ဒီဇင်ဘာ (၃၁)မှာ ရေးတဲ့စာ

 

ဒီဇင်ဘာ (၃၁)မှာ ရေးတဲ့စာ

ဒီနေ့က ၂၀၂၁ ကို နှုတ်ဆက်မယ့် ဒီဇင်ဘာ (၃၁)ရက်နေ့ပါ။ ဗေဒင်ဆရာတွေ ဘယ်လိုဟောဟော ဒီဇင်ဘာ(၃၁)ကုန်ရင် နှစ်ကုန်တာပါပဲ။ အဲဒီလိုပဲ သူကုန်တာနဲ့ နှစ်သစ်တစ်ခုကို ရောက်တော့တာပါပဲ။ အဲဒီတော့ ည(၁၂)ထိုးတာနဲ့ “ Happy New Year ” ဆိုပြီး သံကုန်အော် ပျော်ခဲ့ကြတာပေါ့။

တချို့ကလည်း အဲဒီလို မပျော်သင့်ဘူး။ အဲဒီနေ့က သီပေါမင်း ပါတော်မူတဲ့နေ့မို့ ဘာညာပေါ့။ သီပေါမင်း နဲ့ပတ်သက်ပြီး စိတ်မထိခိုက်မိပါဘူး။ ဟိုတုန်းကဆို သူ့ကို သိပ်ညံ့တဲ့ မင်းအဖြစ် မနှစ်သက်ခဲ့မိဘူး။ (၂၀၁၁)လောက်ကျ သူ အိန္ဒိယမှာ နန်းကျဘုရင်အဖြစ်နဲ့ နေခဲ့ရချိန်တွေအကြောင်းရေးထားတဲ့ စာအုပ်ဖတ်မိပြီး သူ့ကို ကိုယ်ချင်းစာပြီး သနားသွားတယ်။ ကိုယ်ချင်းစာတာကို ပြောတာပါ။ မင်းက ဘယ်မှာနန်းကျပြီး ပါတော်မူတာတုန်း မမေးပါနဲ့။ ကိုယ်လို ဘာမဟုတ် ညာမဟုတ်တွေတောင် အိမ်မှာရှုပ်ပွနေရင်၊ ကိုယ်စိတ်တိုင်းကျ မဟုတ်ရင် စိတ်အဆင်မပြေဖြစ်သေးတာပဲ။ သက်ဦးဆံပိုင် ဘုရင်တစ်ပါးက အကျဉ်းစံနေရတာ တိုင်းခြားပြည်ခြားမှာ၊ အိမ်ကလေးတစ်လုံးမှာ အိမ်သာရေတောင် ခက်ခဲနေတဲ့နေရာမှာ ။ အဲဒီစာဖတ်ပြီး သူ့ကို မကောင်းကြောင်း မပြောချင်တော့ဘူး။ ဒါပေမယ့် ဒီနေ့မှာ သူ့အတွက် သိပ်စိတ်ထိခိုက်မနေတာလည်း သေချာပါတယ်။

ဒီနှစ်ထဲမှာ ကြွေလွင့်ပျောက်ကွယ်သွားတဲ့ မိတ်ဆွေတွေ အများကြီးပဲ။ တချို့က သူတို့ရဲ့ မိဘဆွေမျိုး သားချင်းတွေပေါ့။ ကိုယ်ခင်မင်ရတဲ့သူတွေရဲ့ ဆုံးရှုံးမှုဟာလည်း ကျွန်တော့်အတွက် ထပ်တူမဟုတ်တောင် စိတ်ထိခိုက်ရပါတယ်။ (Facebook) မှာခင်ပြီး အပြင်မှာ မဆုံဖူးသေးတဲ့၊ ကျွန်တော် ခင်မင်လေးစားရတဲ့ သူငယ်ချင်းတချို့ရှိပါတယ်။ အဲဒီအထဲမှာ အစ်မရှီတိုလည်း ပါတယ်။ အစ်မက စာတွေရေးနေတာ ကျွန်တော်တို့ အလယ်တန်းကျောင်းသားလောက် ကတည်းကပါ။ (Facebook) မှာ ခင်ပေမယ့် သူ့ဂုဏ်ပုဒ်အရ ဆရာမ ခေါ်သင့်ပေမယ့် ကျွန်တော် အစ်မလို့ပဲ ခေါ်တယ်။ (Comment) ရေးတဲ့အခါ၊ (Birthday Wish) လုပ်တဲ့အခါ ကျွန်တော် အစ်မလို့ပဲ သုံးတယ်။ သူကိုမြင်ရတာ ကျွန်တော့် အစ်မရင်း တစ်ယောက်လို ခံစားမိလို့ပါ (ကျွန်တော်က အိမ်မှာ အကြီးဆုံးသားပါ၊ အစ်မ မရှိပေမယ့် ကိုယ့်အစ်မလို ခံစားမိတာကြောင့်ပါ)။

ကျွန်တော် (Facebook) မသုံးဖြစ်တာ အချိန်တစ်ခုကြာပြီးနောက် ပြန်သုံးတော့ အစ်မအမျိုးသား ဆုံးသွားတာ ရက်ပိုင်းပဲ ရှိသေးတာကို အစ်မတင်တဲ့ပို့စ်တွေအရ သိခဲ့ရတယ်။ သူငယ်ချင်း မိတ်ဆွေအနေနဲ့ စိတ်မကောင်းကြောင်း စကားလေး တစ်ခွန်းတောင် ကျွန်တော် မရေးနိုင်ခဲ့ဘူး။ မရေးဖြစ်ခဲ့ဘူး။ ဒီနေ့ အစ်မ စိတ်မကောင်း ဖြစ်နေတယ်။ ကျွန်တော်လည်း ၂၀၂၁ မှာ ကျန်နေရစ်ခဲ့တဲ့လူတွေအကြောင်း စဉ်းစားမိတော့ ဝမ်းနည်းမိတယ်။ တချို့ကငယ်ရွယ်၊ တချို့က အရွယ်ကောင်း၊ တချို့တချို့ကျတော့ အရွယ်လွန်တွေပေါ့။ (ကျွန်တော့်အဖွားလည်း ဖေဖော်ဝါရီ ၁၈ မှာ ဆုံးပါတယ်။)

ကျွန်တော် (Facebook) မှာ ခင်မင်ပြီး လေးစားမိတဲ့ အစ်မတစ်ယောက် ရှိပါသေးတယ်။ သူက သူနာပြုဆရာမကြီး တစ်ယောက်ပါ။ မိုးကုတ်မှာ နေပါတယ်။ ဆရာမ ဒေါ်နီနီဝင်းပါ။ သူ့ကိုတော့ လေးစားသမှုနဲ့ ဆရာမလို့ပဲ ခေါ်ပါတယ်။ သူ့ကို လေးစားခင်မင်မိတာ အလုပ်အကိုင်ကြောင့်လည်း ပါပါတယ်။ ပိုအဓိကကျတဲ့ အချက်က ဆရာမက သူ့အဖေကို ချစ်တဲ့အချစ်ကြောင့်ပါ။

ဆရာမက သူ့အဖေကို ရေချိုးပေးပုံတွေ၊ ထမင်းကျွေး ပုံတွေ၊ ပြုစုပုံတွေကို ချစ်တဲ့စိတ်နဲ့ ဂုဏ်ယူပြီးပို့စ်တင်တတ်ပါတယ်။ လူတိုင်းနီးပါး မိဘကို ချစ်ပေမယ့် အမေနေ့၊ အဖေနေ့ရောက်မှ သတိတရ ပုံတင်တတ်ကြတာ များပါတယ်။ ဆရာမကတော့ အထိမ်းအမှတ်နေ့ကျမှ သတိတရ တင်တာ မဟုတ်ပါဘူး။ ဆရာမတင်တဲ့ပို့စ်တွေကြည့်ပြီး စိတ်ထဲပီတိဖြစ်မိတယ်။ ကျွန်တော့်မိဘတွေလည်း ဆရာမ မိဘတွေလို အသက်မကြီးသေးပေမယ့် အဲဒီလိုပြုစုချင်တယ်၊ ပြုစုခွင့်ရရင် ပြုစုနိုင်အောင်လည်း အတုယူထားတယ်။

ကျွန်တော် (Facebook) မသုံးဖြစ်တဲ့ ကာလတစ်ခုမှာ ဆရာမအဖေဆုံးသွားခဲ့ပါတယ်။ တစ်နေ့က ဆရာမက ဖခင်ဆုံးတာ (၄)လရှိပြီဆိုတဲ့ပို့စ်တစ်ခုတွေ့မှ ဆုံးသွားမှန်း သိရတာ။ ဒါ ပေမယ့် ကျွန်တော် စိတ်ထိခိုက်ရကြောင်း စာတစ်ကြောင်းတောင် (Comment) မရေးခဲ့မိပါဘူး။ ကာယကံရှင် စိတ်ခံစားမှုမျိုး ကျွန်တော်တို့ ထပ်တူဝမ်းနည်းပါတယ် ဘယ်လိုရေးရေး မမှီနိုင်ပါဘူး။ သူက ကာယကံရှင်ကိုး။ အဲဒီလိုပါပဲ စိတ်မကောင်းပါဘူး ဆိုတဲ့စာကြောင်းက ကျွန်တော်တို့ ထိခိုက်ခံစားမိတာကို မမှီနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆို ကျွန်တော်က ကာယကံရှင်ကိုး။

ကျွန်တော် ခင်မင်လေးစားမိတဲ့ နောက်တစ်ယောက် ရှိသေးတယ်ဗျ။ (Hotel Life) ထဲကပါ။ ဟိုတယ်နဲ့ပတ်သက်တဲ့ (S.O.P)လေးတွေ မေးရင်း ခင်မင်သွားတာပါ။ စမေးတုန်းကတော့ “ ဘာလဲ ပညာစမ်းတာလား ” လို့ ထင်ခဲ့မိသေးတယ်ဗျ။ ဘာ့ကြောင့်လဲဆို သူက “ Dubai ” ပြန်ဗျာ။ နောက်တော့ ရိုးရိုးနဲ့ ရှင်းရှင်း ဆိုတော့ ခင်သွားတော့တာပေါ့။

သူက ရှင်းရှင်း ဘွင်းဘွင်း သမားဗျ။ သူက ပရဟိတ စိတ် အပြည့်ရှိတယ်။ သူသေသွားတဲ့အခါ သူ့ခန္ဓာကိုယ်ကို ဆေးသုတေသီတွေလေ့လာနိုင်ဖို့ ဆေးရုံကြီးတစ်ခုမှာ လှူထားသူ ဖြစ်တယ်။ ကျွန်တော့်အဒေါ် တစ်ယောက်လည်း အဲဒီလိုလှူထားတာ သိထားလို့ ပိုလေးစားမိတယ်။ ကျွန်တော်ဆို မလှူရသေးဘူး (တစ်နေ့တော့ လှူမှာပါ)။ နောက် သူက သွေးလှူရှင်ဗျ။ အကြိမ်အများကြီး လှူပြီးပြီ( အရေအတွက် မမှတ်မိတာ ခွင့်လွှတ်ပါ)။ သူလှူတဲ့အခါတိုင်း သူငယ်ချင်း မိတ်ဆွေတွေ သာဓုခေါ်နိုင်အောင် ပို့စ်တင်တယ်။ ကျွန်တော် အမြဲတမ်း သာဓုခေါ်တယ်၊ ဂုဏ်လည်း ယူမိတယ် (ကျွန်တော် ဒီတစ်သက်တော့ မလှူနိုင်တဲ့ အလှူတစ်ခုပေါ့)။

သူ့အမေကိုလည်း ပြုစုစောင့်ရှောက်ခဲ့သူတစ်ယောက်ပေါ့။ သူ့အတွက် အားတင်းတဲ့ ကဗျာမပီတဲ့ စာစုလေးတစ်ခု ရေးခဲ့ဖူးတယ်ဗျ။ နောက်တော့ သူ့အမေဆုံးတော့ ကျွန်တော်ဖုန်းဆက်ခဲ့သေးတယ်။ တကယ်စိတ်ထိခိုက်နေသူကို နှစ်သိမ့်ရမဲ့စကား ရှာမရလို့ သူပြောသမျှပဲ နားထောင်ပေးလိုက်တယ်။ ကျွန်တော်တို့ ကိုဗစ်ကာလမှာ ကွာရန်တင်းဝင်နေတုန်း သူဖုန်းဆက်တယ်။ အဆက်အသွယ် ပြတ်နေလို့ဆိုတဲ့အကြောင်းနဲ့ သူ ဗော်လန်တီယာ လုပ်နေတဲ့အကြောင်းတွေရောပေါ့။ ကျွန်တော်တို့ မိသားစုလိုက် ကွာရန်တင်း ဝင်နေကြောင်း မပြောလိုက်ဖြစ်ဘူး။ မတတ်နိုင်တဲ့အခြေအနေမှာ အဝေးကနေ စိတ်ပူနေရမှာစိုးလို့ပါ။ သူပြောသမျှပဲ နားထောင်ပေးလိုက်တယ်။ သူ့မှာ ကျွန်တော် သဘောကျတဲ့ အချက်တစ်ခုလည်း ကျန်သေးတယ်။ မကြိုက်တာကို မကြိုက်ကြောင်း ပြောရဲတဲ့ သတ္တိနဲ့ ပွင့်လင်းမှုပါ။ ပွင့်လင်းတာနဲ့ ရိုင်းစိုင်းတာ မခွဲတတ်တဲ့ မိတ်ဆွေတွေကြားမှာ သူက ပွင့်လင်းတာကို ကောင်းကောင်းနားလည်တဲ့ တစ်ယောက်ပေါ့။ ကျွန်တော့်ကို ဆရာခေါ်လို့ ကိုထူးခေါ်ဖို့ ပြောထားရတဲ့ တစ်ယောက်ပါ။ သူ့ကို ကျွန်တော်က မမီးလို့ခေါ်တယ်။ သူ့ပတ်စ်ပို့ကို မဖတ်တတ် ဖတ်တတ် ဖတ်ကြည့်တော့ အသံထွက်က “ ဥမ္မာမီးမီး ” တဲ့။

ကျွန်တော် ချစ်ခင်တဲ့ ညီငယ်လေးလည်း ရှိပါတယ်။ ကျွန်တော်စာရေးတဲ့အခါ ထည့်ရေးနိုင်မယ့် အကြောင်းအရာတွေကို သူပြောနိုင်သလောက် ပြောပြထားသူ တစ်ဦးပါ။ ထည့်ရေးပေးဖို့လည်း သူ့လက်ရေး ကဗျာစာအုပ်တွေ ဗလာစာအုပ်နဲ့ လေးငါးအုပ် ပေးထားဖူးပါတယ်။ တစ်ချိန်တုန်းက ကျွန်တော့်ဇာတ်လိုက်က ခုနေအခါ အရွယ်တစ်ခု၊ နေရာတစ်ခုရောက်နေလို့ ကျွန်တော်ရေးရင် နှစ်သက်နိုင်မှာမဟုတ်လို့ မရေးတော့ပါဘူး။

ဒီနှစ်ကတော့ ကျွန်တော့်အတွက် ခံစားချက်တွေ ရောပြွန်းနေတဲ့နှစ်ပါ။ မိသားစုလိုက် ဟိုတယ်တစ်ခုမှာ ကွာရန်တင်းဝင်ပြီး ကျွန်တော့်အမြင်တွေ ပြောင်းသွားတယ်။ နောက်ပြီး ကျွန်တော့် ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ မိသားစု အပေါ်မှာ ထားတဲ့ ကျွန်တော့်အမြင်တွေ ပြောင်းသွားတယ်။ အတိုင်းအတာ တစ်ခုအထိလည်း စိတ်ညစ်ခဲ့တယ်၊ ပူပန်ခဲ့တယ်၊ ဒေါသထွက်ခဲ့တယ်။ ပူပန်ခဲ့ရတာကတော့ ကျွန်တော့်အမေအသက်က အခုဆို(၆၄)ထဲမှာပေါ့။ ဆီချိုလည်း ရှိတော့ ကွာရန်တင်းဝင်ရင်း ကိုဗစ်ကြောင့် အမေဆုံးသွားမှာကိုလည်း စိုးရိမ်တယ်။ နောက်ပြီး အမေက နောက်(၉)လနေရင် သူသေမယ်ဆိုပြီး အိပ်မက် မက်ထားတော့ ကျွန်တော် လန့်နေတယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်တော် ကြောက်နေတာပါ။ အမေပြောတဲ့ ကိုးလ ဆိုတာ အိပ်မက်မက်တဲ့အချိန်ကနေတွက်ကြည့်ရင် ၂၀၂၁ နိုဝင်ဘာမှာပေါ့။ ခု ဒီဇင်ဘာ (၃၁)ဆိုတော့ ကျော်သွားပြီဆိုပြီး ဟင်းချနိုင်တော့တယ်။ ဒါ့ကြောင့် ဒီနှစ်ကတော့ ကျွန်တော့်အတွက် ခံစားချက်တွေ ရောပြွန်းနေတဲ့နှစ်ပါပဲ။

အရင်နှစ်တွေကဆိုရင် နှစ်သစ်ရောက်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မိုတီဗိတ်တွေလုပ်နေကျ။ ဒီနှစ်မှာတော့ ကျွန်တော်တို့ကို ချန်ထားခဲ့သူတွေက ၂၀၂၁ မှာ ကျန်နေရစ်ခဲ့ကြပြီ။ ကျန်နေရစ်တဲ့ ကျွန်တော်တို့က ၂၀၂၂ နှစ်သစ်ကို ချစ်ချစ်ခင်ခင်နဲ့ ကြိုဆိုကြပါစို့၊ လက်တွဲကျော်ဖြတ်ကြပါစို့လို့ တိုက်တွန်းရင်း…။

 (PS:ပုံက ကျွန်တော်တို့ မိသားစု ကွာရန်တင်း ဝင်တုန်းက ပုံပါ။)

ရှဉ့်ညိုလေး

(၃၁.၁၂.၂၀၂၁ ၆ နာရီ ၃၆ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း