Who is he?

 

Who is he?

ကိုထိန်တစ်ယောက် သူ၏မိတ်ဆွေတစ်ယောက်နှင့် ကျွန်တော့်အိမ်သို့ အလည်ရောက်လာသည်။ ထို့နောက် မိတ်ဆက်ပေးရင်း လာရသည့် အကြောင်းရင်းကို ပြောပြသည်။

“ သူက စိတ်မရွှင်ဘူး ဖြစ်နေတာ၊ မင်းက စာရေးဆရာဆိုတော့ ပေါက်တတ်ကရ အကြံဉာဏ်တွေပေးတတ်လွန်းလို့ ခေါ်လာတာ၊ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို တည့်များသွားမလားလို့ ”

ကိုထိန်က မိတ်ဆက်ရင်း သူငယ်ချင်းအရင်းခေါက်ခေါက်ကို အထင်မကြီးသူ ပီသစွာ နှိပ်နယ်လိုက်သည်။ သိတဲ့အတိုင်း ကျွန်တော်က ဆရာကြီးလုပ်ရမည်ဆိုလျှင် ဒီလိုအသေးအမွှားတွေကို ဂရုစိုက်တတ်သူမဟုတ်။ ထို့ကြောင့်

“ အေးကွာ၊ မင်းအားကိုးလို့ ခေါ်လာမှတော့ ဆရာက အဲလေ ကိုယ်က အကြံပေးရမှာပါ့။ ဒါပေမဲ့ မင်းလူက ဆရာ့ကို ရိုးရိုးသားသား ရင်ဖွင့်နိုင်ဖို့ လိုတယ်နော် ”

ကျွန်တော် တမင်တကာပင် ဆရာ ဆိုသည့် စကားကို ထည့်ပြောလိုက်သည်။ ထိုအခါမှ ကိုထိန်နှင့်ပါလာသူလည်း ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ ဖြစ်သွားသည်။ နာရီဝက်ခန့်ရှိသောအခါ ကျွန်တော် ကောက်ချက်ချနိုင်တော့သည်။

“ ခင်ဗျားဟာက ရောဂါမဟုတ်ဘူးဗျ၊ ဆရာဝန်ဆီ မသွားတာလည်း မှန်တယ်၊ စိတ်ကျန်းမာရေးဆရာဝန်ဆီသွားလည်း ခင်ဗျားကို ဝေဒနာရှင်အဖြစ် သတ်မှတ်မှာပဲ၊ အမှန်က ဒီလိုဗျ ”

“ ပြောပါဆရာ၊ ပြောပါ ”

ထိုသူ့လေသံက ရို့ကျိုးမှုနှင့်အတူ တက်ကြွလာသည်။

“ တကယ်က ခင်ဗျားက စိတ်ဖိစီးမှု ဖြစ်နေတာ၊ စိတ်ဖိစီးတော့ မပျော်မရွှင် ဖြစ်တော့တာပေါ့၊ အဲဒီတော့ ”

“ ဟုတ်ကဲ့ ပြောပါဆရာ ”

“ ခင်ဗျား ပျော်ပျော်ရွှင်ရွှင်နေရမယ်၊ ကျန်တဲ့အချိန် အားတဲ့အချိန်မှာ နေလို့ရပေမဲ့ အလုပ်မှာ နေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်နေဖို့က ခက်တတ်တယ်၊ ဒါ့ ကြောင့် အလုပ်မှာ ပျော်ပျော်နေဖို့ပိုလိုတယ် ”

“ ဘယ်လို ပျော်အောင် နေမလဲဆရာ ”

“ သီချင်းဆိုဗျာ၊ သီချင်းလေး တအေးအေးနဲ့ဆို စိတ်ဖိစီးမှု လျော့စေတယ်ဗျ”

“ ဟာ မဖြစ်နိုင်ပါဘူးဆရာရယ် သီချင်းဆိုဖို့ဆိုတာ ”

“ အလုပ် လုပ်ရင်း သီချင်းဆိုတာ မခက်ပါဘူးဗျာ ”

“ ကျွန်တော့်အတွက်တော့ ခက်တာထက်ကို ပိုပါတယ်ဆရာရယ် ”

“ သီချင်းတစ်ပုဒ်မဟုတ်တောင် သီချင်းတစ်ပိုဒ်လောက်တော့ ခင်ဗျားရမှာပါ၊ ကြိုးစားကြည့်ပါဗျ ခက်တာမှတ်လို့ ”

“ သီချင်းက အပုဒ်ရာချီကို ရပါတယ်ဆရာ၊ ဒါ ပေမဲ့ ဆိုလို့ မဖြစ်လို့ပါ ”

ကျွန်တော်လည်း တင်းလာသည်။ ဒီလူ ကတ်တီးကတ်သတ် လုပ်နေတာဟု ထင်လာသည်။ လေသံလည်း တင်းသွားသည်

“ ဘာလို့ ဆိုလို့ မဖြစ်တာလဲဗျ”

ထိုသူက လေခိုးလည်သည့် အသံမျိုးဖြင့်

“ မဖြစ်ဆို ကျွန်တော်က ဇာတ်ထဲလိုက်နေရတာကိုး၊ နှဲဆရာဆိုတော့ အလုပ်လုပ်နေရင်း ဘယ်လိုလုပ် သီချင်းဆိုဖို့ ဖြစ်နိုင်မလဲဆရာရယ် ”

ကျွန်တော်လည်း ပူစီပေါင်း လေပြန်လျော့သံဖြင့်

“ ဟာ ခင်ဗျားဗျာ စောစောကပြောရောပေါ့ ”

“ ပြောမလို့ပဲဆရာရယ်၊ ဆရာက စွတ်တင်နေတာကိုး။ အဲဒါကြောင့် ဖိုးထိန်က ပြောတာ။ ငါ့သူငယ်ချင်းက လုပ်လိုက်ရင် အတည်ကြီး၊ ပြီးရင် တလွဲချည်းပဲတဲ့ ”

ကျွန်တော် ကိုထိန်ကို မျက်စောင်းထိုးသည်။ ဒင်းက ဆေးလိပ်ဖွာရင်း “ ငပိခြင်ထောင် ထောင်၊ မသိချင်ယောင် ဆောင်” နေသည်။

“ ဒါပေမဲ့ ကိစ္စမရှိဘူးဆရာ၊ တလွဲပြော တလွဲတွေလုပ်နေတဲ့ ဆရာ့ကြည့်ပြီး ကျွန်တော် စိတ်ဖိစီးမှုလည်း လျော့သွားပါပြီ၊ ဝေဒနာ သက်သာဖို့က အဓိကပဲလေ ဆရာရဲ့ ”

သူက လက်ဆွဲနှုတ်ဆက်သည့်တိုင် ကျွန်တော့်မှာ အီလည်လည်နှင့်။

ထိုနေ့က စကားအတော်အတန်ပြောပြီးမှ ကိုထိန်နှင့် ထိုသူ ပြန်သွားကြလေသည်။ ထိုသူသည် မကြာမကြာပင် အလည်လာ၏။ အစပိုင်းတွင် ကိုထိန်နှင့်အတူလာ၏။ နောက်ပိုင်းတွင် ၎င်းချည်းသာ အလည်လာလေတော့၏။ ယခုအခါတွင် ၎င်းနှင့် ကျွန်တော်သည် မိတ်ဆွေရင်းချာပင် ဖြစ်နေပြီဖြစ်သည်။ ထိုသူ၏ အမည်ကို ကျွန်တော်၏ သူငယ်ချင်းများက ကောင်းစွာသိသည်။ ကိုထိန်မှအပ ထိုသူ၏ အမည်ကို ပြောပြနိုင်သူ မည်သူ့ကိုမဆို ပေါက်စီရသည့် လက်ဖက်ရည်ဆိုင်တွင် ဝမ်းသာအားရကျွေးမွေးလို၍ ဤစာကို ရေးလိုက်ရခြင်း ဖြစ်ပါသည်။

(မှတ်ချက်။        ။ ထိုသူမှာ ရင်းနှီးခင်မင်နေသည့်တိုင် ကျွန်တော့်ကို ဆရာဟု ခေါ်နေသူဖြစ်သည်။)

ရှဉ့်ညိုလေး

(၂၉.၁၂.၂၀၂၁ နေ့လည် ၂ နာရီ ၈ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း