ကိုထိန်မှာ စက်ရုပ်တစ်ရုပ် ရှိသည်


ကိုထိန်မှာ စက်ရုပ်တစ်ရုပ် ရှိသည်

ကိုထိန်တစ်ယောက် ဂျပန်မှာအလုပ် လုပ်သည်။ ဂျပန်တွေ၏ အလုပ်ကြိုးစားပုံနှင့် ယဉ်ကျေးသည့် အပြုအမူများကို သဘောကျသည်။ အထူးသဖြင့် အပြစ်ကျူးလွန်မိထားလျှင် လိမ်မပြောတတ်ပုံများကို ချစ်သည်။

ရှော့ပင်းမောလ်တစ်ခုတွင် ရောင်းသည့် စက်ရုပ်တစ်ရုပ်ကို ကိုထိန်အလွန်သဘောကျနေသည်။ အလိမ်ဖော်သည့် စက်ရုပ်လေးဖြစ်သည်။ လိမ်ပြောလျှင် စက်ရုပ်က ပါးရိုက်သည်။ သို့နှင့် မြန်မာပြည်သို့ ပြန်လာသည့်အခါ ထိုစက်ရုပ်မျိုးတစ်ရုပ်ကို ဝယ်လာခဲ့လိုက်သည်။ ဝယ်လာသည့် စက်ရုပ်က ပို၍ အဆင့်မြင့်သည်။ လိမ်ပြောသူကို ပါးရိုက်ပြီးသည်နှင့် “ နောက်တစ်ခါ လိမ်မပြောနဲ့ ” ဟူ၍ ဖြည့်ပြောတတ်သေးသည်။ ထိုအလိမ်ဖော်သည့် (Mood)ကို ပိတ်ထားလျှင် ထိုစက်ရုပ်ကို နာရီတစ်လုံးအဖြစ် အသုံးပြုနိုင်သည်။

မြန်မာပြည်ပြန်ရောက်သည့်အခါ ကိုထိန်ပါလာသည့် ပစ္စည်းများအနက် စက်ရုပ်ကလေးကို သူ့မိသားစုနှင့် အိမ်နီးနားချင်းများက စိတ်အဝင်စားဆုံး ဖြစ်နေသည်။ ဘယ်လိုသုံးရသလဲ၊ အရုပ်သက်သက်လား စသည်ဖြင့် သိချင်နေကြသည်။ သို့နှင့် ညစာစားသည့်အချိန်တွင် စက်ရုပ်၏အသုံးဝင်ပုံနှင့် အစွမ်းကို ပြမည်ဟု ကိုထိန်တွေးထားလိုက်သည်။ ထို့ကြောင့် ထမင်းစားခန်းထဲတွင် စက်ရုပ်လေးကို ချထားလိုက်သည်။

ညစာစားနေရင်း ကိုထိန်က သူ့မိန်းမနှင့် သူ့သားကို စက်ရုပ်အသုံးပြုပုံကို ရှင်းပြရင်း အလိမ်ဖော်သည့် (Mood) ကို ပြောင်းလိုက်သည်။ ထို့နောက် သူ့သားကို

“ သားကြီး အခု ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားတုန်း နေ့ခင်းနေ့လည်တွေမှာ ဘာတွေလုပ်နေလဲ ”

“ ဒီနှစ်တက်ရမယ့် ကျောင်းစာတွေ လေ့လာနေတာပေါ့ ”

သားဖြစ်သူက မဆိုင်းမတွပင် ဖြေသည်။ အဖြေဆုံးသည်နှင့် ထမင်းစားခန်းအတွင်းရှိ စက်ရုပ်၏ဦးခေါင်းတွင် မီးနီတစ်လုံးလင်းလာကာ သားဖြစ်သူ၏ပါးကို ရိုက်လိုက်သည်။ တစ်ဆက်တည်း

            “ နောက်ကို လိမ်မပြောနဲ့ ”

ဟု အသံထွက်လာသည်။ သားဖြစ်သူ ထိတ်လန့်သွားသော်လည်း သူ့အမေကတော့ ရယ်နေသည်။ သို့နှင့် ကိုထိန်က သူ့သားကို ဆက်မေးသည်။

            “ ဒါဆို နေ့လည်တွေမှာ ဘာတွေလုပ်နေတာလဲ ”

            “ သူငယ်ချင်းအိမ်သွား ဗွီဒီယိုကြည့်နေတာပါ ”

သားဖြစ်သူက အထိတ်တလန့်နှင့် ပြန်ဖြေရင်း စက်ရုပ်ကို ကြည့်လိုက်သည်။ စက်ရုပ်က တုတ်တုတ်မျှ မလှုပ်။

            “ ဘာကားတွေကြည့်တာလဲ၊ အက်ရှင်ကားတွေလား ”

သားဖြစ်သူက သက်ပြင်းနှင့်အတူ ဇွန်း၊ ခက်ရင်းကိုပါ ချထားလိုက်သည်။

            “ erotic movie တွေပါ ”

စက်ရုပ်က ဘာမျှမလုပ်သော်လည်း ကိုထိန်က သူ့သားကို ရိုက်ရန် လက်ရွယ်လိုက်ပြီး

            “ ဘာကွ၊ မင်း အရွယ်လေးနဲ့ ဒီလိုကားတွေ ကြည့်စရာလား၊ ငါတို့ငယ်ငယ်ကဆို ဒီလိုကားဝေးလို့ ရွှေသွေး၊ တေဇပဲ ဖတ်ခဲ့ကြတာ၊ ကလေးက ကလေးလိုပဲ နေခဲ့ကြတာကွ ”

            “ ဖြန်း… ဖြန်း ”

စကားအဆုံး ရိုက်သံနှစ်ချက် ထွက်လာသည်။ စက်ရုပ်က ရိုက်ခြင်းဖြစ်သည်။ အရိုက်ခံရသူမှာ ကိုထိန်ဖြစ်လေသည်။ “ နောက်ကို မလိမ်နဲ့၊ နောက်ကို မလိမ်နဲ့ ” ဟု အသံက စက်ရုပ်ထံမှဆက်တိုက် ထွက်လာသည်။ စက်ရုပ်၏ဦးခေါင်းထိပ်တွင် မီးနီနှစ်လုံးလင်းသွားသည်ကို တွေ့လိုက်ရသည်။ မိန်းမဖြစ်သူက ခွက်ထိုးခွက်လှန်ရယ်လိုက်ရင်း

            “ အဟင်းဟင်း၊ ရှင့်သားကတော့ ရှင်ငယ်ငယ်ကအတိုင်းပဲ ချွတ်စွပ်ပဲရှင် ချွတ်စွပ်ပဲ၊ အဖေတူသားလေးပေါ့”

စက်ရုပ်၏ ဦးခေါင်းထက်တွင် မီးနီသုံးလုံးလင်းသွားသည်။

            “ ဖြန်း … ဖြန်း … ဖြန်း ”

            “ နောက်ကို မလိမ်နဲ့၊ နောက်ကို မလိမ်နဲ့၊ နောက်တစ်ခါ သည့်ထက်ပိုနာမယ် ”

ထိုနေ့မှစကာ ကိုထိန်၏ စာကြည့်ခန်းထဲတွင် စက်ရုပ်နာရီတစ်ခု ရောက်နေတော့သည်။ ရောက်လာသည့် ဧည့်သည်တချို့က စက်ရုပ်၏ အသုံးဝင်ပုံကို သိလိုကြသော်လည်း အချိန်ပြသည့်စက်ရုပ်သက်သက်ဟုသာ သိသွားကြရသည်။ အလိမ်ဖော်သည့် စက်ရုပ်ဟု သိမသွားကြသလို အလိမ်ဖော်သည့် (Mood) ကိုလည်း ကိုထိန်ဘယ်တော့မှ ပြန်မပြောင်းတော့။ အဘယ့်ကြောင့်ဆိုသော် စက်ရုပ်၏ဦးခေါင်းထက်တွင် မီးနီပြသည့် မီးလုံးကလေး (၄)လုံး ရှိနေသောကြောင့် ဖြစ်သည်။ ထိုမီးလုံးကလေး (၄)လုံး လင်းအောင် လိမ်ပြောနိုင်သူသည် သူဖြစ်နိုင်သည်။ သို့မဟုတ် သူ့အမျိုးသမီးများ ဖြစ်နေခဲ့လျှင်။ သူ ဘုရား တလိုက်သည်။ ဘုရား…ဘုရား…ဘုရား…။

(PS: အင်တာနက်မှ ဟာသတစ်ပုဒ်အား မှီးထားပါသည်။)

ရှဉ့်ညိုလေး

(၈.၁၂.၂၀၂၁ နံနက် ၁၀ နာရီ ၂၉ မိနစ်)

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း