ကိုယ့်စိတ်နဲ့ ကိုယ့်ဘဝ


 
ကိုယ့်စိတ်နဲ့ ကိုယ့်ဘဝ

            ကျွန်တော် သူ့ဖန်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့စိတ်နဲ့သူ့ကိုယ် ရိုးရိုးသားသား နေတာကို ကြိုက်တယ်။ ဟိုတယ်လုပ်တုန်းက (Reception) နဲ့နီးတဲ့ သူ့အခန်း မနက်စောစော ရောက်သွားဖူးတယ်။ သူ့အမျိုးသမီးလည်း ရှိတယ်။ သူက သူ့အမျိုးသမီးကိုလှည့်စကားပြောနေရင်း ကျွန်တော့်ကို တံခါးဖွင့်ပေးတယ်။ အပြင်မှာ သူ့ကို ပထမဆုံး မြင်ဖူးတာပေါ့။

စွပ်ကျယ်အဖြူကို တမင်ဖြဲထားတဲ့ ဒီဇိုင်းမျိုးနဲ့တွေ့တော့ နည်းနည်းထူးဆန်းသွားတယ်။ ကျွန်တော်တို့တွေ့ဖူးတာ ဟိုတယ်လာရင် ဒီဇိုင်းအလန်းတွေနဲ့ ဒါမှမဟုတ် သပ်သပ်ရပ်ရပ်ဝတ်စားထားသူတွေပဲ မဟုတ်လား။ ကျွန်တော့်စိတ်ထဲ အံ့ဩသလိုခံစားမိတာကလွဲလို့ လှောင်ပြောင်လိုစိတ်၊ အထင်သေးစိတ်၊ အထင်ကြီးစိတ် ဘာမှဖြစ်မသွားပါဘူး။ ရိုးရိုးသားသားပြောရရင် သဘောကျစိတ်တော့ ဖြစ်သွားတယ်။ ဘယ်သူ့မှ မထိခိုက်ရင် ကိုယ်နေတတ်သလို၊ နေချင်သလိုနေတဲ့ သူ့စိတ်ကိုပါ (ကျွန်တော်က အဲဒီလိုနေရတာကို သဘောကျတယ်။)။ နောက်ပြီး သူများက ဘယ်လိုထင်မလဲ၊ ပြောမလဲဆိုတာကို လစ်လျူရှုနိုင်တဲ့ သူ့စိတ်ကိုပါ။ (ကျွန်တော်ကတော့ လစ်လျူမရှုနိုင်ဘူး၊ စန်းစန်းတင့် သိပ်ဖြစ်တယ်။)။ ၉၉/၂၀၀၀ လောက်တုန်းက ကွန်မန်ဒိုဘောင်းဘီဝတ်လို့ တောက်တဲ့ကြီး၊ တောက်ကျားကြီးနဲ့ ပြောင်တဲ့တစ်ယောက်တောင် နှိပ်နှိပ်နယ်နယ် တွယ်ပစ်တာ။ နောက်တော့လည်း ကိုယ့်စိတ်သိပြီး သူငယ်ချင်းအရင်းကြီး ဖြစ်သွားရော။ ပြောချင်တာက တော်တန်ရုံစိတ်နဲ့ သူများကိုအရေးလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်ကို မကျော်လွှားနိုင်သူတွေ များတယ် မဟုတ်လား။

            ကျွန်တော်ရဲ့အိုက်ဒေါထဲမှာမပါပေမဲ့ လှောင်ပြောင်တာ၊ ရိုင်းစိုင်းတာမျိုးပြောရင် မကြိုက်ဘူးဗျ။ ကြားထဲက အဲဒီလူရဲ့ရိုင်းစိုင်းမှုအတွက် အားနာမိသလိုလို ဘာလိုလိုပေါ့။ တစ်ခါလည်း သူ့အမျိုးသမီး အစားအသောက်စားနေတုန်း ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ ဖွတာတွေ့မိသေးတယ်။ လူတွေ အိပ်နေချိန်၊ သမ်းဝေနေချိန်၊ အစာစားချိန်မှာ ဘယ်လိုလုပ် လှမလဲဗျာ။ အဲဒီလို အောက်တန်းကျတဲ့စိတ်နဲ့ ဖွတဲ့သူတွေကို မကြိုက်ဘူးဗျ။

            ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယုတ်မာမှုကတော့ ယုတ်မာမှုပဲဗျ။ အမှန်တရားကို ပြောဆိုရာမှာတော့ ငြင်းခုန်မှုတွေ ရှိနိုင်ပေမယ့် ယုတ်မာမှုကတော့ မြင်သာပါတယ်။ ယုတ်မာတဲ့အမှုကို အားပေးရင်၊ အားရနေရင် ဒါဟာ သူလည်း ယုတ်မာတဲ့ လူတစ်ယောက်မို့လို့ပါပဲ။

            ဟိုတယ်လိုက်ဖ်မှာလုပ်တုန်းက ကျွန်တော့်ကို ခင်ချင်ပါတယ်ဆိုတဲ့ ညီငယ်တစ်ယောက်က ပုဂ္ဂလ်ရေးစော်ကားဖူးတယ်။ ကျွန်တော်စိတ်ဆိုးခဲ့ပေမဲ့ သူ့ရဲ့ရိုင်းပျမှုကို ခွင့်လွှတ်ခဲ့ပါတယ်။ အခု အဲဒီတစ်ယောက်က ယုတ်မာမှုကို အားရနေတယ်၊ ကျေနပ်နေတယ်၊ ပျော်နေတယ်။ ဒါနဲ့ ကျွန်တော့်ရဲ့စာရင်းထဲက ထုတ်ပစ်လိုက်ပါတယ်။ ကျွန်တော်လူယုတ်မာအားပေးတဲ့၊ လူယုတ်မာစိတ်ရှိတဲ့သူနဲ့ မိတ်ဆွေ မဖြစ်ချင်ဘူးလေ။ (ရိုင်းပြတဲ့သူနဲ့ မိတ်ဆွေဖြစ်ရတာလည်း စိတ်မချမ်းသာရပါဘူး။ တခြားလူအပေါ်ရိုင်းပြထားတာသိတော့ ဘယ်အချိန် ကိုယ့်ကို လာရိုင်းမလဲဆိုတဲ့ အတွေးလည်း ဝင်မိတာကိုး။)

            ကျွန်တော်တို့ သူများစိတ်နဲ့ နေလာတာ ကြာပြီဗျ။ မကြိုက်ပေမဲ့ ဆိတ်ဆိတ်နေခဲ့ဖူးတယ်။ မကောင်းပေမဲ့ အားနာပြီး ပေါင်းခဲ့ဖူးတယ်။ အခုတော့ တခြားသူ မထိခိုက်ဘူးဆိုရင် ကိုယ်စိတ်ရင်းအတိုင်း နေသင့်တဲ့အသက်အရွယ်တစ်ခုကို ရောက်လာပြီ။ အားနာစိတ်နဲ့ လုပ်နေတဲ့ ကျွန်တော်တို့ရဲ့ အကျင့်တွေကို ပြင်ရတော့မယ်။ ချည်နှောင်မှုတစ်ခုက လျော့သွားတယ်၊ ပေါ့သွားတယ်လို့တော့ ခံစားမိပါတယ်။ ဒါဟာလည်း ကျွန်တော့်ရဲ့ အယူအဆသက်သက်၊ ခံစားမှုသက်သက်ပါ။

စာက သူတို့လင်မယားပုံတင်ပြီး သရော်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ပို့စ်ကိုတွေ့ပြီး တွေးမိသွားတာလေးတွေ ချရေးလိုက်တာပါ။ ခင်ဗျားနဲ့ ကျွန်တော် အယူအဆတူချင်မှ တူပါလိမ့်မယ်။ မတူတဲ့အတွက် ညှိဖို့လည်း စိတ်မကူပါဘူး။ ဆွေးနွေးညှိနှိုင်းဆိုတာ ပိုကွဲပြဲဖို့ပဲလေ။ (ငြင်းခုန်ရတာကိုလည်း မနှစ်သက်ဘူးလေ။)။ စာဖတ်ပြီး မပျော်ရင် ကျော်သွား၊ ပျော်ရင်တော့ ကော်သွားလို့ ရပါတယ်။ အားလုံးပဲ ရှင်သန်တဲ့နေ့တွေထဲက အဓိပ္ပါယ်ရှိတဲ့ နေ့လေးတစ်ခု ဖြစ်ပါစေ။

ရှဉ့်ညိုလေး

(၂၆.၁၂.၂၀၂၁ နေ့လည် ၁၂ နာရီ ၃၄ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း