
သူ့အမျိုးသမီး အမည်မှာ မငြိမ်းဖြစ်ကြောင်းကိုတော့ မှတ်မိသည်။ နာမည်အပြည့်အစုံကိုတော့ မမှတ်မိတော့။ သူ့သားလေးနာမည်ကိုတော့ ထူးအောင် ဟု မှတ်မိသည်။ နောက်တော့ မကြာခဏဆိုသလို သူ့အိမ်သို့ ကျွန်တော်အလည်ရောက်တတ်သည်။ ယခုအခါတွင် အဖော်ရအောင် မွေးထားသည့် ခွေးကလေး ဂျက်ကီနှင့် သူ့သားလေးသည် ပြေးလွှားဆော့ကစားနေပြီ ဖြစ်သည်။ ဒါသည်ပင် ကျွန်တော်သိသည့် ကိုထူးမောင်၏ မထူးဆန်းသည့် ဇာတ်လမ်းဖြစ်ပါသည်။ ထူးဆန်းသည်က လူတစ်ယောက် ကျွန်တော်ထံသို့ အလည်ရောက်လာပြီးသည့် နောက်ပိုင်း ဖြစ်သည်။ ထိုနေ့က အိမ်ရှေ့တွင် လူရိပ်မြင်၍ ထကြည့်လိုက်သည်။ ဝင်းတံခါးရှေ့တွင် လူတစ်ယောက်ရပ်နေ၍ အရေးကိစ္စမေးရန် ထွက်လိုက်တော့ ထူးမောင် ဖြစ်နေသည်။ ဝတ်ပုံစားပုံက ဒီဇိုင်းတစ်မျိုး ဖြစ်နေသည်။ ဒီကောင် ဘာထွင်ပြန်သည်မသိ အတွေးဖြင့်
“ ဟေ့ကောင်၊ လှမ်းမခေါ်ဘဲ တံခါးရှေ့မှာ တစ်နေ့လုံး ရပ်နေမလို့လား ”
“ ကိုဝေဖြိုးလား ”
ကျွန်တော် စိတ်ထဲတစ်မျိုး ဖြစ်သွားသဖြင့်
“ ခင်ဗျားက … ”
“ ကျွန်တော့် နာမည် ထူးမောင်ပါ၊ ကျွန်တော်က … ”
“ ဟင် ”
ထိုသူပြောသည့် နောက်ပိုင်း စကားလုံးတို့ကို ကျွန်တော် ရှင်းရှင်းပြတ်ပြတ် မကြားမိတော့။ ကျွန်တော် စိတ်လှုပ်ရှားနေတာကိုတော့ သိသည်။ ထူးမောင်၏ အမြွှာအစ်ကို ထူးမောင်ကို ကျွန်တော် တွေ့နေရသည်။ ငယ်စဉ်ကတည်းက ကွဲကွာခဲ့သည့်၊ ယခုအချိန်ထိတိုင် ပြန်မဆုံနိုင်သေးသည့် အမြွှာနှစ်ယောက်ထဲမှ တစ်ယောက်၏ရှေ့တွင် ကျွန်တော် ရပ်နေသည်။ သူက သူ့အမြွှာညီကို လိုက်ရှာနေသူဖြစ်၍ ကျွန်တော်က အင်းရွာသစ်ရှိ ထူးမောင်၏နေအိမ်သို့ ကိုယ်တိုင် လိုက်ပို့လိုက်သည်။ ကျွန်တော့်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းမှာ သူ့ညီထူးမောင်နှင့် ရင်းရင်းနှီးနှီးပေါင်းသင်းခဲ့သူမှာ ကျွန်တော်ဖြစ်ကြောင်း စုံစမ်းသိရ၍ သူ့ညီကို တိုက်ရိုက်ရှာခြင်းထက် ပိုလွယ်မည်ထင်သောကြောင့်ဟု ပြောပြသည်။ သူက တောင်ကြီးက ဖြစ်သည်။ ရန်ကုန်ကို ဘုရားဖူးလာရင်း ကျွန်တော်တို့နှစ်ယောက်နှင့် သိသည့် မိတ်ဆွေတစ်ဦးက အစ်ကို ထူးမောင် ကို ညီ ထူးမောင် ထင်၍ နှုတ်ဆက်လိုက်ရာမှ စသည်။ ထိုသူ့ထံမှ ကျွန်တော့်လိပ်စာကိုရ၍ မုံရွာသို့လိုက်လာခြင်း ဖြစ်သည်ဟု ပြောပါသည်။
သူလည်း သူ့မှာ အမြွှာညီတစ်ယောက်ရှိကြောင်း မွေးစားမိဘများက ပြောထား၍ သိနေသည်။ နောက်ပြီး သူက သူ့ညီကို တိတ်တဆိတ်စုံစမ်းနေသည်။ ယခုလို ထွက်၍ လိုက်မရှာခဲ့သည်မှာ မွေးစားမိဘများကို အားနား၍ ဖြစ်ကြောင်း ပြောပြသည်။ မွေးစားမိဘများ (Covid-19) ပထမလှိုင်းတွင် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ပြီးမှ ယခုကဲ့သို့ ဟိုမြို့သည်မြို့ထွက်ကာ စုံစမ်းဖြစ်ခဲ့သည့် အကြောင်းများလည်း ပါသည်။
တချို့အဖြစ်အပျက်များသည် အမှန်တကယ် ဖြစ်ပျက်ခဲ့လေသည်။ သို့သော် ပြန်ပြောပြဖို့တော့ ခက်သည်။ ပြောပြရသည်မှာ မခက်ခဲသော်လည်း လုပ်ဇာတ်တွေပါကွာ၊ ပုံပြောကောင်းတယ်ကွာ ဒါပေမဲ့ မယုံဘူးဆိုသော စကားလုံးတို့နှင့် ပစ်ပေါက်မခံနိုင်၍ နှုတ်ဆိတ်နေခဲ့ရသည့် အမှန်တရားတို့လည်း ရှိသည်။ အမှန်တရားသည် အမှန်တရားသာ ဖြစ်ပါသည်။ သူသည် နောက်ကျတတ်သလို နူးညံ့သည်ကလည်း သေချာပါသည်။ ထို့ကြောင့် စကားလုံးတို့ကို ကြောက်ရွံ့၍ နှုတ်ဆိတ်သွားကြရသည့် အမှန်တရားတချို့ ရှိခဲ့လေသည်။
ထူးမောင် အမြွှာအစ်ကို၏ အမည်မှာ ထူးမောင် ဆိုသည်ကို စာဖတ်သူတို့ သိနေကြပြီဖြစ်သည်။ သူသည်လည်း အိမ်ထောင်ကွဲတစ်ယောက် ဖြစ်သည်။ ပထမတစ်ယောက်မှာ “ မစိမ်းသူ” ဖြစ်၍ အိမ်အမည်မှာ “ စွာတေး ” ဖြစ်သည်။ ဒုတိယ အိမ်ထောင်နှင့် သားတစ်ယောက် ထွန်းကားသည်။ အမျိုးသမီးအမည်မှာ “ မငြိမ်းသာ ” ဖြစ်သည်။ သား၏ အမည် “ ထူးအောင် ” မှာ နှစ်ယောက်စလုံးအတွက် ထူးခြားတိုက်ဆိုင်ချက် ဖြစ်သည်။ နောက်ဆုံးထူးခြားစွာ တိုက်ဆိုင်မှုမှာ အိမ်မှာမွေးထားသည့် ခွေးကလေး အမည်ထိ တူနေခြင်း ဖြစ်သည်။
ညီအစ်ကိုနှစ်ယောက် ပြန်ဆုံကြသည့် မြင်ကွင်းကို ကျွန်တော် ပြန်မပြောလိုတော့ပါ။ သူတို့နှစ်ယောက်၏ သံယောဇဉ်ကို၊ မေတ္တာကို ကျွန်တော်မရေးဖွဲ့နိုင်သည်ကတော့ သေချာပါသည်။ နောက်ထပ်အခက်အခဲတစ်ခုမှာ သူတို့နှစ်ယောက်၏ အကြောင်းကို တခြားသူများအား ပြန်ပြောပြသည့် အခါများတွင် ဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ပြောပြဖြစ်သည့်အခါ တချို့က ပြုံး၍ကြည့်သည်၊ ဘာမျှတော့ မပြော။ တချို့က မျက်မှောင်ကုတ်ပြီး နားထောင်သည်။ ပြီးမှ ငှဲ့ထားတာ မကြာသေးသည့် ရေနွေးကို ပက်ခနဲ သွန်ပစ်သည်။ နောက် ထပ်ထည့်ပြီး တခြားစကား၊ တခြားအကြောင်းအရာကိုသာ ပြောတော့သည်။ ကိုယ့်မှာ ထင်မြင်ချက်ကလေးများ ပေးမလားဆိုပြီး သူတို့လှုပ်ရှားမှု အရိပ်အခြေကို လိုက်ကြည့်နေရသည်မှာ မြန်မာဇာတ်ကားထဲမှ မင်းသား၏သူငယ်ချင်း ပုံမျိုးပေါက်နေတော့သည်။ သို့နှင့် အလုံက ကျွန်တော့်ဆရာ စာရေးဆရာကြီးထံသို့ ကိုဗစ်မကြောက်၊ ကိုပစ် မကြောက် သွားခဲ့သည်။
“ မင်းက စာရေးဆရာဆိုတော့ ဇာတ်လမ်းဆန်းဆန်းလေးတွေ စိတ်ကူးထုတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဆိုတာ ယုတ္တိရှိရတယ်၊ ယုတ္တိမတန်ရင် ဇာတ်လမ်းက ပျက်ရောကွ။ မင်းက ငယ်သေးလို့ ဒီလို အမှားလေးတွေ တွေ့တာ၊ ဘာပဲဖြစ်ဖြစ် စိတ်မပျက်နဲ့ ကြိုးစားကွာ ကြိုးစား ”
အလုံမှပြန်လာသည့်လမ်းတစ်လျှောက် စဉ်းစားခဲ့မိသည်။ တချို့အမှန်တရားတွေက ဘာ့ကြောင့် ယုံချင်စရာမကောင်းတာလဲ။ ယုံချင်စရာကောင်းမှ အမှန်တရားလား။ သည်ပုံအတိုင်းဆိုလျှင် ကျွန်တော့်မှာ သိမ်းထားရသည့် စာတစ်စောင် သို့မဟုတ် မပို့ဖြစ်တော့သည့် စာမူတစ်ပုဒ် နောက်ထပ် ထပ်တိုးလေပြီဟု တွေးလိုက်ရင်း … ။
(PS: Twins with an Impossible Story ဖတ်ပြီး ရေးဖြစ်သွားခြင်း ဖြစ်ပါသည်။)
ရှဉ့်ညိုလေး
(၅.၁၂.၂၀၂၁ နေ့လည် ၂း၄၂ မိနစ်)
Comments
Post a Comment