ကျွန်တော် ဘာမှားသွားသလဲ

ကျွန်တော် ဘာမှားသွားသလဲ

ဒီကနေ့ ကိုထူး အိမ်တွင်းအောင်းနေသည်။ ဘာ့ကြောင့်မှန်းမသိရဘဲ “ လုံးဝအပြင်မထွက်ရ ” ဆိုသည့် မိန်းမ၏ တစ်ချက်လွှတ်အမိန့်ဖြင့် အိမ်တွင်းအောင်းနေရခြင်းဖြစ်သည်။ အပြင်မထွက်ရသဖြင့် မင်းလူ၏ ရယ်မောခြင်းပေါင်းချုပ် စာအုပ်ဖြင့် ကိုထူးတစ်ယောက် ရွှင်မြူးနေလေသည်။ ရေမိုးချိုး၊ သနပ်ခါးလိမ်းပြီးနောက် အိပ်ခန်းတွင်းဝင်လာသည့် မဒီစံတစ်ယောက် ပြုံးဖြီးဖြီးနှင့် စာဖတ်နေသော သူ့ခင်ပွန်းကို တွေ့လိုက်သည်နှင့် မယာအလိမ္မာတို့၏ ထုံးစံအတိုင်း မျက်မှောင်ကုတ်လိုက်သည်။ ပြီးနောက် သူလျှိုမတစ်ယောက်၏ ဖြားယောင်းသည့် အသံမျိုးဖြင့် ခေါ်လိုက်သည်။

“ မောင် ”

သူမခေါ်သည့် “ မောင် ” အသံမှာ မောင့် နှင့် မောင်း ကြားအသံဖြစ်သည်။ အထာနပ်နေသည့် ကိုထူး တစ်ယောက် မလှုပ်။ စာထဲ စိတ်ဝင်စားဟန်ဖြင့် ဆက်ဖတ်နေသည်။ သူ့မဒီက အသံချိုချိုသုံးလျှင် သုံးသလောက် သူ့ကိုရစ်တော့မည်ဆိုသည်ကို ပေါင်းသင်းလာသည့် (၁၇)နှစ် သက်တမ်းအရ သိနေသည်။

“ မောင့်”

အသံက မဆတ်သော်လည်း တိုသည်။ ဒါဆို ထူးမှဖြစ်တော့မည်ကို ကိုထူးသိသည်။ ထို့ကြောင့်

“ ဟာ … ဘာလဲကွာ ဒီမှာ စာဖတ်လို့ ကောင်းနေတာကို ”

ကျားတို့၏ မာယာဖြင့် ကြောက်သော်လည်း မကြောက်သကဲ့သို့ ငြူစူသံပေးလိုက်သည်။

“ ဒီမှာ စံမေးတာကို အမှန်အတိုင်းပဲဖြေ၊ ညာဖို့တော့ မကြိုးစားနဲ့နော် ”

ထန်းသီးပေါက်စလောက်ရှိသော လက်သီးဆုပ်ကြီး (ဟိုတုန်းကတော့ ကိုယ်ညာညာပြီး ကိုင်ခဲ့ဖူးသည့် ရင်ခုန်စရာ လက်သီးဆုပ်ကလေး) ဖြင့် ထုမည်ဟန်ပြင်ကာ ခြိမ်းချောက်စကားဆိုသည်။

“ အေးပါကွာ၊ ဘယ်တုန်းက ညာဖူးလို့လဲ ”

အမှန်တော့ ကိုယ်က အောင်အောင်မြင်မြင် မညာနိုင်တာသာ ဖြစ်သည်။ သူစစ်လျှင်ဖော်မည်ဟုပင် သံဓိဌာန်ချထားသလား အောက်မေ့ရလောက်အောင်ပင် ဝန်ခံချင်သူဖြစ်သည်။

“ မောင်…စံနဲ့ မရခင်တုန်းက ရည်းစားဘယ်နှစ်ယောက် ထားခဲ့ဖူးလဲ ”

“ ဟင့်အင်း၊ တစ်ယောက်မှ ထားဖူးပေါင် ”

ချက်ခြင်းပင် တုန့်ဆိုင်းခြင်းမရှိ ဖြေပေးလိုက်သည်။ ဒီမေးခွန်းမျိုးက တုန့်ဆိုင်းလို့ကောင်းတာမျိုး မဟုတ်ဘူးလေ။ မဒီစံ၏ အကျင့်က မေးလိုက်လျှင် တန်းဖြေပေးနိုင်မှ၊ နို့မဟုတ်လျှင် ညာနေသည်ဟု ထင်တတ်သည်။ အမှန်တကယ်လည်း ရည်းစားတစ်ယောက်မှ မထားခဲ့ဖူးချေ (စာဖတ်သူ မယုံတာကတော့ ကျွန်တော့်ကံပဲ ဖြစ်သည်။) ရည်းစားမထားဖူးသော်လည်း ချစ်သူတော့ နည်းနည်းရှိသည်။ (ဤကား စကားချပ်***) မဒီစံက ညာနေသည်ဟု ထင်၍ပဲလား၊ သူ့အကျင့်အတိုင်း မေးခွန်းတစ်ခုက ဆက်ထွက်လာသည်။

“ ဒါဆို ချစ်သူတော့ ရှိမှာပေါ့ ”

“ ………. ”

ကျွန်တော် မလှုပ်။ သူမက ကျွန်တော့်ကိုယ်ကို လှုပ်ခါကာ မေးသည်။

“ မောင့် … စံမေးနေတယ်လေ၊ ချစ်သူဘယ်နှစ်ယောက် ထားခဲ့တာလဲလို့ ”

“ ဟာ… စံရာ၊ တိတ်တိတ်နေစမ်းပါ၊ ခု မှားသွားပြီ၊ အစကနေ ပြန်ရေရတော့မယ် ”

ကျွန်တော်သူ့ကိုပြန်ပြောသည့် လေသံမှာ ဒေါသသံမပါတာ လုံးဝသေချာပါသည်။ သို့သော် ဘာ့ကြောင့်မှန်းမသိ သူမ ဒေါသအကြီးအကျယ်ထွက်သွားတာကိုတော့ ကျွန်တော် သိပါသည်။  အံတကျိကျိ ကြိတ်ကာ ထန်းသီးလိုမမဲသော်လည်း ထန်းသီးခပ်လတ်လတ်လောက်ရှိသည့် လက်သီးဆုပ်ဖြူဖြူကြီးဖြင့် ကျွန်တော့်ကို ထုပါသည်။ ရိုးရိုးသားသား ဝန်ခံရလျှင် အတော်ကလေးလည်း နာပါသည်။ သတ္တိနည်းရာကျမည်စိုး၍ ကျွန်တော် ကြိတ်ခံပါသည်။ ယခုစာရိုက်နေချိန်အထိ သူမထုရိုက်ထားသည့်နေရာတချို့က နာကျင်နေပါသည်။

ကျွန်တော် စဉ်းစားရခက်နေသည်ကို စာဖတ်သူတို့မှ ကူ၍ စဉ်းစားပေးစေလိုပါသည်။ မဒီစံမေးသည့် မေးခွန်းကို ဖြေဖို့ကြိုးစားသည့် ကျွန်တော်က မှားနေသလား၊ သို့မဟုတ် ချက်ခြင်းမဖြေနိုင်ခြင်းကြောင့် ကျွန်တော် မှားသွားသလား ဆိုတာကိုပဲ ဖြစ်သည်။ ယခုအချိန်ထိပင် သူမမေးသည့် မေးခွန်းကို မှားသွားမည်စိုး၍ ကျွန်တော် အမှန်ဖြေရန် ကြိုးစားနေဆဲဖြစ်သည်ကိုတော့ စာဖတ်သူတို့ ယုံမည်ထင်ပါသည်။

သူမကတော့ ရှူးရှဲ မစားဘဲ ရှူးရှဲ ရှူးရှဲ အသံပြုကာ အိပ်ပျော်နေပြီ ဖြစ်သည်။ သူမကို အပြစ်မတင်ပါ။ အသက်သိပ်မကြီးသေးဘဲ မေ့လျော့သည့် ကျွန်တော့်မှတ်ဉာဏ်ကိုပဲ အပြစ်တင်ချင်ပါတော့သည်။

(PS: အိမ်အပြင်မထွက် အမှတ်တရ။ ဓာတ်ပုံထဲမှ အာဂျီးမားမှာ ဤစာထဲပါသည့် ကျွန်တော့်ကို နှိပ်စက်နေကြ အာဂျီးမား ဖြစ်ပါသည်။)

ရှဉ့်ညိုလေး

(၁၀.၁၂.၂၀၂၁ ည ၁၁ နာရီ ၄၀ မိနစ်)

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း